ခန္ဓာဆိုတာဟာ အစုအပေါင်းလို့ အဓိပ္ပါယ်ရပါတယ်။ တကယ်တော့ ပုဂ္ဂိုလ် သတ္တဝါ ဆိုတာ ဘယ်တုန်းကမှ မရှိပဲ တကယ်ရှိနေတာတွေဟာ ခန္ဓာငါးပါးလို့ ခေါ်တဲ့ စိတ်၊ စေတသိတ်၊ ရုပ်တွေသာ ဖြစ်ပါတယ်။ စိတ် စေတသိတ် တွေဟာ တပေါင်းတည်း ဖြစ်သတ္တိရှိပြီး အကြောင်းအကျိုးအတိုင်း ဖြစ်ပျက်နေပါတယ်။ ရုပ်ကတော့ ဖောက်ပြန် ပျက်စီးတဲ့ သဘောရှိပြီး နာမ်တရား ဖြစ်တဲ့ စိတ်၊ စေတသိတ် တွေနဲ့ အညမည၊ သဟဇာတ စတဲ့ သတ္တိတွေနဲ့ အကျိုးပြုနေပါတယ်။
ဒီ ရုပ် နာမ်လို့ ခေါ်တဲ့ ခန္ဓာငါးပါး အစုဟာ တကယ်တော့ ဘာမှအနှစ်သာရ မရှိပါဘူး။ အကုန်လုံးဟာ အကြောင်း အကျိုး ဖြစ်ပျက်နေတဲ့ သဘောက လွဲပြီး ရတယ် ဆိုတာလဲ မရှိပါဘူး။ ပုထုဇဉ်တွေရဲ့ အဓိက ပြသနာက လောကမှာ ဘာ ဖြစ်ရင်တော့ ကောင်းမယ် ဆိုတဲ့ အစွဲအလမ်းပါ။ ကိုယ် ဘာမှ မဖြစ်ရင်တောင် လောကကြီး ကောင်းလာရင်တော့ ကောင်းမယ် ဆိုတာမျိုး ကြံစည်တတ်ပါတယ်။ အဲလို လောကကြီး ကောင်းလာမယ် ဆိုရင် သုခလို့ ယူဆတတ်ပါတယ်။ ဒါကို အများအကျိုးအတွက် စဉ်းစားတယ် ကောင်းတယ် ဆိုပြီး မျက်စိလည်နေ ကြပါတယ်။ တကယ်တော့ ဒါဟာ သင်္ခါရ တရားတွေရဲ့ ဒုက္ခ ဆိုတဲ့ အချက်ကို မမြင်ကြတာပါ။
သဗ္ဗေ သင်္ခါရာ ဒုက္ခာ ဆိုတဲ့ နေရာမှာ ပါတဲ့ ဒုက္ခာ ဆိုတာက မြန်မာလို စက်ဆုပ်စရာ အသုံးမကျသောလို့ အဓိပ္ပါယ် ရပါတယ်။ သဗ္ဗေ အလုံးစုံသော သင်္ခါရာ သင်္ခါရတရားတို့သည် ဒုက္ခာ စက်ဆုပ်စရာ အသုံးမကျတာ တွေချည်းပါ ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။ ဒီလို ဟောထားပါလျက်နဲ့ ပုထုဇဉ်တွေက နားမလည်နိုင်ပဲ သုခ ဆိုတာကို ရှိတယ်လို့ ထင်ပါတယ်။ လောကီချမ်းသာ ကို သုခလို့ ထင်တတ်ကြပါတယ်။ ကိုယ့်ရဲ့ လောကီ ချမ်းသာ မဟုတ်တောင်မှ သူတပါးရဲ့ လောကီချမ်းသာ လုပ်ရင်တော့ သုခလို့ ထင်ပါတယ်။ ဒါဟာ ပုထုဇဉ် သဘာဝပါ။ ဒီလိုမျိုး သုခ က တနည်းနည်းနဲ့တော့ ရှိနေတယ်ဆိုတဲ့ အထင်ဟာ ပုထုဇဉ်တွေကို အပါယ် မကြာခဏ ချတတ်တဲ့ တရားပါ။ လူအများအတွက် ကိုယ်ကျိုးစွန့်တာကို အကောင်းမြင်တတ်တဲ့ သဘောကြောင့် ဘုရားဆုပန်ပြီး ဘုရားအလောင်းဘဝတွေမှာ ငရဲကို အကြိမ်ကြိမ် ကျခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒါဟာ မမှန်ဘူး ဆိုတဲ့ အကြောင်း၊ ကိုယ် သံသရာက လွတ်အောင် ကြိုးစားခြင်း သာလျှင် အကောင်းဆုံး ဖြစ်တယ်၊ သင်္ခါရ တရားတွေ အားလုံးဟာ စက်ဆုပ်စရာ အသုံးမကျတာ သက်သက်သာ ဖြစ်ပါတယ် ဆိုတာကတော့ ဘုရားဖြစ်တော့မှပဲ ဟောနိုင်တဲ့ တရားပါ။ အဲဒါကြောင့် မြတ်စွာဘုရား ဆုံးမတာကို နာခံမယ် ဆိုတဲ့ စိတ်ရှိရင်တော့ သုခဆိုတာ မရှိဘူးဆိုတာကို နှလုံးသွင်းပြီး ကိုယ်တိုင် သံသရာက လွတ်အောင် လုပ်ဖို့ တခုပဲ ရှိပါတယ်။
ဒါကြောင့် သံသရာက လွတ်အောင် ကြိုးစားတော် မူကြပါ။ လောကမှာ သုခ ဆိုတာ မြူမှုန်တစက်စာမျှ မရှိပဲ အရာအားလုံး ဟာ ဖြစ်ပြီးပျက်နေတဲ့ စက်ဆုပ်စရာ အသုံးမကျတဲ့ သင်္ခါရ တရားများသာ ဖြစ်ကြပါတယ်။ လောက အလွန်မှာ ရှိတဲ့ နိဗ္ဗာန်သည်သာလျှင် တခုတည်းသော သန္တိသုခ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply