နိဒါန်း – အမြင်မှားခြင်း၏ အစ

ရဟန်းရှင်လူ မိတ်ဆွေအပေါင်းတို့… ကျွန်တော်တို့ နေထိုင်ရာ လောကကြီးမှာ အရာရာကို “အမြင်” နဲ့ ဆုံးဖြတ်လေ့ ရှိကြပါတယ်။ ရွှေရောင် တဖိတ်ဖိတ် တောက်နေတဲ့ စေတီကို မြင်ရင် “သာသနာ တောက်ပလိုက်တာ” လို့ ထင်ကြတယ်။ လူအုပ်ကြီး တိုးဝှေ့ပြီး လှူဒါန်းနေကြတာကို မြင်ရင် “သဒ္ဓါတရား ထက်သန်လိုက်တာ” လို့ ထင်ကြတယ်။ ထို့အတူပါပဲ… သင်္ကန်းဝတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ပါးကို မြင်လိုက်ရင် “ဩော်… ရဟန်းပါလား၊ ဘုရားသားတော်ပါလား” ဆိုပြီး အလွယ်တကူ သတ်မှတ်လိုက်ကြတယ်။

ဒါဟာ လောကဝေါဟာရ အနေနဲ့ မှန်ကောင်း မှန်ပါလိမ့်မယ်။ ဒါပေမဲ့ “ဓမ္မ” အမြင်၊ “သစ္စာ” အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့… ဒီအယူအဆဟာ အတော်လေး လိုအပ်ချက် ရှိနေပါသေးတယ်။ ကျွန်တော် ဒီနေ့ မေးခွန်းထုတ်ချင်တာက… “သင်္ကန်း” ဆိုတဲ့ အဝတ်အထည် တစ်ခုဟာ ပုထုဇဉ် လူသားတစ်ယောက်ကို “ရဟန်းမြတ်” တစ်ပါး ဖြစ်သွားအောင် ပြောင်းလဲပေးနိုင်တဲ့ စွမ်းအား ရှိသလား ဆိုတာပါပဲ။

ဈေးထဲက အဝတ်အထည်ဆိုင်မှာ ဝယ်လို့ရတဲ့ သင်္ကန်းတစ်စုံကို ဝယ်ဝတ်လိုက်ရုံနဲ့… ခင်ဗျားရဲ့ စိတ်နှလုံးဟာ အလိုလိုနေရင်း စင်ကြယ်သွားမှာတဲ့လား။ ဆံပင်ကို ရိတ်ပယ်လိုက်ရုံနဲ့… ခင်ဗျားရဲ့ ခေါင်းထဲက မကောင်းတဲ့ အတွေးတွေပါ ရိတ်ပယ်ပြီးသား ဖြစ်သွားမှာတဲ့လား။ မဖြစ်ပါဘူး။ လုံးဝ မဖြစ်နိုင်ပါဘူး။

ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက… ဒီနေ့ခေတ် ဗုဒ္ဓဘာသာဝင် အများစု (ရဟန်းရော၊ လူရော) ဟာ ဒီ “ပုံသဏ္ဌာန်” ကိုပဲ “အနှစ်သာရ” လို့ ထင်မှတ်မှားပြီး လမ်းဆုံးနေကြတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ “ရဟန်း” ဆိုတာ ဘာလဲ၊ “ဘိက္ခု” ဆိုတာ ဘာလဲ၊ “အရိယာ” ဆိုတာ ဘာလဲ ဆိုတာတွေကို အူမချေးခါး မကျန် ခွဲစိတ် စစ်ဆေးသွားပါမယ်။

အပိုင်း (၁) – “ဘိက္ခု” နှင့် “သမဏ” ကွဲပြားခြင်း

ရှေးဦးစွာ ကျွန်တော်တို့ ဝေါဟာရတွေကို ရှင်းလင်းအောင် လုပ်ရပါမယ်။ လူတွေက သင်္ကန်းဝတ်ထားသူကို “ဘုန်းကြီး၊ ရဟန်း၊ ကိုယ်တော်၊ အရှင်ဘုရား” စသဖြင့် မျိုးစုံ ခေါ်ဝေါ်ကြတယ်။ ဒါပေမဲ့ ဗုဒ္ဓစာပေမှာတော့ အဓိကအားဖြင့် “ဘိက္ခု” နဲ့ “သမဏ” ဆိုပြီး ရှိပါတယ်။

(က) ဘိက္ခု – ဥပဒေအရ ရဟန်းဖြစ်ခြင်း “ဘိက္ခု” ဆိုတဲ့ စကားလုံးရဲ့ မူရင်းအဓိပ္ပာယ်က “တောင်းစားသူ” ဖြစ်ပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး စီးပွားမရှာတော့ဘဲ၊ သူတစ်ပါး လှူဒါန်းတဲ့ အစာကို မှီဝဲပြီး အသက်ရှင်သူလို့ ဆိုလိုပါတယ်။ ဝိနည်းဥပဒေအရ ကြည့်မယ်ဆိုရင်တော့… သိမ်ထဲဝင်၊ ကမ္မဝါ ဖတ်၊ ဉာတ်ကမ္မဝါစာ ရွတ်ဖတ်ပြီး သံဃာ့အလယ်မှာ ရဟန်းအဖြစ် ခံယူလိုက်တာနဲ့ “ဘိက္ခု” ဖြစ်ပါပြီ။ ဒါဟာ “Status” (အဆင့်အတန်း) တစ်ခုသာ ဖြစ်ပါတယ်။ ဘိက္ခု ဖြစ်သွားပြီး အာဟုနေယျသုတ်အတိုင်း ကျင့်ကြံမယ်ဆိုရင် လူတွေရဲ့ ရှိခိုးမှုကို ခံယူခွင့် ရမယ်။ ဆွမ်း သင်္ကန်း ခံယူခွင့် ရမယ်။ သံဃာ့ကိစ္စတွေမှာ ပါဝင်ခွင့် ရမယ်။ ဒါပေမဲ့… အဲဒီ “ဘိက္ခု” ဖြစ်ခြင်းက ခင်ဗျားရဲ့ စိတ် ကို ပြောင်းလဲပေးနိုင်သလား။ မပြောင်းလဲပါဘူး။ ခင်ဗျားက မနေ့ကအထိ လောဘကြီးတဲ့ လူတစ်ယောက် ဆိုရင်၊ ဒီနေ့ ဘိက္ခု ဖြစ်သွားလည်း လောဘကြီးတဲ့ ဘိက္ခု တစ်ပါး ဖြစ်နေဦးမှာပါပဲ။ ခင်ဗျားက ဒေါသကြီးတဲ့ လူတစ်ယောက် ဆိုရင်၊ သင်္ကန်းဝတ်လိုက်လည်း ဒေါသကြီးတဲ့ ဘိက္ခု တစ်ပါးပဲ ဖြစ်နေဦးမှာပါပဲ။

(ခ) သမဏ – စိတ်ဓာတ်အရ ရဟန်းဖြစ်ခြင်း ဒါကမှ ဘုရားရှင် တကယ် လိုချင်တဲ့ အဆင့် ဖြစ်ပါတယ်။ “သမဏ” ဆိုတာ “သမ” (ငြိမ်းအေးစေခြင်း) + “ဏ” (သူ)၊ ဆိုလိုတာက “ကိလေသာများကို ငြိမ်းအေးအောင် ပြုလုပ်နေသူ” လို့ အဓိပ္ပာယ် ရပါတယ်။ ဘုရားရှင်က “ခေါင်းတုံးထားရုံနဲ့ သမဏ မဟုတ်၊ သစ်သီးသစ်ဥ စားရုံနဲ့ သမဏ မဟုတ်၊ တောထဲနေရုံနဲ့ သမဏ မဟုတ်” လို့ ရှင်းရှင်းလင်းလင်း ဟောခဲ့ပါတယ်။ ဘယ်သူမဆို (လူဖြစ်စေ၊ ရဟန်းဖြစ်စေ) သူ့ရဲ့ စိတ်ထဲမှာ လောင်မြိုက်နေတဲ့ ကိလေသာ မီးတွေကို ငြှိမ်းသတ်ဖို့ ကြိုးစားနေမှသာလျှင် “သမဏ” မည်ပါတယ်။
ဒါကြောင့်… သိမ်ဝင်ပြီး ဘိက္ခု ဖြစ်ထားသော်လည်း၊ စိတ်ထဲမှာ ကိလေသာ ငြိမ်းဖို့ မကြိုးစားရင် အဲဒီပုဂ္ဂိုလ်ဟာ “သမဏ” (ရဟန်းစစ်) မဟုတ်ပါဘူး။ “သင်္ကန်းဝတ်ထားသော ပုထုဇဉ် ဘိက္ခု” သက်သက်သာ ဖြစ်ပါတယ်။

အပိုင်း (၂) – သင်္ကန်းသည် ယူနီဖောင်း မျှသာ

လောက ဥပမာလေး တစ်ခု ပြောပြချင်ပါတယ်။ ဆရာဝန် ဂျူတီကုတ်ဝတ်ထားပြီး နားကြပ်ဆွဲထားတဲ့ လူတစ်ယောက်ကို မြင်ရင် ခင်ဗျား ဘာထင်မလဲ။ “သူက ငါ့ရောဂါကို ကုပေးမယ့် ဆရာဝန်ပဲ၊ သူ့လက်ထဲ ငါ့အသက်ကို ပုံအပ်လို့ ရတယ်” လို့ ယုံကြည်မယ်။

ဒါပေမဲ့… အဲဒီ ဂျူတီကုတ်အောက်က လူဟာ ဆေးပညာ လုံးဝ မတတ်ဘဲ၊ ခွဲစိတ်ကုသမှု မလုပ်တတ်ဘဲ ဟန်ဆောင်ဝတ်ထားတာ ဆိုရင်ရော…။ အဲဒီ ဂျူတီကုတ်ဖြူကြီးက သူ့ကို “ဆရာဝန်စစ်” ဖြစ်သွားအောင် လုပ်ပေးနိုင်မလား။ လူနာကို ရောဂါပျောက်အောင် လုပ်ပေးနိုင်မလား။ မလုပ်ပေးနိုင်ပါဘူး။ သူဟာ “ဂျူတီကုတ်ဝတ်ထားတဲ့ လူလိမ်” သက်သက်သာ ဖြစ်ပါလိမ့်မယ်။ တကယ်တမ်း ကုသရမယ့် အချိန်ရောက်ရင် လူနာကို ဒုက္ခပေးမယ့် “လူသတ်သမား” တောင် ဖြစ်သွားနိုင်ပါတယ်။

ထို့အတူပါပဲ။ “သင်္ကန်း” ဆိုတာ “ကိလေသာ တိုက်ဖျက်ရေး တပ်ဖွဲ့” ရဲ့ ယူနီဖောင်း ဖြစ်ပါတယ်။ ဒီယူနီဖောင်းကို ဝတ်ဆင်ခွင့် ရထားသူဟာ “ငါ ကိလေသာကို တိုက်ဖျက်တော့မယ်” လို့ ကတိဝန်ခံထားသူ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့… ကိလေသာ (ရန်သူ) ကို မတိုက်ဘဲ၊ ကိလေသာနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ ကိလေသာနဲ့ ပေါင်းသင်း၊ ကိလေသာနဲ့ အိပ်စက်နေမယ် ဆိုရင်… ခင်ဗျားဟာ သာသနာ့ဝန်ထမ်း မဟုတ်ပါဘူး။ သာသနာ့ သစ္စာဖောက် ဖြစ်နေပါလိမ့်မယ်။

ဘုရားရှင် ဟောဖူးတဲ့ တရားတစ်ပုဒ် ရှိပါတယ်။ “လည်ပင်းမှာ သင်္ကန်းကို ရစ်ပတ်ထားပြီး၊ စိတ်ထဲမှာတော့ ယုတ်မာတဲ့ အကုသိုလ်တွေ ရှိနေရင်… အဲဒီလူဟာ လယ်ကွင်းထဲက စာခြောက်ရုပ်နဲ့ ဘာမှ မထူးဘူး” တဲ့။ စာခြောက်ရုပ် ဆိုတာ အဝေးကကြည့်ရင် လူနဲ့ တူတယ်။ လယ်သမားနဲ့ တူတယ်။ ဒါပေမဲ့ အနားသွားကြည့်လိုက်ရင် ကောက်ရိုးတွေ၊ အဝတ်စုတ်တွေနဲ့ လုပ်ထားတဲ့ အရုပ်အသေကြီး ဖြစ်နေတယ်။ အပြင်ပန်းက ကြည့်ရင်တော့ လူလိုလို၊ ရဟန်းလိုလိုနဲ့… အတွင်းထဲမှာတော့ ကောက်ရိုးတွေ (ကိလေသာတွေ) နဲ့ ပြည့်နှက်နေတာကို ဆိုလိုတာပါ။

ရဟန်းသံဃာတော်များ ခင်ဗျာ… အရှင်ဘုရားတို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြပါ။ “ငါဟာ သက်ရှိ ရဟန်းလား၊ သက်မဲ့ စာခြောက်ရုပ်လား”။ သင်္ကန်းကို အားကိုးပြီး လူတွေကို လှည့်ဖြားနေတာလား၊ ဒါမှမဟုတ် တကယ့် “သီလ၊ သမာဓိ၊ ပညာ” ဂုဏ်ကျေးဇူးတွေနဲ့ ပြည့်စုံအောင် နေတာလား။

အပိုင်း (၃) – ဘိက္ခု တစ်ပါး၏ “အလုပ်”

လူတစ်ယောက်က “ကျွန်တော် ထမင်းဆိုင် ဖွင့်ထားတယ်” လို့ ပြောတယ်။ ဒါပေမဲ့ သူ့ဆိုင်မှာ ထမင်းမချက်ဘူး၊ ဟင်းမရှိဘူး၊ ရောင်းလည်း မရောင်းဘူး ဆိုရင်… သူ့ကို “ထမင်းဆိုင်ပိုင်ရှင်” လို့ ခေါ်မလား။ မခေါ်ပါဘူး။ “လူလိမ်” လို့ပဲ ခေါ်မှာပါ။ လောကမှာ ဘယ်အရာမဆို သူ့ရဲ့ “လုပ်ဆောင်ချက်” ပေါ်မှာ မူတည်ပြီး တန်ဖိုးဖြတ်ရပါတယ်။

ဒါဆိုရင် ဘိက္ခု (ရဟန်း) တစ်ပါးရဲ့ အလုပ် က ဘာလဲ။

  • စာသင်တာလား။ (စာသင်တာ ဆရာအလုပ်ပါ)
  • ဘုရားတည်တာလား။ (ဘုရားတည်တာ အင်ဂျင်နီယာ/ ပန်းရံ အလုပ်ပါ)
  • ဗေဒင်ဟောတာလား။ (ဗေဒင်ဟောတာ ဗေဒင်ဆရာ အလုပ်ပါ)
  • လူမှုရေး လုပ်တာလား။ (လူမှုရေးက NGO အလုပ်ပါ)

ရဟန်းရဲ့ “ပင်မအလုပ်” က တစ်ခုတည်း ရှိပါတယ်။ “မိမိသန္တာန်မှာ ရှိတဲ့ ရုပ်/နာမ် ဓမ္မတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့ မြင်အောင် ကြည့်ပြီး (ဝိပဿနာရှုပြီး) ကိလေသာ သတ်ခြင်း” ပါ။ ဒါဟာ တခုတည်းသော အလုပ်ပါ။ မလုပ်မဖြစ် လုပ်ရမယ့် အလုပ်ပါ ကျန်တဲ့ သာသနာအကျိုး ဆိုတာ “ဘေးပေါက် အလုပ်” တွေသာ ဖြစ်ပါတယ်။ ပင်မအလုပ်ကို ပစ်ထားပြီး ဘေးပေါက်အလုပ်တွေနဲ့ပဲ အချိန်ကုန်နေမယ် ဆိုရင်… အဲဒီ ပုဂ္ဂိုလ်ဟာ “အလုပ်လက်မဲ့ ရဟန်း” သာ ဖြစ်ပါတယ်။ အလုပ်မလုပ်ဘဲ လစာ (ဆွမ်း) ယူစားနေတဲ့ ဝန်ထမ်းဆိုး တစ်ယောက်နဲ့ တူနေပါလိမ့်မယ်။

ဒီနေ့ခေတ် ကျောင်းတိုက်ကြီးတွေကို ကြည့်လိုက်ပါ။ ဘွဲ့တံဆိပ်တွေ၊ အဆောက်အဦးတွေ၊ ပရိသတ်တွေနဲ့ စည်ကားနေပါတယ်။ ဒါပေမဲ့ “ကိလေသာ သတ်ခြင်း” ဆိုတဲ့ အလုပ်ရုံ လည်ပတ်နေတာ ဘယ်နှစ်ကျောင်း ရှိသလဲ။ စာသင်သားတွေ စာမေးပွဲအောင်ဖို့ပဲ ကြိုးစားနေကြတယ်။ ကျောင်းထိုင်တွေ ကျောင်းကြီးဖို့ပဲ ကြိုးစားနေကြတယ်။ ဓမ္မကထိကတွေ နာမည်ကြီးဖို့ပဲ ကြိုးစားနေကြတယ်။ အဲဒီ “ကြိုးစားမှု” တွေ အားလုံးဟာ… ရဟန်းအလုပ်နဲ့ ဘာမှ မဆိုင်ပါဘူး။ လူဝတ်ကြောင်တွေရဲ့ “လောကီ အောင်မြင်မှု” ပုံစံမျိုးနဲ့ ထပ်တူပါပဲ။

အပိုင်း (၄) – လူဝတ်ကြောင် နှင့် ဘာကွာသလဲ

အရှင်ဘုရားတို့… မနက်အိပ်ရာထလို့ မျက်နှာသစ်တဲ့အခါ မှန်ထဲက ကိုယ့်ပုံစံကို ပြန်ကြည့်ပါ။ “ငါ ခေါင်းတုံးထားတယ်၊ ငါ သင်္ကန်းဝတ်ထားတယ်။ ဒါပေမဲ့… ငါ့စိတ်ကရော လူဝတ်ကြောင်တွေနဲ့ ဘာကွာသလဲ” လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။

စိတ်ဓာတ် စစ်ဆေးခန်း ထဲ ဝင်ကြည့်ရအောင်။

၁။ အာရုံခံစားမှု

  • လူဝတ်ကြောင် တစ်ယောက်က ကောင်းတဲ့ အစားအစာ စားရရင် “ကောင်းလိုက်တာ၊ ထပ်စားချင်တယ်” လို့ တပ်မက်တယ်။ (လောဘ)
  • အရှင်ဘုရားရော……ဆွမ်းကောင်းကောင်း ဘုဉ်းပေးရရင် “မြိန်လိုက်တာ” လို့ မတွေးမိဘူးလား။ ဒကာမကြီးကို “နောက်တစ်ခါ ဒါလေး ချက်ခဲ့နော်” လို့ မမှာမိဘူးလား။
  • တူနေရင်… အရှင်ဘုရားက “သင်္ကန်းဝတ်ထားတဲ့ လူ” ပါပဲ။
  • ၂။ ပိုင်ဆိုင်မှု အစွဲ
  • လူဝတ်ကြောင်တွေက “ဒါ ငါ့အိမ်၊ ငါ့ခြံ၊ ငါ့ပိုက်ဆံ” လို့ စွဲလမ်းတယ်။ ပျောက်သွားရင် ငိုတယ်။အရှင်ဘုရားရော… “ဒါ ငါ့ကျောင်း၊ ငါ့တပည့်၊ ငါ့ဒါယကာ” လို့ မစွဲဘူးလား။ တခြားဘုန်းကြီးက ကိုယ့်ဒါယကာကို ဆွဲဆောင်သွားရင် မနာလို မဖြစ်ဘူးလား။
  • တူနေရင်… အရှင်ဘုရားက “ခေါင်းတုံးထားတဲ့ လူ” ပါပဲ။
  • ၃။ မာန
  • လူတွေက “ငါ့ရာထူး၊ ငါ့ပညာ” ဆိုပြီး မာနတက်တယ်။
  • အရှင်ဘုရားရော… “ငါ့ဘွဲ့၊ ငါ့ဝါ၊ ငါ့စာတတ်မှု” ဆိုပြီး မာန မတက်ဘူးလား။ ငယ်ဖြူမို့လို့၊ စာတတ်မို့လို့ ဆိုပြီး တခြားရဟန်းတွေကိုအထင်မသေးဘူးလား။
  • တူနေရင်… အရှင်ဘုရားက “ဘိက္ခု အမည်ခံ လူ” ပါပဲ။
  • ရိုးရိုးသားသား ဝန်ခံကြစို့ဗျာ။ အပြင်ပန်း ပုံသဏ္ဌာန် ပြောင်းသွားရုံနဲ့ အတွင်းစိတ်က မပြောင်းဘူးဆိုတာ ထင်ရှားနေပါတယ်။ “သင်္ကန်း” ဆိုတာ အရေပြားပေါ်မှာပဲ ရှိတာပါ။ နှလုံးသားထဲအထိ စိမ့်ဝင်မသွားပါဘူး။ နှလုံးသားထဲအထိ စိမ့်ဝင်သွားဖို့ဆိုရင် “ဝိပဿနာ” ဆိုတဲ့ ဆေးကို မဖြစ်မနေ သောက်မှ ရပါမယ်။
  • အပိုင်း (၅) – အမွေခံမလား၊ အကြွေးယူမလား
  • ရဟန်းဘဝရဲ့ အန္တရာယ် အကြီးဆုံးအပိုင်းကို ပြောပြချင်ပါတယ်။ အဲဒါကတော့ “စားသုံးခြင်း” ပါ။ လူဝတ်ကြောင်တွေက ကိုယ့်လုပ်အားနဲ့ ကိုယ်ရှာဖွေ စားသောက်ကြတယ်။ သူတို့မှာ ကြွေးမတင်ပါဘူး။ ရဟန်းတွေကတော့ သူတစ်ပါးရဲ့ လုပ်အား (ချွေးနည်းစာ) ကို အလကား ယူပြီး စားသောက်နေရတာပါ။
  • မြတ်စွာဘုရားက ဆွမ်းစားခြင်း (၄) မျိုး ဟောခဲ့တယ်။ အဲဒီထဲမှာ အဆိုးဆုံးက “ဣဏပရိဘောဂ” – အကြွေးယူပြီး စားခြင်း ပါ။ သီလတော့ ရှိပါရဲ့၊ ဒါပေမဲ့ တရားမရသေးဘဲ (ပုထုဇဉ် သီလဝန္တ အနေနဲ့) စားခြင်းကို ဆိုလိုပါတယ်။ အရှင်ဘုရားတို့ အများစုဟာ ဒီအဆင့်မှာ ရှိနေပါတယ်။
  • မြတ်စွာဘုရား အလှူခံခွင့်ပြုထားတဲ့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး တွေဟာ အခမဲ့ မဟုတ်ပါဘူး။ မြတ်စွာဘုရားက “နိဗ္ဗာန် အထောက်အပံ့” ကို မျှော်လင့်ပြီး ရင်းနှီးမြှုပ်နှံထားတာပါ။ အရှင်ဘုရားတို့က မြတ်စွာဘုရားရဲ့ ရင်းနှီးမြှုပ်နှံမှုကို ယူထားပြီး၊ မြတ်စွာဘုရားလိုချင်တဲ့ “အမြတ်” ကို ပြန်မပေးနိုင်ရင်… အဲဒါ “အကြွေး” တင်တာပါပဲ။ ဒါကြောင့်လဲ မြတ်စွာဘုရားက အကြွေးယူပြီး ပြန်ဆပ်ဖို့ စိတ်ကူးမရှိတဲ့ သူဟာ လူယုတ်မာ ဆိုပြီး အရှင်ဘုရားတို့ကို တည့်တည့် ပြောထားတာပါ။
  • “ငါ သီလရှိတယ်၊ စာတတ်တယ်၊ ဒါကြောင့် စားထိုက်တယ်” လို့ မထင်ပါနဲ့။ သီလရှိရုံနဲ့ မလုံလောက်ပါဘူး။ “ဘုရားရှင်ရဲ့ သားတော်” အဖြစ် အမွေခံစားချင်ရင်… “အရိယာ” ဖြစ်မှ ရပါမယ်။ သောတာပန် မဖြစ်သေးသရွေ့… အရှင်ဘုရားတို့ စားသမျှ ထမင်းလုံးတိုင်းဟာ “အကြွေးစာရင်း” ထဲမှာ သွားပေါင်းနေတယ် ဆိုတာကို မမေ့ပါနဲ့။
  • ဘုရားရှင်က “သီလ မစင်ကြယ်ဘဲ၊ (သို့မဟုတ်) တရားအသိ မရှိဘဲ တိုင်းသူပြည်သားတွေရဲ့ ဆွမ်းကို စားရတာထက်… ရဲရဲတောက်နေတဲ့ သံခဲပူ ကို မျိုချလိုက်တာကမှ မြတ်သေးတယ်” လို့ ဟောခဲ့တာဟာ ခြောက်လှန့်ချင်လို့ ဟောတာ မဟုတ်ပါဘူး။ အမှန်တရားမို့လို့ ဟောတာပါ။
  • အပိုင်း (၆) – အနှစ်သာရကို ရှာဖွေခြင်း
  • ဒါဆိုရင် ဘိက္ခု (ရဟန်း) ဘဝမှာ အနှစ်သာရ ရှိအောင် ဘာလုပ်ရမလဲ။ အဖြေက ရှင်းရှင်းလေးပါ။ “ဘိက္ခု” ဘဝကနေ “အရိယာ” ဘဝကို ကူးပြောင်းပါ။
  • “ဘိက္ခု” ဆိုတာ လူတွေက ပေးတဲ့ ဘွဲ့ထူးပါ။ “အရိယာ” ဆိုတာ ကိုယ်တိုင် ကျင့်ကြံမှ ရတဲ့ ဂုဏ်ထူးပါ။
  • ၁။ သမုတိနယ်ပယ် မှ ရုန်းထွက်ပါ ကျောင်းတိုက် စည်းကမ်း၊ ဝိနည်း ဥပဒေ၊ စာမေးပွဲ၊ ပွဲလမ်းသဘင်… ဒါတွေအားလုံးဟာ “လောကီ” ကိစ္စတွေပါ။ ဒါတွေကို “ရဟန်းကိစ္စ” လို့ အထင်မမှားပါနဲ့။ ဒါတွေက သံသရာထဲမှာပဲ လည်စေမယ့် အရာတွေပါ။
  • ၂။ အလုပ်စစ်ကို လုပ်ပါ နေ့စဉ် အချိန်ပေးပြီး ဝိပဿနာ ရှုပါ။ ထိုင်နေတုန်း ရှုတာတင် မကပါဘူး။ ဆွမ်းစား၊ သင်္ကန်းဝတ်၊ လမ်းလျှောက်… အရာရာမှာ “သတိ” ကပ်ပါ။ “ငါ” ဆိုတဲ့ အကောင်အထည် မရှိဘဲ၊ ရုပ်နာမ် ဖြစ်စဉ်တွေသာ ဖြစ်ပျက်နေတာကို မြင်အောင် ကြည့်ပါ။
  • ၃။ သောတာပန် ပန်းတိုင်ထားပါ ရဟန္တာ မဖြစ်ရင်တောင်မှ၊ ဒီဘဝမှာ “သောတာပန်” ဖြစ်ကို ဖြစ်ရမယ်လို့ ဆုံးဖြတ်ချက် ချပါ။ သောတာပန် ဖြစ်မှသာ “ပုထုဇဉ်” ဘဝက လွတ်ပြီး “အရိယာ သံဃာ” စာရင်းထဲ ဝင်မှာပါ။ အဲဒီကျမှ အရှင်ဘုရား ဝတ်ထားတဲ့ သင်္ကန်းဟာ တန်ဖိုးရှိလာမှာပါ။
  • နိဂုံး – သင်္ကန်း၏ နောက်ကွယ်မှ အမှန်တရား
  • မိတ်ဆွေများ အားလုံး… “ရဟန်း” ဆိုတာ အပြင်ပန်း ပုံသဏ္ဌာန် မဟုတ်ပါဘူး။ အတွင်းစိတ်ရဲ့ အရည်အသွေး ဖြစ်ပါတယ်။
  • သင်္ကန်းဝတ်ထားရုံနဲ့ ကျေနပ်မနေပါနဲ့။ သင်္ကန်းဆိုတာ “အရိယာ ဖြစ်အောင် ကျင့်ပါ့မယ်” လို့ ကတိဝန်ခံထားတဲ့ သင်္ကေတ တစ်ခုပါ။ အဲဒီ ကတိအတိုင်း ဝိပဿနာ မကျင့်ဘူး ဆိုရင်… အဲဒီ သင်္ကန်းဟာ အရှင်ဘုရားတို့ကို သံသရာဝဋ်ဆင်းရဲကနေ ကယ်တင်နိုင်မှာ မဟုတ်ကြောင်း သတိပေးလိုက်ရပါတယ်။
  • ရဟန်းဆိုတာ… အလှူခံဖို့သက်သက် ဖြစ်လာတာ မဟုတ်ပါဘူး။ ကုသိုလ်ရှင်တွေကို ဆုပေးဖို့သက်သက် ဖြစ်လာတာ မဟုတ်ပါဘူး။ “သံသရာထောင်ကို ဖောက်ထွက်ပြဖို့” ဖြစ်လာတာပါ။
  • ထောင်ဖောက်မယ့်သူက ထောင်ထဲမှာ အိပ်ပျော်နေလို့ မရပါဘူး။ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ထောင်မှူးတွေကို တိုက်ခိုက်နေရမှာပါ။ အခု… အရှင်ဘုရားတို့ တိုက်ခိုက်နေရဲ့လား။ ဒါမှမဟုတ် သင်္ကန်းလေး ဝတ်ပြီး ထောင်မှူးတွေနဲ့ အဆင်ပြေအောင် ပေါင်းသင်းနေတာလား။
  • အဖြေက အရှင်ဘုရားတို့ရဲ့ နှလုံးသားထဲမှာ ရှိပါတယ်။ သင်္ကန်းကို ကြည့်မနေပါနဲ့။ စိတ်ကို ကြည့်ပါ။ ရဟန်း ဆိုတာ စိတ် မှာ ဖြစ်တာပါ။ ကိုယ် မှာ ဖြစ်တာ မဟုတ်ပါဘူး။
  • အမှန်တရားသည်သာ လွတ်မြောက်ရာ ဖြစ်သည်။
  • ထက်အောင်

Leave a Reply

Your email address will not be published. Required fields are marked *