သောတာပန် ဆိုတာဟာ တကယ်တော့ လူတိုင်းလိုလို ရသင့် ဖြစ်သင့်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ကျနော်တို့ဟာ အခုခေတ်ကြီးထဲမှာ သောတာပန် အဖြစ်ကို ကွယ်ပဲ ကွယ်ဝှက်ထားသင့်သလိုလို မျိုး ပြောဆိုနေကြတာ ကျနော့်အနေနဲ့တော့ နားမလည်ပါဘူး။ လူတွေမှာ ပါတ်ဝန်းကျင် ဖိအားဆိုတာဟာ ရှိပါတယ်။ အယူဝါဒရေးရာနဲ့ပါတ်သက်ပြီး ဖိအားလို မျိုး ဖြစ်လာတဲ့အခါမှာ အဲဒါဟာ တကယ်ရော မှန်ရဲ့လား ဆိုတာမျိုး သေချာ ပြန်စဉ်းစားဖို့ လိုအပ်ပါတယ်။ ကျနော် မဂ် ကျစဉ်အခါကလဲ သူတပါးတွေက ဖွင့်ဟလေ့ မရှိတာကြောင့် ဒီလို မဂ်ကျတဲ့ အကြောင်းကို ဖွင့်ပြောဖို့ သင့်ပါ့မလားဆိုတာမျိုး စဉ်းစားခဲ့မိပါတယ်။ ခေတ်က ပျက်စီးသလို ဖြစ်နေတာ ဖြစ်တဲ့အတွက် လောကမှာ ကောင်းတာ လုပ်တာက ရှက်စရာကောင်းသလို ဖြစ်နေပြီး မဟုတ်တာလုပ်တာတွေက ဂုဏ်ယူဝင့်ကြွားစရာလို ဖြစ်နေတာဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ကျနော့် အနေနဲ့ မဂ်ကျပြီးတဲ့အချိန်မှာ ပွင့်ပွင့်လင်းလင်းဖွင့်ပြောဖို့ စဉ်းစားမိပြီးမှ အဲဒါဟာ သင့်ရဲ့လား ဆိုတာမျိုး နောက်တခေါက်စဉ်းစား မိခဲ့ပြန်ပါတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ ပြန်စဉ်းစားကြည့်တဲ့အခါမှာ ကျနော်ဟာ တရားအားထုတ်သက် ၆ နှစ်လောက်ကို သီလတွေစောင့်စည်း ဒါနတွေကိုလဲ သောတာပတ္တိမဂ်အတွက် ရည်စူးပြီးလုပ် အပါတ်တကုတ်ကြိုးစားပြီး ဖြစ်လာတဲ့ သောတာပန် ဆိုတဲ့ ဘဝမျိုးကို ဖွင့်ပြောရမှာ ရှက်နေရအောင် ကျနော့်အနေနဲ့ မဟုတ်တာတွေ လုပ်ခဲ့တာ မဟုတ်ဘူးလို့ပဲ စဉ်းစားခဲ့မိပါတယ်။ ဒါကြောင့် ဘာမှ နောက်တွန့်နေစရာ မရှိဘူး ဖွင့်ပြောသင့်တယ် ဆိုပြီး ဖွင့်ပြောခဲ့ပါတယ်။
