လူအများစု တရားစအားထုတ်ကြပြီ ဆိုတာနဲ့ ပထမဆုံး လုပ်မိတဲ့ အမှားက “ငါ” ကို အရင် ရှေ့တန်းတင်လိုက်တာပါပဲ။ “ငါ တရားထိုင်မယ်။ ငါ စိတ်မပျံ့လွင့်အောင် ထိန်းမယ်။ ငါ ငြိမ်းချမ်းအောင် လုပ်မယ်…” စသဖြင့်ပေါ့။ ဒီလို “ငါ” ကနေ ဦးစီးပြီး လုပ်တဲ့အတွက် တရားထိုင်တာဟာ “ငါ့ အလုပ်” တစ်ခု ဖြစ်သွားတယ်။ ပင်ပန်းလာတယ်။ လိုချင်တာ မရရင် စိတ်ပျက်လာတယ်။
တကယ်တော့ ဗုဒ္ဓလမ်းစဉ်ဟာ “အတ္တ” ကို တည်ဆောက်တဲ့ လမ်းစဉ် မဟုတ်ပါဘူး။ “အနတ္တ” (အတ္တမရှိဘူး ဆိုတာ) ကို ရှာဖွေတဲ့ လမ်းစဉ်ပါ။ ဒါကြောင့် တကယ့် တရားစစ် တရားမှန် ဆိုတာ “တရားအားထုတ်သူ မရှိသော တရားအားထုတ်ခြင်း” သာ ဖြစ်ပါတယ်။
စိတ်ကို စိတ်နဲ့ ပြန်ကြည့်ခြင်း
ကျွန်တော်တို့ စိတ္တာနုပဿနာ (စိတ်ကို ရှုမှတ်ခြင်း) ရှုထောင့်ကနေ ကြည့်ရအောင်။ ယောဂီအများစုက စိတ်တိုရင် “ငါ စိတ်တိုနေတယ်” လို့ မှတ်ယူကြတယ်။ စိတ်လွင့်ရင် “ငါ စိတ်လွင့်နေတယ်” လို့ ထင်ကြတယ်။ ဒီမှာတင် “ငါ” ဆိုတဲ့ ကောင်က ဝင်လာပါပြီ။ “ငါ” က စိတ်တိုတာ၊ “ငါ” က စိတ်လွင့်တာ ဖြစ်သွားပြီ။ ဒါဟာ သက္ကာယဒိဋ္ဌိ (အတ္တဒိဋ္ဌိ) ပါ။
အမှန်က ဘယ်လို ဖြစ်ရမလဲ။ ဒေါသဖြစ်တဲ့ စိတ် ပေါ်လာရင်… “ဪ… ဒေါသစိတ် ပေါ်လာပါလား” လို့ သိ လိုက်ရုံပါပဲ။ “ငါ ဒေါသထွက်တယ်” မဟုတ်ဘူး။ “ဒေါသစိတ် ဖြစ်ပေါ်နေတယ်” လို့ပဲ မြင်ရမယ်။
ဒီနေရာမှာ ဖြစ်စဉ် နှစ်ခု ရှိပါတယ်။ ၁။ အရှုခံ – ဒေါသစိတ်၊ လောဘစိတ်၊ ပျံ့လွင့်စိတ်။ ၂။ အရှုဉာဏ် – အဲဒီစိတ် ပေါ်နေမှန်း ပျက်သွားမှန်း သိလိုက်တဲ့ “သိစိတ်”။
ဒီဖြစ်စဉ် နှစ်ခုမှာ “ထက်အောင်” ဘယ်နားမှာလဲ။ “ခင်ဗျား” ဘယ်နားမှာလဲ။ “ယောဂီ” ဘယ်နားမှာလဲ။ လုံးဝ ရှာမတွေ့ပါဘူး။ စိတ်အစဉ်အတန်း နှစ်ခုရဲ့ ဆက်စပ်မှု သက်သက်သာ ရှိပါတယ်။
ဧည့်သည်ကို ကြည့်သလို နေပါ
စိတ်ကို ရှုတဲ့အခါ အိမ်ရှင်က ဧည့်သည်ကို ကြည့်သလို နေပါ။ ကိုယ့်စိတ်အိမ်ထဲကို “ဒေါသ” ဆိုတဲ့ ဧည့်သည် ဝင်လာမယ်။ “လောဘ” ဆိုတဲ့ ဧည့်သည် ဝင်လာမယ်။ “အတွေး” ဆိုတဲ့ ဧည့်သည် ဝင်လာမယ်။ ခင်ဗျားက တံခါးဝကနေ ထိုင်ကြည့်ရုံပဲ။ “ဟော… ဒေါသ ရောက်လာပြန်ပြီ” “ပျက်သွားပြန်ပြီ”။ “ဟော… မုန့်စားချင်စိတ် ရောက်လာပြန်ပြီ” “ပျက်သွားပြန်ပြီ”။ “ဟော… အတိတ်ကို တွေးတဲ့စိတ် ရောက်လာပြန်ပြီ” “ပျက်သွာပြန်ပြီ”။
အဲဒီ ဧည့်သည်တွေကို နှင်ထုတ်ဖို့ မကြိုးစားပါနဲ့။ ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့။ အတ္တ (အတ္တဒိဋ္ဌိ) ကသာ ထိန်းချုပ်ချင်တာပါ။ အနတ္တ သဘောအရ သူတို့ဟာ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတာ၊ သူတို့သဘောနဲ့ သူတို့ ပေါ်လာတာ။ ခင်ဗျား တားလို့ မရပါဘူး။ ခင်ဗျား လုပ်ရမှာက သူတို့ ဖြစ်ပြီးပျက်သွားတာကို “သိ” နေဖို့ပဲ။ ဧည့်သည်ကို ဧည့်သည်မှန်း သိလိုက်ရင် သူက အိမ်ရှင်ကို ဒုက္ခမပေးနိုင်တော့ပါဘူး။ ကြာရင် သူ့အလိုလို ပြန်ထွက်သွားပါလိမ့်မယ်။
ခွေးရူးနှင့် မှန်ကြည့်ခြင်း ဥပမာ
ဥပမာ – မှန်တစ်ချပ် ရှေ့ကို ခွေးရူးတစ်ကောင် ရောက်လာတယ် ဆိုပါစို့။ မှန်ထဲမှာ ခွေးရူးပုံ ပေါ်နေမယ်။ မှန်က ကြောက်သွားသလား။ မကြောက်ပါဘူး။ မှန်က “ဟေ့ကောင် ထွက်သွား” လို့ အော်သလား။ မအော်ပါဘူး။ မှန်က ခွေးရူးပုံ ပေါ်နေတာကို “လက်ခံ” ထားလိုက်ရုံပါပဲ။ ခွေးရူး ထွက်သွားရင် ပုံရိပ်လည်း ပျောက်သွားမယ်။
ကျွန်တော်တို့ရဲ့ “သိစိတ်” ဟာ အဲဒီ “မှန်” နဲ့ တူပါတယ်။ စိတ်ထဲမှာ ဒေါသဖြစ်နေရင် “ဒေါသပုံ” ပေါ်နေမယ်။ ကုသိုလ်ဖြစ်ရင် “ကုသိုလ်ပုံ” ပေါ်နေမယ်။ ခင်ဗျားက “ငါ့စိတ်ကြီး ညစ်လိုက်တာ၊ ငါ မကောင်းဘူး” လို့ ဝင်မခံစားပါနဲ့။ “အခု စိတ်ထဲမှာ ညစ်နွမ်းတဲ့ ပုံရိပ် ပေါ်နေတယ်” လို့ပဲ ဓမ္မဓိဋ္ဌာန် ကျကျ ကြည့်ပါ။ ဒါဟာ “ငါ” မပါဘဲ စိတ်ကို စိတ်နဲ့ ပြန်ကြည့်တဲ့ နည်းလမ်းပါပဲ။
အလုပ်သာရှိပြီး လုပ်သူမရှိ
ပါဠိတော်မှာ ရှိပါတယ်။ “ကမ္မဿ ကာရကော နတ္ထိ၊ ဝိပါကဿ စ ဝေဒကော” (ကံကို ပြုလုပ်သူ “ကောင်” မရှိ၊ အကျိုးကို ခံစားမည့် “ကောင်” လည်း မရှိ။) “သုဒ္ဓဓမ္မာ ပဝတ္တန္တိ” (သဘောတရား သက်သက်တို့သာ ဖြစ်ပျက်နေကြကုန်၏။)
တရားထိုင်တယ် ဆိုတာ… “ငါ” က နေပြီး စိတ်ကို ငြိမ်အောင် “လုပ်” နေတာ မဟုတ်ပါဘူး။ စိတ်ရဲ့ ဖြစ်စဉ်ကို စောင့်ကြည့်ရင်း၊ “ငါ” ဆိုတဲ့ အစွဲကို ဖြုတ်ချနေတာပါ။ စိတ်ဆိုးရင်လည်း “ငါ ဆိုးတာ မဟုတ်ဘူး၊ ဒေါသစေတသိက် ပေါ်လာတာ” လို့ မြင်နိုင်ရင် ခင်ဗျား နိုင်ပါပြီ။
နိဂုံး
မိတ်ဆွေတို့… တရားအားထုတ်တဲ့အခါ “ယောဂီကောင်း” တစ်ယောက် ဖြစ်ဖို့ မကြိုးစားပါနဲ့။ စိတ်ကို အတင်းအကျပ် ချုပ်ထိန်းမထားပါနဲ့။ လွတ်လွတ်လပ်လပ် ပစ်ထားလိုက်ပါ။ ပေါ်လာသမျှ စိတ်အမျိုးမျိုးကို “ဒါ ငါ မဟုတ်ဘူး၊ ဒါ ငါ့ဥစ္စာ မဟုတ်ဘူး၊ ဒါ သူ့သဘောသူ ဆောင်နေတဲ့ ဓမ္မသက်သက်ပဲ” လို့ ဘေးကနေ ထိုင်ကြည့်နေလိုက်ပါ။
ရှုမှတ်နေရင်း တစ်ချိန်ချိန်မှာ… “ရှုနေတဲ့ ငါ” လည်း ပျောက်သွားပြီး၊ “သိစရာ စိတ်” နဲ့ “သိတဲ့ စိတ်” ဒီနှစ်ခုရဲ့ အလျင်အမြန် ဖြစ်ပျက်နေတဲ့ ဖြစ်စဉ် ကိုပဲ သီးသန့်ကြီး မြင်လိုက်တဲ့ အချိန်… အဲဒီအချိန်ဟာ ခင်ဗျား တရားစစ်ကို တွေ့တဲ့ အချိန်ပါပဲ။
မှတ်ထားပါ။ အကောင်းဆုံး တရားအားထုတ်မှု ဆိုတာ… “ခင်ဗျား” မရှိတော့တဲ့ အချိန်မှာ ဖြစ်ပေါ်လာတဲ့ ဉာဏ်အမြင်ပါပဲ။
ထက်အောင်


Leave a Reply