ဗုဒ္ဓသာသနာဟာ တကယ်တော့ နိုင်ငံရေးနဲ့ ဆက်စပ်တယ် ဆိုတာ မရှိပါဘူး။ မြတ်စွာဘုရားကတော့ ရေလုရင်း စစ်ဖြစ်မယ့်အချိန်မှာ သွားတာတယ် ဆိုတာတစ်ခုပဲ ဖတ်ဖူးပါတယ်။ နိုင်ငံရေးထဲကို ဝင်မရှုပ်ပါဘူး။ နိုင်ငံရေးက ဝင်ရှုတ်လာတဲ့အခါမှာသာ တခွန်းတည်းနှင့် အမှန်ကိုပြောသော ဂုဏ်ကျေးဇူးအတိုင်း အမှန်ကို ပြောခြင်းသာ ဖြစ်ပါတယ်။

ကျနော် မျှော်လင့်တဲ့ ဗုဒ္ဓသာသနာဟာ အခုမြင်နေရတဲ့ ဗုဒ္ဓဘာသာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓက ဘယ်တုန်းကမှ ဗုဒ္ဓသာသနာဝင် ဖြစ်လို့ ဘယ်လူမျိုး၊ ဘယ်ဘာသာ ကို နှိမ်ချဆက်ဆံရမယ်လို့ မဟောထားပါဘူး။ ချစ်ခြင်းမေတ္တာ ဟာ ဒုက္ခကို ဖြစ်စေတယ်လို့ ဟောထားပါတယ်။ ချစ်ခြင်း မေတ္တာ ဆိုတဲ့အထဲမှာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကို ချစ်တယ် ဆိုတာကလဲ အကြုံးဝင်နေတာ ဖြစ်ပါတယ်။

အဲဒီတော့ ဗုဒ္ဓသာသနာမှာ သူတပါးကို မုန်းတီးမှု ဆိုတာ မရှိပါဘူး။ အယူဝါဒ နဲ့ ပါတ်သက်ရင်တောင် တပါးသော အယူဝါဒကို ထူးသောတရားကို ပြပြီး နှိမ်နင်းနိုင်ရမယ်လို့ ပါပါတယ်။ ဒီလို လုပ်နိုင်ဖို့ကလဲ အရိယာ မှသာ လုပ်နိုင်တာမို့ အနည်းဆုံး ပထမ မဂ်တော့ ကျအောင် လုပ်ဖို့ လိုတယ် ဆိုတဲ့ အကြောင်း မကြာခဏ ပြောရတာပါ။

မြတ်စွာဘုရားက သံဃာ ဆိုတာကို ကာမ အသိုင်းအဝိုင်းထဲကနေ ထုတ်ထားတာပါ။ ရဟန်းဆိုတာက ကာမကို စွန့်ရမယ့် လူတွေပါ။ ဒီလို ကာမကို စွန့်ပြီး တနပ်တည်း ဆွမ်းခံစား ခြင်းအားဖြင့် တရားအားထုတ်မှု အတွက် အထူး အကျိုးပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ရဟန်းတွေအတွက် ဝိနည်းကို သဗ္ဗညုတ ဉာဏ်တော်နဲ့ စီရင် ခဲ့တာပါ။

ဒီက ဗုဒ္ဓဘာသာမှာ အထင်လွဲနေတာ (အယူအဆမှားနေတာက) မြတ်စွာဘုရားက အားလုံးကို သိပြီး အားလုံးကို စီမံသွားတယ် ဆိုတာမျိုး အထင်ပါ။ ဒါဟာ တကယ်တော့ ဖန်ဆင်းရှင်ဝါဒ နဲ့ နီးစပ်ပါတယ်။ အကုန်လုံး ကောင်းတယ် အကောင်းဆုံး အစွမ်းဆုံး ဆိုတာမျိုး အစွမ်းအစ အနန္တ ရှိတယ် ဆိုတာမျိုး လုပ်လိုက်တဲ့ အခါမှာ အားလုံးဟာ ဘုရားက ကြိုသိပြီးသား ပြီးတော့ စီမံတယ် ဆိုတဲ့ အကောက်အယူ အရေးအသားမျိုးတွေ ပေါ်လာပါတော့တယ်။ ဒါတွေဟာ မလိုလားအပ်တဲ့ ကိစ္စတွေပါ။ မြတ်စွာဘုရားရဲ့ ဂုဏ်ကို ပျက်စေပါတယ်။ မြတ်စွာဘုရားက ရဟန္တာလဲ ဖြစ်တာမို့ ဘယ်အရာကိုမှ ပူပန်နေတာမျိုး လိုက်စီမံနေတာမျိုး မရှိပါဘူး။ အဲလို ရှိစေချင်တဲ့ အဋ္ဌကထာ ဋီကာ ဆရာတွေ (ပုထုဇဉ်တွေ) ရဲ့ လက်ချက်နဲ့ ဗုဒ္ဓသာသနာ ပျက်စီးနေခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓသာသနာက ပညာဉာဏ်နဲ့ ပါတ်သက်တဲ့ သာသနာ လူတိုင်း နားလည်နိုင်တဲ့ သာသနာ ဖြစ်ပေမယ့် ဘာကြောင့် အနောက်တိုင်းရော တကမ္ဘာလုံးရော ဘာကြောင့် မပြန့်နိုင်သလဲ ဆိုတော့ ဗုဒ္ဓဘာသာဆိုတဲ့အထဲမှာ ယဉ်ကျေးမှု တွေရောထွေးပါနေတာကြောင့်ပါ။ ဘုရားမဟောတာတွေကို ဟောသယောင် လုပ်တာရယ်။ မဟောလဲ အပြစ်မဖြစ်ဘူး လုပ်မယ် ဆိုတာမျိုးတွေကြောင့် ဗုဒ္ဓသာသနာဟာ အစွမ်းအစ မပေါ်ပဲ ဖြစ်နေတာပါ။

တကယ်လို့ သာသနာကို သာသနာလို့ မြင်တဲ့၊ ဘာသာဆိုတဲ့ ဘောင်ထဲကနေထွက်လာနိုင်တဲ့ အရိယာများ များများ ပေါ်လာပြီး အယူအဆ အမှန်တွေကို ဟောပြောနေကြမှသာပဲ သာသနာက ပြန်ပြီး ထွန်းလင်းနိုင်မှာပါ။ ပုထုဇဉ် ရဟန်းတွေ အနေနဲ့လည်း ကာမ ကနေထွက်ဖို့ စည်းကမ်းရှိနေသည့် အားလျော်စွာ ကာမဂုဏ် နဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ ဝင်မပါ သင့်ပါဘူး။ ဗုဒ္ဓသာသနာ ဆိုတာကို ဘယ်သူ့ အပိုင်မှ မဟုတ်ပဲ ပိဋကတ်တော်ကိုသာ အခြေခံပြီး အဋ္ဌကထာ ဋီကာများ ပါယ်ထားတဲ့ ဗားရှင်း လုပ်ရမှာ ဖြစ်ပါတယ်။

ပြီးရင် အဲဒီ စာတွေအတိုင်း အခြေခံပြီး နိုင်ငံတကာမှာပါ ဘိက္ခု၊ ဥပါသကာ၊ ဥပါသိကာ များ (အရိယာများ) ဖြစ်အောင် ကြိုးစားကြရင်ဖြင့် အများကြီး အကျိုးရှိမယ် ထင်ပါတယ်။ ဗုဒ္ဓသာသနာမှာ သရဏဂုံတည်မှ တရား အားထုတ်ရမည် မဟုတ်ပါ။ တရားတော်၏ လာလှည့် ရှုလှည့် ဆိုတဲ့ ဂုဏ်တော် အတိုင်း မည်သူ မဆို တရားတော်ကိုပဲ ပထမလေ့လာပြီးမှ မဂ်ဖိုလ် ဆိုက်ရောက်ပြီး သရဏဂုံတည်နိုင်ပါတယ်။

နောက်တချက်က တရားစာများ ရွတ်တာနဲ့ ပါတ်သက်ရင် တရားစာကို အဓိပ္ပါယ် သိလျှင်တော့ ရွတ်ရင်း ဆင်ခြင်မှု ဖြစ်နိုင်သဖြင့် အကျိုးရှိနိုင်ပါတယ်။ အဓိပ္ပါယ် မသိရင်တော့ လေကုန်ယုံမှ အပ အကျိုးမရှိပါဘူး။ အဲဒါကြောင့် ဗုဒ္ဓသာသနာမှာ အရွတ်အဖတ်ကို ဖယ်ထုတ်သင့်သလောက် ဖယ်ထုတ်ဖို့ လိုပါတယ်။ အကုန်ဖါယ် ထုတ်တာလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

သာသနာမှာ ပါဝင်တဲ့ ဘိက္ခုနဲ့ ပါတ်သက်ပြီး နောက်တပုဒ်မှာ ရေးပါ့မယ်။


Leave a Reply

Your email address will not be published. Required fields are marked *