သောတာပန် ဖြစ်ရခြင်းဆိုတာဟာ တကယ်တော့ အကောင်းဆုံးဆိုတာကို ရရှိခြင်းပါပဲ။ လောကမှာ လူတွေဟာ အကုန်လုံးလိုလိုက ပုထုဇဉ်တွေ ဖြစ်ပါတယ်။ ပုထုဇဉ်ဘဝ ဆိုတာက သီလတွေကိုလဲ မလုံခြုံနိုင်၊ မကောင်းမှု ဒုစရိုက်တွေကနေလဲ မရှောင်နိုင်၊ အမျိုးမျိုးသော ဆရာတွေရဲ့ ပြောစကားတွေကိုလဲ ဟုတ်လိမ့်နိုးဆိုပြီး မော့ကြည့်နေရတဲ့ ဘဝပဲ ဖြစ်ပါတယ်။ သောတာပန် ဘဝကတော့ ဒါတွေအကုန်လုံးကနေ ကင်းလွတ်ပါတယ်။ သီလနဲ့ပါတ်သက်ရင်လဲ လောကုတ္တရာသီလ အဓိသီလဖြစ်တဲ့အတွက် သတ်မှု၊ ခိုးမှု၊ ကာမေသု နဲ့ မုသား တို့ကနေ အပြည့်အစုံ လုံခြုံသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ သူရာမေယျရကလဲ လုံခြုံတာ ဖြစ်ပေမယ့် ဒီသီလ ကတော့ သောတာပန်လဲ ဖောက်ချင်ဖောက်လို့ရတဲ့သီလပါ။ ဘုရားလက်ထက်မှာလဲ အရက်သောက်လေ့ရှိသူကို သောတာပန်ဖြစ်တယ်လို့ ဘုရားက ပြောလို့ လူတွေက ဒီလိုလူတောင် သောတာပန်ဖြစ်ရင် မဖြစ်တဲ့သူမရှိဘူး လို့ပြောတာမျိုး ဇာတ်လမ်းရှိပါတယ်။ ဒါကြောင့် ဒီသီလနဲ့ပါတ်သက်လို့ကတော့ ကျနော် သောတာပန် ဖြစ်ပြီးစကနေ သုံးနှစ်အတွင်းမှာ ကျေနပ်လောက်အောင် စမ်းပြီးဖောက်ကြည့်ဖူးပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ရှိသမျှငွေကြေးတွေ ပုံပေးမယ် အရက်တခွက်သောက်ပါဆိုရင်တော့ သောက်မှာ မဟုတ်ပါဘူး။ မသောက်ရင် သတ်မယ်ဆိုရင်တော သောက်မှာ ဖြစ်ပါတယ်။ ကိုယ်တိုင်စမ်းသပ်မှုကတော့ ငွေကြေးဆိုတဲ့ ရူပကြောင့်မဟုတ်ပဲ သိချင်မှု (အရူပ) အတွက် စမ်းသပ် ခဲ့တာဖြစ်ပါတယ်။ ကျနော် အရက်၊ ဘီယာ၊ ဆိုဂျု၊ ထန်းရည်၊ ဆေးခြောက်၊ ဒဘလျူဝိုင် ထိကို စမ်းကြည့်ခဲ့ဖူးပါတယ်။ သုံးနှစ်ပြည့်ပြီးနောက်ပိုင်းမှာတော့ သီလကိုအပြည့်လုံအောင် နေမယ် ဆိုပြီး ဒါတွေ မလုပ်တော့ပါဘူး။ နောက်တချက်ကတော့ သောတာပတ္တိမဂ်ရဲ့ အဓိက လုံခြုံမှုမှာလဲ သီလမဂ္ဂင်သုံးပါးပြည့်စုံသွားတာ ဖြစ်တဲ့အတွက် သီလမဂ္ဂင်သုံးပါးမှာ သူရာမေယျရ မပါတာ ဖြစ်တဲ့အတွက် ဖောက်လို့ရနေတာလို့ ပြောချင်ပါတယ်။ ဒီနေရာမှာ စကားစပ်လို့ သီလ ဆိုတာနဲ့ ပါတ်သက်ပြီး ပြောရရင် သီလတွေဟာ အလေးအပေါ့ မတူကြပါဘူး။ ပုထုဇဉ်ဟာ သီလနဲ့ပါတ်သက်ရင် အမြင်ကောင်း၏ မကောင်း၏ ဆိုတာမျိုး၊ ပါတ်ဝန်းကျင်ရဲ့ သွန်သင် ဆုံးမမှု ဆိုတာမျိုးပေါ်မှာ စဉ်းစားပေမယ့် (ဥပမာ ခြင်တကောင်ရိုက်သတ်တာနဲ့ မူးရူးနေတာမှာ မူရူးနေတာကို ပိုပြီးအမြင်စောင်းကြလေ့ရှိပါတယ်) သောတာပန်အတွက်ကတော့ သီလက အစဉ်လိုက်သွားပါတယ်။ ဒီထဲမှာ ကာယကံသီလ သုံးပါးက အင်မတန်ကိုလဲ သောတာပန်အတွက် သေဘေးကို မမှုလောက်အောင်ကို ရှောင်ကြည်တဲ့ သီလတွေ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သတ္တဝါဆိုတာဟာ ရုပ်နာမ်တွေ တူတူပဲ ဆိုတာကို သဘောပေါက်တဲ့အတွက် သူတပါးရဲ့ သံသရာမှာ ဒုက္ခရောက်စေမှုထိကို မြင်လို့ပါပဲ။ ဥပမာ အားဖြင့် လူတယောက်က ခြင်တကောင်ကို သတ်လိုက်တယ် လူတယောက်ကို သတ်လိုက်တယ် ဆိုတာမျိုးမှာ သတ္တဝါခြင်းဖြစ်တဲ့အတွက် ရုပ်နာမ်ခြင်း ဖြစ်တဲ့အတွက် သောတာပန် အမြင်မှာ နှစ်ခုစလုံးက အခြေခံအားဖြင့် တူတူပါပဲ။ ခြင်တကောင်ကို သတ်လိုက်တာဟာလဲ ခြင်ရဲ့ စုတိစိတ်နဲ့ (ခြင်ဟာပုထုဇဉ်မို့) အပါယ်လေးပါးကို ပရမ်းပတာကျတဲ့ ဝိနိပါတိကဘေး သင့်စေလိုက်တဲ့ သဘောဖြစ်တာကြောင့် အင်မတန်ကို ဝန်လေးစရာကောင်းတဲ့ သီလခြိုးဖောက်မှုကြီး ဖြစ်ပါတယ်။ ဒီလိုပါပဲ ခိုးမှု ဆိုရင်လဲ မိမိပစ္စည်းကို သူတပါးခိုးယူတာကို မကြိုက်သလို စိတ်ထဲမှာ ပင်ပန်းဆင်းရဲစေလို သူတပါး စိတ်ပင်ပန်း ဆင်းရဲမှာကို အင်မတန်ကိုပဲ ဝန်လေးပါတယ်။ ဒါကြောင့်လဲ ခိုးမှုဆိုတာမျိုးကိုလဲ အသက်နဲ့လဲ စောင့်ထိန်းပါတယ်။ ကာမေသု ဆိုရင်လဲ ဒီသဘောပါပဲ။ ဒီနေရာမှာ ပုထုဇဉ်တွေက သီလနဲ့ ပါတ်သက်ပြီး သေသေချာချာ မသိတတ်ကြပေမယ့် သောတာပန်ကတော့ အသေအချာကို သိပါတယ်။ ဥပမာ အားဖြင့် ယောက်ျားလေးတယောက်အတွက် မိမိမိန်းမကလွဲပြီး တပါးသော ကာမအားဖြင့် လွတ်လပ်သူနဲ့ မေထုန်မှုပြုတာဟာ ကာမေသု မမြောက်ဘူးဆိုတာမျိုးကိုလဲ သေသေချာချာသိပါတယ်။ ကာမေသု ဖောက်ဖျက်မယ့် မေထုန်မှုမျိုး ဆိုခဲ့ရင်လဲ အသက်နဲ့ လဲ ပြီး လုံခြုံပါတယ်။ မုသား ဆိုရင်တော့ အားနာလို့ ထမင်းမစားရသေးတာကို စားပြီးပြီလို့ ပြောမိတာမျိုး အပရိက ကို ကျူးလွန်နိုင်ပေမယ့် သူတပါးအကျိုးစီးပွားပျက်စီးစေတဲ့ တနည်း အပါယ်ကျစေတဲ့ လိမ်လည်မှုမျိုးကိုလဲ အသက်နဲ့လဲ ပြီးစောင့်ထိန်းပါတယ်။ ဒါကြောင့်လဲ ဒီသီလ လေးမျိုးကို လောကုတ္တရာသီလတွေ (မဂ္ဂင်သီလတွေလို့) ခေါ်တာပဲ ဖြစ်ပါတယ်။ ဒါတွေကတော့ လုံးဝအရှင်းကို မကျုးလွန်တော့တဲ့ သီလတွေပဲ ဖြစ်ပါတယ်။ ကျန်တဲ့ သူရာမေယျရ ကတော့ အပါယ်ကျစေတဲ့ သီလမဟုတ်တာရယ် သီလမဂ္ဂင်မှာ မပါတာရယ် သူတပါးထိခိုက်မှု မဖြစ်စေတာရယ်ကြောင့် စမ်းသပ်မယ်ဆိုရင် စမ်းသပ်လို့ရတဲ့ သီလပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် သောတာပန်က သီလကိုလုံခြုံတယ် ဆိုတဲ့နေရာမှာ ပါတ်ဝန်းကျင် အမြင်ကောင်း၏ မကောင်း၏ ဆိုတဲ့ ပါတ်ဝန်းကျင်မျက်နှာ စာပေမျက်နှာကို ကြည့်တာမဟုတ်ပဲ ကိုယ်လုပ်တဲ့ အလုပ်ဟာ အပါယ်ကိုကျစေသလား ဆိုတဲ့ သီလရဲ့ မျက်နှာကိုပဲ ကြည့်တာ ဖြစ်ပါတယ်။ တနည်းပြောရရင် အနိမ့်စား သီလဆောက်တည်မှုမျိုး မဟုတ်ပဲ အမြတ်စား သီလဆောက်တည်မှုမျိုးပဲ ဖြစ်ပါတယ်။ ဒီလိုကြည့်တယ် ဆိုတဲ့ နေရာမှာလဲ သီလက အာမဘန္တေခံပြီး စောင့်ထိန်းတာမျိုးမဟုတ် ခန္ဓာအရကို လုံခြုံသွားတဲ့ လောကုတ္တရာ သီလဖြစ်တာနဲ့ အညီ သီလတွေကို ခန္ဓာကသိပါတယ်။ မဖောက်ဖျက်သင့်တဲ့ သီလမျိုးဆိုရင် အသက်အသေခံမယ် ဆိုတဲ့စိတ်တွေဟာ အလိုလို ဖြစ်လာတာပါပဲ။ အဲဒီအပြင် ပုထုဇနော ဥမ္မာတကော ဆိုတာလိုမျိုး ပုထုဇဉ်တိုင်းဟာ အရူးတွေလို့ ပြောတဲ့စကားအရ သောတာပန်ကသာလျှင် မရူးတော့တဲ့ လူကောင်း ဖြစ်ပါတယ်။ ဒီလိုအချက်တွေကြောင့်လဲ တခါတလေမှာ သောတာပန်ဟာ မကောင်းမှုကြီးစိုးတဲ့ လောကမှာဆိုရင် ဖွင့်ပြောရခက်လောက်တဲ့ အထိကို ဖြစ်ကြရတာလဲ ဖြစ်ပါတယ်။
နောက်ထပ် ထူးခြားသွားတာ တခုကတော့ ပုထုဇဉ်တွေဟာ ဂုဏ်တွေ၊ ဒြပ်တွေ၊ ငွေကြေးချမ်းသာ မှုတွေ ပေါ်မှာ တုန်လှုပ်ကြပါတယ်။ ဂုဏ်အားဖြင့်ကြီးသူ၊ ငွေကြေးချမ်းသာသူ၊ စတာတွေကို ခေါင်းငုံလေ့ရှိပါတယ်။ သောတာပန်အတွက်ကတော့ အားလုံးဟာ ရုပ်နာမ်ခြင်း တူတူ ဘာမှ ထူးခြားမနေပါဘူး။ လောကအရ အလေးအမြတ်ထားခံရမှုအတွက် ကြိုးစားလာကြသူတွေ ဖြစ်တဲ့အတွက် လောကဝတ်အရ အားနာတာ အပြင် ပုထုဇဉ်တွေကို ဘာတွေ ဘယ်လောက်ပဲ ကြီးကျယ်တယ် ပြောနေနေ ဘာမှ ထူးခြားပြီး မမြင်ပါဘူး။ သောတာပန်အတွက် တန်ဖိုးထားမှုကတော့ သီလ၊ သမာဓိ၊ ပညာ ပဲ ဖြစ်ပြီး ကိုယ့်ထက် အရင်အရိယာ ဖြစ်တဲ့သူတွေ အထက်မဂ်တွေကိုသာလျှင် အလေးအမြတ်ထားပါတယ်။ ဒီအချက်ကလဲ သောတာပန်အတွက် မောဟအားကြီးလွန်းတဲ့ မှန်ကန်တဲ့ တန်ဖိုးထား မရှိတဲ့ ပါတ်ဝန်းကျင်မှာ နေလို့မကောင်းတဲ့ အချက်တချက်ပါပဲ။ တနည်းအားဖြင့် လောကမှာ သောတာပန်ကစတဲ့ အရိယာတွေ ပွင့်ပွင့်လင်းလင်းပြောဆို နေထိုင်နိုင်ကြတယ် ဆိုရင် လောကဟာ ကောင်းမွန်တဲ့ လောကဆီကို ဦးတည်နေတာ ဖြစ်ပြီး၊ အရိယာများ ပုန်းရှိုးကွယ်ရှိုး နေကြရပြီဆိုရင်တော လောကဟာ ပျက်စီးနေတယ် ဆိုတဲ့ သဘောလို့ အကြမ်းဖျဉ်း ပြောနိုင်ပါတယ်။ သောတာပန်ရဲ့ အဓိက ပုထုဇဉ်တွေနဲ့ ကွာခြားချက်ကတော့ သုခ ဒိဋ္ဌိလို့ ခေါ်တဲ့ ဝိပ္ပလ္လာသာ ရှိခြင်းနဲ့ မရှိခြင်းပါပဲ။ သုခ ဒိဋ္ဌိ ဆိုတာက လောကမှာ သုခဆိုတာရှိတယ် ဆိုတဲ့ အယူပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် ရုပ်နာမ်တရားမှာ သုခ ရှိနေတယ် ဆိုတဲ့အယူပါ။ ပုထုဇဉ်တွေဟာ လောကမှာ ငွေကြေးတွေ အကြီးအကျယ်ချမ်းသာရင် ဥပမာ ဘီလျံနဲ့ချီပြီး ရှိရင် သုခ ဆိုတာမျိုး ယူဆလေ့ရှိပါတယ်။ ဒါမှမဟုတ် လူအများကောင်းကျိုးကို ဆောင်ရွက်ပေးနိုင်ရင်သုခ လို့ယူဆကြပါတယ်။ ဒါမှမဟုတ် အားလုံးအတွက် လူနေမှုအဆင့်အတန်းတွေ မြှင့်တင်ပေးနိုင်ရင် သုခလို့ ယူဆကြပါတယ်။ သုခ လို့ ယူဆတယ် ဆိုတာဟာ တနည်းအားဖြင့် ပြောရရင် လောကရဲ့ အနှစ်သာရ အမျိုးမျိုး မလျော့သောဇွဲလုံလနဲ့ ကြိုးစားသင့်တဲ့အရာ လို့ ယူဆတာကို ပြောတာပဲ ဖြစ်ပါတယ်။ သောတာပန်အတွက်ကတော့ လောကမှာ သုခဆိုတာ ရှိတယ် ဆိုတဲ့အယူကို လုံးဝ စွန့်ပြီး ဖြစ်ပါတယ်။ အယူအနေနဲ့ လောကမှာ သုခ ဆိုတာရှိတယ်လို့ မယူတော့ပါဘူး။ ဒါပေမယ့် ကာမကို မစွန့်သေးသည့် အားလျော်စွာ သုခ ဆိုတာနဲ့ပါတ်သက်တဲ့ အထင်နဲ့ အသိ ကျန်နေပါသေးတယ်။ သညာ ဝိပ္ပလ္လာသ နဲ့ စိတ္တ ဝိပ္ပလ္လာသ လို့ ခေါ်ပါတယ်။ ဒိဋ္ဌိ ဝိပ္ပလ္လာသကို ပါယ်ပြီး ဖြစ်ပေမယ့် သုခ လို့ သိနေတဲ့ အသိနဲ့၊ သုခလို့ ထင်နေတဲ့ အထင်ကိုတော့ မစွန့်နိုင်သေးပါဘူး။ ဒီနှစ်ခုစလုံးကို စွန့်နိုင်တာကတော့ ရဟန္တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ရဟန္တာ တွေဟာ လောကဓံတရား ရှစ်ပါးစလုံးကို ခံနိုင်ရည် ရှိသွားတာပါ။ သောတာပန် နဲ့ သကဒါဂါမ်ကတော့ အပေါ့အလေးသာ ကွာခြားပါမယ် လောကဓံတရား ရှစ်ပါးစလုံးကို ခံနိုင်ရည်မရှိသေးပါဘူး။ အနာဂါမ်ကတော့ အဆိုးလောကဓံအားလုံးကို ခံနိုင်ရည်ရှိပြီး (မတုန်လှုပ်တော့ပဲ) အကောင်းလောကဓံတွေကိုတော့ တုန်လှုပ်ပါသေးတယ်။ ရဟန္တာကတော့ သုခ အထင်အသိ၊ သုဘအထင်အသိ၊ အကုန်လုံးကို ပါယ်လိုက်ပြီဖြစ်တဲ့အတွက် ဖုဋ္ဌသလောကဓမ္မေဟိ စိတ္တံယသ နကမ္မတိ ဆိုတဲ့အတိုင်း လောကဓံတရား ပေါ်မှာ တုန်လှုပ်မှု မရှိတော့ပါဘူး။
သောတာပန်ဘဝဟာ လောကမှာ နေချင်သေးသူအတွက် အကောင်းဆုံးလို့ ပြောရတာက အပေါ်မှာ ပြောခဲ့တာတွေ အားလုံးနဲ့ ဆက်စပ်ပါတယ်။ သီလမဂ္ဂင်သုံးပါးကို အပြည့်အဝ ပြင်းထန်စွာ လုံသွားတဲ့ဖြစ်တဲ့အတွက် အပါယ်ကျစေတဲ့ အကုသိုလ်ကိုလဲ ခန္ဓာမှာကို မဖြစ်တော့တာ ဖြစ်တဲ့အတွက် အပါယ်လေးပါးကို ဘယ်တော့မှ ကျဖို့ မရှိတော့ပါဘူး။ ဒါကလဲ အင်မတန်ကောင်းတဲ့ အချက်တချက်ပဲ ဖြစ်ပါတယ်။ နောက်တချက်ကတော့ ရာထူး၊ အာဏာ၊ ဂုဏ်ဒြပ်၊ ငွေကြေးချမ်းသာမှု စတာတွေပေါ်မှာ မတုန်လှုပ်တဲ့အတွက်၊ လောကမှာ သုခဆိုတာ မြူမှုန်မျှ မရှိဆိုတာကို သိတဲ့အတွက် သောတာပန်ရဲ့ တွေးခေါ်မှုဟာ မဖြစ်သင့်တဲ့ ဘက်လိုက်ခြင်းတွေကို ပါယ်ပြီး မိမိဦးတည်ရာကို မှန်မှန်ကန်ကန် တွေးခေါ်နိုင်စေပါတယ်။ နောက်ပြီး ရုပ်နာမ် နိဗ္ဗာန်ဆိုတဲ့ လောကနဲ့ လောကအလွန်ကိုပါ သိတဲ့အတွက် ဒိဋ္ဌိ နဲ့ ဝီစိကိစ္ဆာကို အပြီးတိုင် ပါယ်လိုက်နိုင်ပြီ ဖြစ်တဲ့အတွက် တွေးခေါ်မှုတွေဟာ မှန်ကန်တဲ့ တွေးခေါ်မှုတွေကို ပိုပြီး ဖြစ်စေပါတယ်။ ဒါကြောင့်လဲ သောတာပန်ဟာ အယူဝါဒရေးရာမှာ ပြိုင်ဘက်ကင်းတယ် ဆိုတဲ့ စကားပေါ်လာတာပဲ ဖြစ်ပါတယ်။ နောက်တချက်တော့ ကာမဂုဏ် ခံစားမှုနဲ့ ပါတ်သက်ပြီးဖြစ်ပါတယ်။ သောတာပန်ဟာ တခါတလေမှာ ငရဲနှုတ်ခမ်းပါတ်လျှောက်နေတယ်လို့ ပုထုဇဉ်တွေ မြင်ရလောက်အောင် ကာမဂုဏ်ခံစားတဲ့နေရာမှာ မှန်မှန်ကန်ကန်နဲ့ ရဲတင်းပါတယ်။ ပုထုဇဉ်တွေက ကာမဂုဏ်ခံစားတဲ့နေရာမှာ လောကဝတ်၊ လောကစည်းကမ်း၊ ဥပဒေ၊ လူတွေရဲ့ အမြင် စတာတွေကို အမျိုးမျိုး စဉ်းစားပြီး ကာမဂုဏ်ကို ခံစားကြရပါတယ်။ ဒီလိုမျိုး ခံစားတဲ့နေရာမှာလဲ အမေ့မေ့အလျော့လျော့နဲ့ ခံစားပါတယ်။ လောကအမြင်အရ လွတ်တယ်ဆိုရင်၊ တခါတလေမှာလဲ လုံခြုံတယ် သူတပါး မသိဘူးဆိုရင် ကာမဂုဏ်ကို မှားမှားယွင်းယွင်းကျင့်ကြပါတယ်။ သောတာပန်အတွက်ကတော့ အဲဒါတွေက အဓိက မဟုတ်ပါဘူး။ အဓိက ကျတာကတော့ သူ့ရဲ့ သီလ၊ သမာဓိ၊ ပညာ ပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုရှိမလဲ ဆိုတာကိုသာ အဓိက ထားပါတယ်။ သီလ၊ သမာဓိ၊ ပညာ မကျိုးပေါက်ဘူး ဆိုရင် နောက်ဆုံး သူ့ရဲ့ ပညာမကျိုးပေါက်ဖူးဆိုရင် ကာမဂုဏ်ကို လွတ်လွတ်လပ်လပ် ခံစားပါတယ်။ သူမှာ အမြဲဦးညွှတ်ပြီးကြည့်နေတာကတော့ သီလမဂ္ဂင်သုံးပါးပဲ ဖြစ်ပါတယ်။ သီလမဂ္ဂင်သုံးပါးကို ချိုးဖောက်ရမယ့် ကိစ္စမျိုးဆိုရင် ကမ္ဘာပေါ်မှာ ရှိသမျှ ဥစ္စာအကုန်ပုံပေးပါစေ မချိုးဖောက်ပါဘူး။ အဲလိုမဟုတ်ဘူးဆိုရင်တော့ လူအမြင်ကောင်းအောင် ဟန်ဆောင်တယ် ဆိုတာလဲ မရှိပါဘူး။ တခါတရံမှာတော့ ပုထုဇဉ်တွေ အမြင်စောင်းရင် သူတို့အတွက် အပြစ်ဖြစ်မှာ စိုးတဲ့အတွက် ညှာတာမှုသာ ရှိပါတယ်။ ဒါဟာလဲ သုခဆိုတာရှိတယ် ဆိုတဲ့အယူရှိတာရယ် မရှိတော့တာရယ်ကြောင့်ပဲ ဖြစ်ပါတယ်။ ပုထုဇဉ်ရဲ့ ဦးစားပေးတွေက သုခကို ခံစားဖို့ နံပါတ်တစ်ဖြစ်ပြီး သောတာပန်အတွက်တော့တော့ သံသရာမှာ အပါယ်မကျစေတော့ဖို့က နံပါတ်တစ် ဖြစ်တယ်လို့ အလွယ်ပြောနိုင်ပါတယ်။


Leave a Reply