ကျနော်က ပမဂ်နဲ့ပဲ နေတော့မှာ ဖြစ်ပါတယ်။ ခုနှစ်ဘဝ ဘုံစဉ်စံ ဆိုတာကို သဘောကျစွာနဲ့ ရွေးချယ်ထားသူပါ။ ဒီဘဝမှာ ထပ်ပြီး တရားအားထုတ်ဖို့ စိတ်ကူးမရှိတော့ပါဘူး။ ကျနော်စရိုက်က ပွင့်ပွင့်လင်းလင်းပဲ နေချင်လို့ လွန်ခဲ့တဲ့ သုံးနှစ်က သောတာပန်ဖြစ်ပြီလို့ ဖွင့်ပြောခဲ့တာပါ။ စာရေးသူ တစ်ဦးက ပွင့်ပွင့်လင်းလင်း တရားအကြောင်း ဆွေးနွေးနိုင်အောင် အကျိုးရှိအောင် စာရေးတဲ့ အတတ်ပညာနဲ့ စာရေးတာပါ။ ရေးတဲ့စာက တရားပြတဲ့ စာဖြစ်တဲ့အတွက် တရားပြတဲ့သူက ကိုယ်ပြတဲ့တရားကို အာမခံတဲ့အနေနဲ့ကိုယ်တိုင်ကျင့်သုံးပြီး ရရှိပြီးဖြစ်တယ် ဆိုတာကို ပြောဖို့လိုတယ်လို့ ကျနော်က ခံယူလို့ပါ။
မဂ်ကျပြီးတော့သာ ပျော်ရတာပါ။ မဂ်မကျခင်ကများ ကြိုးစားလိုက်ရတာဗျာ။ ပင်ပန်းချက်မျာ ပြောမနေပါနဲ့တော့။ ခြောက်နှစ်မှာ အချိန်း ၃ နှစ်နီးပါး(တရားအားထုတ်ချိန်သက်သက် ထုတ်လိုက်ပါက) သုံးနှစ်ဆိုသည်မှာ ၂၄ နာရီ အမြှောက် ၃၆၅ ရက် အမြှောက် ၃ လို့ ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီလောက် အချိန်အကြာကြီး အားကျိုးမာန်တက် ကြိုးစားလိုက်ရတာ ကြိုးစားလိုက်ရတာ ဆိုတာလေ စာဖွဲ့လို့တောင် ပြမနိုင်ဘူး။ ကြိုးစားလိုက်ရတာ ပင်ပန်းဆင်းရဲလိုက်တာ။ ရုပ်ရှင် ဝေးစွ သီချင်တောင် နားမထောင်ဘူး။ ကိလေသာ မခိုတဲ့နေ့တွေမှာ တရားတက်ခဲ့တာလေးတွေ အမှတ်ရစရာတွေ အများကြီးပါပဲ။
ကျနော် စလုပ်တုန်းကတော့ ဒီဘဝ နောက်ဆုံးဆိုပြီး လုပ်လိုက်တာပါပဲ။ စာတွေမှာလဲ အဆုံးထိ သွားဖို့ချည်းပဲ။ ဒါပေမယ့် အခု ဘဝက အကောင်းဖက်ကို တစ်ဆစ်ချိုး ပြောင်းသလို ဖြစ်လာတော့ နေရတာ အဆင်ပြေပါတယ်။ သောတာပန် ဆိုတဲ့ မိန်းမယူနိုင်တဲ့ ဘဝလေးကို တက်မက်လာနေတယ်။ ဘဝတဏှာပေါ့။ ဒါကိုပဲ သိလျက်ကြီးနဲ့ ပျော်ရွှင်နေတယ်။ ဆင်ခြင်တဲ့အချိန်မှာတော့ အဲဒါတွေ အားလုံးစွန့်ပြီး ဖိုလ်ကို အမှတ်ရချင် ရနေတတ်တာမျိုးပါပဲ။ မရောက်ခင်တုန်းကတော့ ဒီဘဝ အပြီးပဲ။ သောတာပတ္တိမဂ်မှာ အပါယ်ကလဲ လွတ်သွားရော အို ပျော်တာ ပျော်တာ ဆိုတာ သီချင်းတွေ အကျယ်ကြီး ကောက်ဖွင့်၊ တစ်ယောက်တည်း ပျော်မြုးနေတာပါပဲ။
သိတဲ့ အသိပေါ်ကနေ စကားပြောဖြစ်နေပေမယ့် ကိလေသာတွေကိုတော့ ပြုံးပြုံးကြီး လက်ခံထားနေတယ်။ စွန့်ရတော့မှာ ဖြစ်ပေမယ့် နတ်သား ဘဝလေးမှာ နတ်သမီးလေး တစ်ဖက် လေးငါးရာ ဆို မဆိုးဘူးဟဲ့ ဆိုတာမျိုး ဖြစ်လာတယ်။ စားစရာ နေစရာ မပူရတော့ဘူးလေ
ထားပါတော့ အဲဒါပြောတာပေါ့ ကာမမှာ သိသိကြီးနဲ့ ပျော်နေချင်သေးတယ်ဆိုတာ အဲဒါပါပဲ။ ကျနော်ကတော့ ပွင့်ပွင့်လင်းလင်းပဲ နေတတ်တယ်။ သူများကို ပြောပြလို့မရတဲ့ကိစ္စမျိုး မလုပ်လဲမလုပ်ဘူး။ လုပ်တဲ့ကိစ္စတွေမှာလဲ ဖုံးကွယ်စရာ မရှိပါဘူး။ ဒါကြောင့် မဂ်ဖိုလ် ကျတဲ့အခါမှာလဲ ပြောသင့်မပြောသင့် စဉ်းစားပေမယ်၊ မဂ်ဖိုလ် ဆိုတာ ခိုးထားဝှက်ထားတာမဟုတ် ကိုယ့်ကြိုးစားအားထုတ်မှုနဲ့ကိုယ် ရလာတဲ့ကိစ္စ အောင်မြင်မှု ဖြစ်လေတော့ ဒါကို ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိပါဘူး။ ဒီနေရာမှာ အပိစ္ဆဂုဏ်ဆိုတာနဲ့ပါတ်သက်ပြီး နည်းနည်းပြောချင်ပါတယ်။ အပိစ္ဆဂုဏ်ဆိုတာက ဘာမှကို မလိုချင်တဲ့ ဂုဏ်လို့ခေါ်ပါတယ်။ ဘာမှမလိုချင်ဘူး ဆိုတာက ပုံမှန်အခြေအနေမှာ ဘာမှမလိုချင်တာကို ပြောတာမဟုတ်ပါဘူး။ ပုံမှန်အချိန်ဆို လိုချင်မှုတွေရှိပေမယ့် အဲဒါရဖို့ မလိုလားအပ်တဲ့ အားစိုက်ထုတ်မှု (သီလချိုးဖောက်မှု) တွေလုပ်ရမယ်၊ အဆင်မပြေတဲ့ အားစိုက်မှုတွေ လုပ်ရမယ်ဆိုရင် မလိုချင်တော့ပါဘူး။ ဒါဟာဘာကြောင့် ဖြစ်ရတာလဲ ဆိုတော့ သင်္ခါရတရားတွေ ဖြစ်တဲ့ စကြဝတေးမင်းဘဝ ဆိုတာမျိုးကိုပါ စက်ဆုပ်စရာ အသုံးမကျတာလို့ သေသေချာချာ သိထားလို့ပါ။ ဒါကြောင့် တကယ်ကြီးကိုပဲ လိုချင်လားလို့ မေးရင် မလိုချင်ပါဘူးဆိုတဲ့ အဖြေပဲ ထွက်တဲ့အတွက် အပိစ္ဆဂုဏ်ရှိတယ်လို့ ပြောကြတာပါ။
နောက်တခုက အရိယာအဖြစ်ကို ပုထုဇဉ်တွေက ဂုဏ်အနေနဲ့ မြင်မယ် ဆိုတာ သိပေမယ့် ကိုယ့်အတွက်တော့ ဒါလဲ သင်္ခါရတရားပါပဲ။ သောတာပန်ဆိုတာ မရှိ သင်္ခါရတရားသာ ရှိတဲ့အတွက် အဲဒီပေါ်ကနေ ဂုဏ်ယူမှု မရှိပါဘူး။ ကိုယ့်ရဲ့ ကြိုးစားအားထုတ်ခဲ့ရမှုတွေကိုတော့ ကိုယ့်ဟာကိုယ် သဘောကျမိတာတော့ ရှိပါတယ်။ မိတ်ဆွေများ အနေနဲ့ကတော့ မဂ်မကျမခြင်း ဒီဘဝ နောက်ဆုံးဘဝလို့ သဘောထားပြီး အပြီးအပြတ်သာ ကြိုးစားလိုက်ပါ။ ပ မဂ်ကျပြီးတော့မှ ဆက်ပြောကြတာပေါ့ ဆိုတာမျိုးပေါ့။


Leave a Reply