သောတာပန်နဲ့ ပါတ်သက်လို့ နောက်ဆုံး ပြောခဲ့တာကတော့ လောကမှာ သုခ ဆိုတာရှိတယ် ဆိုတဲ့ အယူကို မယူတော့တာနဲ့ပါတ်သက်လို့ ပြောခဲ့ပါတယ်။ ဒီအကြောင်းက တော်တော်လေးကို အရေးကြီးပါတာကတော့ လူတယောက်ရဲ့ အတွေးအခေါ်ကို ဆုံးဖြတ်တဲ့ နေရာမှာ လိုချင်မှု ဆိုတာတွေက ဆုံးဖြတ်တာကြောင့်ပါပဲ။ ဘယ်ဟာကမှ သုခမဟုတ်တာကို သေသေချာချာ သိသွားတဲ့အခါကျမှပဲ စဉ်းစားတဲ့ ကိစ္စတွေဟာ ပိုပြီး မှန်ကန်လာနိုင်ပါတယ်။ လူတွေဟာ ဘဝ ဖြတ်သန်းမှု ဆိုတာကို ကြည့်ကြရင် (ကျနော့်အတွက်တော့) အသက် ၄၀ ကျော်မှပဲ ဘဝကို အကြမ်းဖျဉ်း ဘာတွေ လုပ်နေကြတယ် ဆိုတာကို ပြောနိုင်ပါတော့တယ်။ တကယ်တော့ ဘဝကို ဖြတ်သန်းတယ် ဆိုတဲ့နေရာမှာ ပုထုဇဉ်တွေဟာ မသိခြင်း တွေဝေခြင်း (မောဟ) နဲ့ ဖြတ်သန်းကြပါတယ်။ အရာရာကိုလဲ သိတယ်၊ တွေလဲ မတွေဝေပါဘူးလို့ တချို့က ပြောချင်ကြမှာ ဖြစ်ပေမယ့် တကယ်တော့ ကျနော်တို့ဟာ ပထမ အဆင့် ဘဝမှာ ဘာတွေ လိုချင်နေတယ် လုပ်နေတယ် ဆိုတာကို အပေါ်စီးကနေ အသက်အရွယ်ငယ်သေးတဲ့အရွယ်မှာ မမြင်နိုင်ကြပါဘူး။ အသက်အတိုင်းအတာ တခုရောက်မှပဲ ဒါတွေ လုပ်ခဲ့ပါလား၊ ဒီလိုတွေ ဖြစ်ခဲ့ပါလားလို့ ပြန်ပြောမိနေကြတာပါ။ ဒါဟာလဲ တွေဝေမှု တမျိုးပါပဲ။ မသိမှု တမျိုးပါပဲ။ နောက်တဆင့်ကတော့ အဲဒါတွေအားလုံးဟာ ဖြစ်ရော ဖြစ်သင့်ရဲ့လား ဆိုတာမျိုး ဘဝမှာ ဘာလုပ်သင့်ခဲ့တယ် ဆိုတာမျိုး ဘာလုပ်သင့်လဲ ဆိုတာကို အဆုံးသတ် စဉ်းစားတာမျိုးကတော့ အသက် ၆၀ ကျော် ဘဝ နေဝင်ချိန်ဆိုတာကို ရောက်မှပဲ တွေးမိကြပါတယ်။ သေရမယ့် အချိန်ကို ရောက်မှပဲ အနိစ္စ ဆိုတာကို တွေးမိကြပါတယ်။ မသေချင်ပဲ သေရတယ် မပိုင်ဆိုင်ဘူး စီမံလို့မရဘူး အနတ္တ ဆိုတာကိုလဲ သေရာညောင်စောင်းရောက်မှပဲ တွေးမိကြပါတယ်။ ဘဝမှာ သုခ ဆိုတာ တခုမှ မရှိပါလား ဆိုတာကိုတော့ အဲဒီ အချိန်ရောက်တဲ့အထိကို မတွေးမိကြပါဘူး။ အသက်ဆက်ရှင်ခွင့်ရရင် သုခပဲလို့ ယူဆနေကြပါသေးတယ်။ ဒါဟာ မသိမှု၊ တွေဝေမှု ဆိုတဲ့ မောဟ တရားပဲ ဖြစ်ပါတယ်။
သောတာပန်ဖြစ်ဖို့ ကောင်းတဲ့အချက်ကတော့ သောတာပန်က အမောဟ ဆိုတဲ့ သဘောက ထင်ရှားနေလို့ပါပဲ။ သောတာပန်က အရာရာဟာ ဒုက္ခဆိုတာကိုလဲ သောတာပန် ဖြစ်ကတည်းက သိပါတယ်။ အရာရာဟာ အနိစ္စဆိုတာကိုလဲ ထင်ရှားစွာ သိပါတယ်။ အရာရာဟာ အနတ္တ ဆိုတာကိုလဲ ထင်ရှားစွာ သိပါတယ်။ ဒီလို ထင်ရှားစွာ သိမှလဲ သောတာပန် ဖြစ်တယ်လို့ ပြောနိုင်မှာပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာကို သူတပါးပြော လက်ခံယုံလောက် သိတာမဟုတ်ပဲ ကိုယ့်ရဲ့ ခန္ဓာမှာ သေချာစွာ စစ်ဆေးပြီး သေသေချာချာ သဘောပေါက်ကြတဲ့သူတွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သညာသိ၊ ဝိဉာဏ်သိ၊ ပညာသိ လို့ ပြောကြတာ ရှိပါတယ်။ တနည်းအားဖြင့်တော့ ဒါဟာ ဝိပ္ပလ္လာသ ကို ရည်ရွယ်တာပဲ ဖြစ်ပါတယ်။ သညာ သိဆိုတာကတော့ ဒိဋ္ဌိဝိပ္ပလ္လာသ လို့ ဆိုရမှာ ဖြစ်ပါတယ်။ အယူအားဖြင့် သိတာကို ခေါ်ပါတယ်။ သူတပါးပြောပြတာကို မှတ်သားထားပြီး အယူအားဖြင့် လက်ခံထားတာကို သညာသိလို့ ပြောပါတယ်။ ရုပ်နာမ် ရဲ့ ဖြစ်မှုပျက်မှုကို အနိစ္စဆိုတဲ့သဘော စာပေမှာ ပါတာ၊ ဘုန်းကြီးတွေ ဟောတာပေါ်မှာ စဉ်းစားဆင်ခြင်ပြီး ဟုတ်တယ် မှန်တယ် ရုပ်နာမ်ဟာ ဖြစ်ပြီး ပျက်နေတာပဲ ဆိုတာကို သဘောပေါက်တာ ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဒီလို အသိက ခိုင်မြဲတဲ့အသိမဟုတ်ပါဘူး။ နားလည် လက်ခံတာလောက်ပဲ ရှိပါတယ်။ ဒီကမှ ဝိဉာဏ် သိဆိုတာကတော့ စိတ္တဝိပ္ပလ္လာသ လို့ ပြောနိုင်ပါတယ်။ စိတ်ထဲမှာကိုပဲ ရုပ်နာမ်ဟာ ဖြစ်ပြီးပျက်နေတယ် ဆိုတာကို သိနေတဲ့ အဆင့်ပဲ ဖြစ်ပါတယ်။ ဒီ အဆင့်ကတော့ အများကြီးစဉ်းစားစရာ မလိုပဲ အလေ့အကျင့်အရကို ခန္ဓာကို စိုက်လိုက်တာနဲ့ ရုပ်နာမ် ရဲ့ အနိစ္စအချက်ကို မြင်တာမျိုးပါ။ စိတ်ထဲမှာကိုက ကောင်းကောင်းကြီးကို နားလည်လက်ခံ သိမြင်နေတဲ့ အဆင့်ပဲ ဖြစ်ပါတယ်။ သညာ သိထက်စာရင် ခိုင်မြဲတဲ့ အသိဖြစ်ပါတယ်။ အယူအရ စင်ကြယ်ယုံတင်မက ဖြစ်ပြီးပျက်တယ် ဆိုတာကိုပါ စမ်းစစ်ကြည့်မှုအရ သိနေတာပါ။ နောက်ဆုံးအဆင့် ပညာ သိဆိုတာကတော့ ဒီလို သိမြင်နေမှုကနေမှ အနိစ္စအချက်တင်မက အနတ္တအချက်နဲ့ ဒုက္ခအချက်ကိုပါ သိမြင်သွားပြီး ဆုံးဖြတ်ချက်ပီပီပြင်ပြင်ကို ချမှုဆိုတာက အနတ္တဆိုတဲ့အတိုင်း ကိုယ်ဆုံးဖြတ်တာမဟုတ်ပဲ ခန္ဓာက ဆုံးဖြတ်တဲ့သဘောနဲ့ မဂ်ဉာဏ်နဲ့ (လောကုတ္တရာမဂ်နဲ့) သိမြင်သွားတာပါ။ ဒီအဆင့်ကတော့ သောတာပန်တွေရဲ့ အဆင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သောတာပန် ဆိုတာက ဝိဉာဏ်သိ ဆိုတာမျိုးကို မဟုတ်တော့ပဲ မဂ်ဉာဏ်နဲ့ကို ရှင်းလင်းသွားတာ ဖြစ်တဲ့အတွက် အမောဟ စေတသိတ်က ထင်ရှားပါတယ်။ စဉ်းစားစရာ ကြံစည်နေစရာ ရှုမှတ်နေစရာ မလိုပဲ အနိစ္စအချက်နဲ့ အနတ္တအချက်က အင်မတန်ကိုပဲ ထင်ရှားတာ ဖြစ်ပါတယ်။ တနည်းအား သညာ ဝိပ္ပလ္လာသ ကနေပါ ကင်းရှင်းနေတာပါ။ အရာရာကို နိစ္စလို့မှတ်ယူတာ အတ္တလို့မှတ်ယူတာ လုံးဝ မရှိတော့တဲ့ အဆင့်လဲ ဖြစ်ပါတယ်။ ဒါပေမယ့် သောတာပန်မှာ ကျန်နေတာကတော့ သုခ နဲ့ ပါတ်သက်တဲ့ စိတ္တ ဝိပ္ပလ္လာသ နဲ့ သညာ ဝိပ္ပလ္လာသ ပါပဲ။ ဘယ်အရာမှ သုခ မဟုတ်ဘူးလို့ အယူအရ စင်ကြယ်ပေမယ့် သူစိတ်ဝင်စားရာ အရာတွေ (ကာမ၊ ရူပ၊ အရူပ) တွေ နဲ့ပါတ်သက်ပြီး ဒါကတော့ သုခပဲ လို့မှတ်သားမှု၊ ဒါကတော့ သုခပဲလို့ သိမှုဆိုတာတွေ ရှိနေကြပါသေးတယ်။ ရှင်းအောင် ပြောရရင် ကာမဂုဏ် တွေဖြစ်တဲ့ ဒီအစားအသောက်လေးကတော့ စားကောင်းတယ် သုခပဲ ဆိုတာမျိုး၊ အများအကျိုးကို လုပ်လိုက်ရရင်တော့ ကောင်းတယ် သုခ ပဲ ဆိုတဲ့ မှတ်သားမှုမျိုး၊ သိမှုမျိုး တွေရှိနေသလို အသိဉာဏ်ပညာ အသစ်ကို သိရတာကတော့ ကောင်းတဲ့ကိစ္စပဲ ဆိုတဲ့ သဘောမျိုးတွေ၊ ဒီအိုင်ဖုန်းလေးကတော့ ပိုကောင်းတယ် ဆိုတာမျိုးတွေ အစရှိသဖြင့် တွေရှိနေသေးတာဟာ သောတာပန်ပါပဲ။ ဒါပေမယ့် သုခ ဆိုပြီး အယူမရှိတော့တဲ့အတွက် ကာမ၊ ရူပ၊ အရူပ နဲ့ ပါတ်သက်ပြီး အပါယ်ကျစေတဲ့ အကုသိုလ်အမှုကို ကျူးလွန်မလား ဆိုရင်တော့ အသက်အသေခံပြီး ငြင်းဆန်သွားမှာ လဲ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် လူသားတွေ အားလုံးကောင်းကျိုးအတွက် ပုရွက်ဆိပ်လေးတကောင်ကို သတ်လိုက်မလား၊ ခိုးလိုက်မလား၊ ကာမေသု ကျူးလွန်းလိုက်မလား ဆိုတဲ့ကိစ္စတွေမှာတော့ လုံးဝကို လုပ်တော့မှာ မဟုတ်ပါဘူး။ ထင်ရှားအောင် ပြောရရင် အိုင်ဖုန်းကို ကောင်းတယ်ထင်မယ် အိုင်ဖုန်းရဖို့ ကြိုးစားမယ် ဆိုတာမျိုး ဖြစ်ပေမယ့်လည်း၊ ခြင်ကိုသတ်တဲ့ ကံမျိုး၊ ခိုးတဲ့ကံမျိုး ကျူးလွန်ပြီးတော့ ရဖို့အတွက်ကတော့ သောတာပန်ဟာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲလို ကိစ္စမျိုးဖြစ်လာတဲ့အခါမှာတော့ အိုင်ဖုန်းမှ မဟုတ်ဘူး ကမ္ဘာပေါ်မှာ ရှိသမျှ အကောင်းဆုံးတွေ ပေးမယ် ဆိုရင်တောင်မှ ကမ္ဘာပေါ်မှာ ရှိသမျှ ငွေကြေးတွေ အကုန်ပေးမယ် ဆိုရင်တောင်မှ အဲလို ကံတွေ ကျူးလွန်တော့မှာ မဟုတ်ပါဘူး။ ဒါတွေဟာ သောတာပန်တွေက လူလောကအတွက် ကောင်းကျိုးတွေကို ဆောင်ယူလာနိုင်တယ် ဆိုတာနဲ့ ပါတ်သက်ပြီး ထင်ရှားလာအောင် ပြောပြနေတာလဲဖြစ်ပါတယ်။
အရိယာ ပုဂ္ဂိုလ်များမှာ ပြည့်စုံတဲ့ သီလမဂ္ဂင် သုံးပါး ဆိုတာဟာ တကယ်တော့ လောက ကောင်းမှုအတွက် အလိုအပ်ဆုံး သီလ တွေလဲ ဖြစ်ပါတယ်။ ပြောခဲ့တဲ့အတိုင်း အဲဒါတွေကတော့ သတ်မှု၊ ခိုးမှု၊ ကာမေသု နဲ့ မုသား တို့ပဲ ဖြစ်ပါတယ်။ အဲဒီထဲမှာမှ သတ်မှု၊ ခိုးမှု၊ ကာမေသု တို့ကတော့ အပါယ်ကို သေချာပေါက် အကျိုးပေးတာ ဖြစ်ပြီး မုသားကတော့ အပါယ်ကျစေတဲ့ မုသားနဲ့ အပါယ်မကျစေတဲ့ မုသား ဆိုတာမျိုး ရှိပါတယ်။ ဒါဟာလဲ သီလကို ထင်ရှားစေလို့ ပြောရတာ ဖြစ်ပြီး သောတာပန်တွေဟာ သောတာပန်ဖြစ်ကတည်းက အပါယ်မကျစေတဲ့ မုသား နှုတ်ကထွက်သွားစေကာမူ အင်မတန်ကိုပဲ နည်းပါးတဲ့ အရေအတွက်သာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်ကတော့ မုသားကို အင်မတန်ရွံရှာပြီး ရှောင်ကြည်ကြပါတယ်။ ဒီနေရာမှာ အဓိက ပြောချင်တာကတော့ လောက ကောင်းကျိုး နဲ့ ကိုယ်ကိုယ်တိုင်ရဲ့ ကောင်းကျိုးအတွက် အကောင်းဆုံးလုပ်နိုင်တဲ့ အရာကတော့ သောတာပန် ဖြစ်အောင် လုပ်ခြင်းပဲ ဆိုတာကို ပြောချင်တာ ဖြစ်ပါတယ်။ လောကရဲ့ အနှစ်သာရ ဆိုတာနဲ့ ပါတ်သက်ရင်လဲ လူတွေဟာ ဘာမှ မတွေးတောနိုင်ကြပဲ မောဟ (နိစ္စ၊ သုခ၊ အတ္တ ဆိုသော အထင်၊အသိ၊ အယူ) တွေနဲ့ လည်ပါတ်နေကြတာမို့ သေရာညောင်စောင်းကိုသာ ရောက်သွားတယ် ကောင်းမွန်မှု ဆိုတာကို မလုပ်ဖြစ်၊ မလုပ်နိုင်ခဲ့ကြတာ များပါတယ်။ သောတာပန်ကတော့ အနိစ္စ၊ အနတ္တ ဆိုတာကို အထင်၊ အသိ၊ အယူ အားလုံးစင်ကြယ်ပြီး ဒုက္ခ ဆိုတာကိုတော့ အယူစင်ကြယ်တာ ကြောင့် လောကကောင်းကျိုးကို အများကြီး ဆောင်ရွက်သွားနိုင်မှာ ပဲဖြစ်ပါတယ်။
သောတာပန် ဖြစ်အောင် ဘယ်အရွယ်မှာ လုပ်ရမလဲ ဆိုရင်တော့ လက်ရှိ မိတ်ဆွေ ရောက်နေတဲ့ အသက်အရွယ်မှာပဲ လုပ်လိုက်တာဟာ အကောင်းဆုံးပါပဲ။ လူတွေဟာ ပထမ အရွယ်မှာ ငွေကြေး၊ လိင်မှုကိစ္စ၊ အချစ် ဆိုတာတွေကို တန်ဖိုးထားပြီးရှာဖွေရင်း အချိန်ကုန်ကြပါတယ်။ ဒုတိယ အရွယ်မှာတော့ ငွေကြေး၊ အလုပ်အကိုင်၊ ဂုဏ်ဒြပ်၊ လက်တွဲဖော် (အချစ်)၊ သားသမီး မိဘ မေတ္တာတရား၊ သမိုင်းကြောင်း ဆိုတာတွေကို စဉ်းစားရင်း တန်ဖိုးထားရင်း အချိန်ကုန်ကြပါတယ်။ အဲဒီကမှ နောက်ဆုံးအရွယ် တတိယ အရွယ်မှာတော့ ကျန်းမာရေး၊ မေတ္တာတရား၊ အချစ်၊ သမိုင်းကြောင်း၊ ဂုဏ်ဒြပ်၊ အသက်ရှည်ရေး ဆိုတာတွေကို တန်ဖိုးထားရင်းပဲ အချိန်ကုန်သွားကြပါတယ်။ ဒါဟာ တခုခုကတော့ သုခ ဖြစ်ရမယ် ဆိုတဲ့ အယူကို စွဲမြဲစွာ ယူနေလို့ပဲ ဖြစ်ပြီး တကယ်တမ်း လောကအတွက် ကောင်းကျိုးဆိုတာကို မလုပ် ဖြစ်ကြပါဘူး။ ပုထုဇဉ်တွေ ဖြစ်တာနဲ့ အားလျော်စွာလဲ သတ်မှု၊ ခိုးမှု၊ ကာမေသု၊ မုသား ဆိုတာတွေကို အမျိုးမျိုးချိုးဖောက်ကြတာမို့ လောကအတွက် ကောင်းကျိုးအစား ဆိုးကျိုးကိုသာ ဆောင်ယူခဲ့ကြတယ်လို့လဲ ပြောနိုင်ပါတယ်။ ဒါကြောင့်လဲ အရာရာကို သုခလို့ မယူတော့တဲ့ သောတာပန်ဘဝကို စောစောရောက်လေလေ လောကအတွက် ကောင်းကျိုး ဖြစ်လေလေပါပဲ။ လူဆိုတာကတော့ အာဇီဝလို့ခေါ်တဲ့ အသက်မွေးမှု ဆိုတာကို သောတာပန်ဖြစ်စေ ပုထုဇဉ်ဖြစ်စေ လုပ်ကြရတာပါပဲ။ ဒီလို လုပ်တဲ့နေရာမှာ ကောင်းမွန်တဲ့ စည်းဘောင် ဆိုတာဟာ သောတာပန် ဖြစ်မှပဲ ရရှိနိုင်တာ ဖြစ်တဲ့အတွက် မိတ်ဆွေများ အနေနဲ့ သောတာပန် ဖြစ်အောင် အမြန်ဆုံး လုပ်ဖို့ လိုအပ်တယ် ဆိုတဲ့အကြောင်း ပြောရင်း နိဂုံးချုပ်ပါရစေ။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *