ပထမ မဂ် ကျတာနဲ့ ပါတ်သက်ပြီးတော့ နည်းနည်းပြောပြပါ့မယ်။ ကျနော့်အတွက် တရားအားထုတ်တဲ့ အလုပ်တခုတည်းကိုပဲ ခြောက်နှစ်လောက် လုပ်ခဲ့ရပြီးမှ မဂ်ဖိုလ် ကျခဲ့တာပါ။ မဂ်ဖိုလ် ကျတယ် ဆိုတာဟာ အမြင်တမျိုးပြောင်းသွာတာလို့ ပြောရင် မမှားပေမယ့် အဲဒီလို အမြင်ပြောင်းသွားတဲ့ နေရာမှာတော့ သုတမယ၊ စိန္တာမယ လောက်နဲ့ ပြောင်းသွားတာမျိုးတော့ မဟုတ်ပါဘူး။ အခုခေတ်ထဲမှာ တရားပြသူ အတော်များများက အနည်းငယ် နားလည်ရခက်တဲ့ စကားတွေကို အသုံးပြုပြီး အမြင်တမျိုးပြောင်းလာအောင် လုပ်ပေးကြလေ့ရှိပါတယ်။ ပြီးတော့ အလွယ်တကူနဲ့ ဘာမှ လုပ်စရာမလို ဘာမှလဲ ထူးခြားသွားစရာ မလိုပဲ နဂိုထဲက သီလလုံပြီးသား ဆိုတာမျိုး၊ နဂိုတည်းက သမာဓိရပြီးသား ဆိုတာမျိုး၊ နဂိုတည်းက လွတ်ပြီးသား ဆိုတာမျိုး၊ နဂိုတည်းက အေးပြီးသား ဆိုတာမျိုး အစရှိတဲ့ စကားတွေနဲ့ မဂ်ဖိုလ်ကို အလွယ်တကူ နဲ့ အားစိုက် ကျင့်ကြံစရာမလိုပဲ ရနိုင်သလိုမျိုး ပြောဆိုနေကြပါတယ်။ ဒါဟာ တကယ်တော့ မဂ်ဖိုလ် အစစ်မဟုတ်တဲ့ အပြင် တရားနဲ့ပါတ်သက်ပြီး လေ့လာလိုသူ သိချင်သူတွေကို လမ်းပိတ်လိုက်တာမျိုးပါပဲ။ လူတွေထဲမှာ ဘာသာရေးနဲ့ ပါတ်သက်တဲ့ ကိစ္စ၊ မဂ် ဖိုလ် ကိစ္စ တရားအားထုတ်တဲ့ ကိစ္စကို စိတ်ဝင်စားသူဆိုတာက လူအနည်းစု ဖြစ်ပါတယ်။ အဲလို အနည်းစုထဲမှာမှ လာသမျှလူကို နဂိုအေးပြီးသား၊ နဂိုငြိမ်းပြီးသား ဆိုတဲ့ စကားတွေနဲ့ ဘာမှ မလုပ်ပဲ အလိုလို မဂ်ဖိုလ် ရတယ် ဆိုတာမျိုး လုပ်တာဟာ သာသနာကို ဖျက်စီးတဲ့ နည်းလမ်း တခုပါပဲ။ တကယ်တော့ မဂ်ဖိုလ် ရဖို့အတွက်ဆိုတာဟာ အကျင့်တရား လိုအပ်ပါတယ်။ မြတ်စွာဘုရား လက်ထက်မှာ အကျင့်တရားမပါပဲနဲ့ တရားရကြတယ်ဆိုပြီး ပြောကြပေမယ့် တကယ်တမ်းမှာတော့ ဖြစ်သမျှ သင်္ခါရတရားတို့သည် ချုပ်ခြင်း သဘောရှိသည် ဆိုတာကို သိပြီးတရားရသွားတဲ့ လူတွေချည်းပါပဲ။ ဒီလိုမျိုး ဖြစ်သမျှ သင်္ခါရတရားတိုင်းသည် ချုပ်ခြင်း သဘောရှိသည် ဆိုတာကို သိဖို့ကတော့ ကျင့်ကြံမှု လိုကို လိုအပ်ပါတယ်။ ကျနော်တို့က ပါဠိတော်ထဲမှာ အဲလို ကျင့်ကြံတဲ့ ကိစ္စတွေကို စာလေးမှာ စိုးရိမ်တဲ့အတွက် သော်လည်းကောင်း၊ ရှင်အာနန္ဒာက ပြန်မှတ်တမ်းတင်ရတာ ဖြစ်တဲ့အတွက် အသေးစိတ်ကို မသိနိုင်တာတွေက တကြောင်းကြောင့် မပါတာလို့ပဲ ယူဆရပါမယ်။ နောက်တချက်ကတော့ ပါရမီလို့ ပြောရမယ် ထင်ပါတယ်။ ဘုရားလက်ထက်မှာ ဘုရားနဲ့တွေ့တယ် ဟောပြောခြင်း ခံရတယ် ဆိုတဲ့ သူတွေဟာ အများအားဖြင့် ပါရမီ ပါကြတဲ့သူတွေ ဖြစ်ပါတယ်။ ဒါနဲ့ ပါတ်သက်ပြီး ပြောရရင် ဣန္ဒြေလို့ ခေါ်ပါတယ်။ မြတ်စွာဘုရား နဲ့ တွေ့ချင်ရင် ဣန္ဒြေ ပြည့်အောင် ဖြည့်ကျင့်ရတယ် ဆိုတဲ့ စကားရှိပါတယ်။ ဣန္ဒြေပြည့်နေတဲ့သူတွေ အတွက်ကတော့ (ဘဝတွေမှာ တရားကျင့်ကြံခဲ့တဲ့သူတွေအတွက်ကတော့) လိုအပ်တာနည်းနည်း ဖြည့်လိုက်ယုံနဲ့ ပြည့်သွားတတ်ပါတယ်။ မြတ်စွာဘုရားနဲ့ တွေ့သော်လည်း အကျင့်တရားကတော့ အနည်းနဲ့ အများဆိုသလို ပါမယ်လို့ပဲ ယူဆရပါတယ်။ ကျနော့် ကိုယ်တွေ့ အနေနဲ့တော့ အကျင့်တရား မပါပဲနဲ့ ဘယ်လိုမှ မရနိုင်ပါဘူး။ အကျင့်တရားဟာ လိုကို လိုအပ်ပါတယ်။ ဒါနဲ့ ပါတ်သက်ပြီး နည်းနည်းထပ်ပြောရရင် မြတ်စွာဘုရားလက်ထက်တော်မှာက လူတွေ အများစုဟာ သံသရာက လွတ်ကြောင်းကို တနည်းနည်းနဲ့ ကြိုးစားရှာနေကြသူတွေဖြစ်ပါတယ်။ ဥပမာ ပဉ္စဝဂ္ဂီငါးဦး လိုမျိုး ဆိုရင် နည်းမှန်လမ်းမှန် မဟုတ်ရင်တောင် မြတ်စွာဘုရား ဘုရားမဖြစ်ခင်ကတည်းက အယူအမျိုးမျိုးနဲ့ အကျင့်အမျိုးမျိုးကို လုပ်ခဲ့ကြတဲ့သူတွေလို့ ယူဆရပါတယ်။ ဒါတောင်မှပဲ တရက်တည်းနဲ့ အကုန်တရားရသွားတာမဟုတ်ပဲ ရက်အတော်ကြာပြီးမှ တရားရသွားကြတာပါ။ ဒီလို မျိုး ဖြစ်နေဖို့ဆိုတာက ကိလေသာ တိုးပွားကြောင်း ဖြစ်တဲ့ အိပ်၊ စား၊ ကာမ လောကကြီးထဲက ထွက်ထားမှသာလျှင်ပဲ ဖြစ်နိုင်တာပါ။ အိပ်၊ စား၊ ကာမ လောကကြီးထဲမှာ အထူးတလည် ကျင်လည်နေသူတွေအတွက် အလွယ်တူ တရားရတယ် ဆိုတာမျိုး မဖြစ်နိုင်ပါဘူး။
ဒါကြောင့်လဲ ဘုရားလက်ထက်မှာကိုပဲ တရားအားထုတ်တဲ့ အလုပ်ကို ဇောက်ချပြီး လုပ်ဖို့အတွက် ရဟန်းဘောင်ဆိုတာကို ဝင်လာကြပြီး တရားအားထုတ်ကြရတဲ့သူတွေ အများစု ဖြစ်ပါတယ်။ ဒါကြောင့် တရားနဲ့ ပါတ်သက်ရင် သုတမယ စိန္တာမယ လောက်နဲ့ တရားရနိုင်တယ်လို့ လုံးဝ မယူဆပါပဲ။ ဘာဝနာမယ ဆိုတဲ့ ကျင့်ကြံ အားထုတ်မှုက လိုကို လိုအပ်ပါတယ်။ ကျနော့်အတွက် ဆိုရင် ခြောက်နှစ်ကာလမှာ အချိန်လေးနှစ်လောက်က တရားအားထုတ်တယ် ဆိုတဲ့ အလုပ်ကို သေသေချာချာကြီး လုပ်ခဲ့ရတာပါ။ ဒီဘက်ခေတ်ကြီးမှာက ပိုပြီး ဆိုးပါတယ်။ ခေတ်ဆိုတာနဲ့ ပါတ်သက်ပြီး ပြောရရင် မြတ်စွာဘုရားလက်ထက်က လူတွေဟာ လူ့လောကရဲ့ အနှစ်သာရ ဆိုတာကို အိပ်၊ စား၊ ကာမ ဆိုတာထက် ပိုပြီး ရှိရမယ် ဆိုတဲ့သဘောနဲ့ အများစုက တောထွက် အားထုတ်နေကြတဲ့သူတွေ ပါ။ တနည်းအားဖြင့် ခေတ်က ဖန်တီးတဲ့ တန်ဖိုးထား လို့ပြောရမှာ ဖြစ်ပါတယ်။ ကျနော်တို့ အခုခေတ်ကြီးမှာတော့ လောကကြီးမှာ အများစုက ဂုဏ်၊ ဒြပ်၊ ရာထူး၊ အာဏာ၊ ငွေကြေး ချမ်းသာမှု ဆိုတာကိုပဲ တန်ဖိုးထား များနေကြတဲ့ ခေတ်ပဲ ဖြစ်ပါတယ်။ ဒီကမှ နည်းနည်းအဆင့်မြင့်တယ် ဆိုတဲ့ လူ့အဖွဲ့အစည်းတွေမှာ လောကီ ပညာတွေ ဖြစ်တဲ့ သိပ္ပံပညာ၊ အတွေးအခေါ်ပညာ စတာတွေကို အားစိုက်သူတွေ ရှိပါတယ်။ ဒါပေမယ့် ဒါကလဲ လူဦးရေနဲ့ ယှဉ်လိုက်ရင် အတော်ကို နည်းပါးတဲ့ လူနည်းစုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖွတ်သထက် ညစ်နေတဲ့ ကျနော်တို့ရဲ့ မြန်မာလူ့အဖွဲ့အစည်းမှာက ကျင့်ကြံမှုပါ မပါပဲ အလွယ်တကူ တရားရမယ် ဆိုတာမျိုးက လုံးဝကို မဖြစ်နိုင်တာပါ။ လူတွေဟာ လောကကြီးထဲမှာ တွေးတောဖို့ ဆိုတာကိုပါ မလုပ်ဖြစ်လောက်အောင်ကိုပဲ ငွေကြေးနဲ့ ကြီးပွားချမ်းသာ မှုသာလျှင် အနှစ်သာရ ဆိုတဲ့ သဘောနဲ့ လည်ပါတ်နေကြတာပါ။ ပညာရှိသူတွေက အရာရာကို မသေချာတဲ့ စိတ်နဲ့ စဉ်းစားစရာတွေကို စဉ်းစားနေတုန်းမှာပဲ ပညာမဲ့သူတွေကတော့ အရမ်းကို သေချာတဲ့ စိတ်တွေနဲ့ မိုက်မဲမှုတွေကို လုပ်နေကြတယ် ဆိုတဲ့ စကားအတိုင်းပါပဲ။ အများစုကြီးက ဂုဏ်၊ ဒြပ်တွေ၊ ရာထူးတွေ၊ အာဏာတွေ၊ လုပ်ပိုင်ခွင့်တွေ၊ ငွေကြေးချမ်းသာ တာတွေကိုပဲ လောက အနှစ်သာရ အဖြစ် သေချာစွာ ခိုင်မြဲစွာ သတ်မှတ်ထားကြတာပါ။ ကျနော်သည်လည်း လူထဲက လူတယောက်ပဲမို့ တရားအားထုတ်မှု လုပ်ဖြစ်ခဲ့တဲ့ အချိန်မှာ အင်မတန်ကိုပဲ ကိလေသာ အားကြီးပါတယ်။ မောဟ တရားရဲ့ လွှမ်းမိုးမှုကိုလဲ အကြီးအကျယ် ခံခဲ့ရတာပါ။
ဒီနေရာမှာ မောဟ တရားရဲ့ လွှမ်းမိုးမှု ဆိုတာနဲ့ ပါတ်သက်ပြီး နည်းနည်းပြောရရင် မောဟတရားရဲ့ လွှမ်းမိုးမှု ခံရတယ် ဆိုတဲ့သူဟာ လောကအမြင်အရ တွေတွေဝေဝေ မိုက်မိုက်မဲမဲ မဟုတ်ပါဘူး။ လောကအမြင်အရကတော့ အတ္တအယူ ခိုင်မာစွာနဲ့ ထက်ထက်မြက်မြက် တက်တက်ကြွကြွ ဆိုတာမျိုးပါပဲ။ ဒါပေမယ့် လောကုတ္တရာအမြင်အရ ပြောရရင်တော့ အင်မတန်ကြီးမားတဲ့ တွေဝေမှုကြီး ဖြစ်တဲ့ အတ္တအယူရဲ့ လွှမ်းမိုးမှုကို ခံနေရတာပါ။ လောကမှာ ကြီးပွားတိုးတက်ချင်ရင် ဘယ်တော့မှ မသေဘူးလို့ သဘောထားပြီး အလုပ်လုပ် ဆိုတဲ့ စကားတောင် ရှိပါသေးတယ်။ အဲဒီတော့ မောဟ ကြီးတယ် ဆိုတာက အဲလိုမျိုး အနိစ္စဖြစ်တဲ့ ဖြစ်ပြီးပျက်နေတဲ့ ရုပ်နာမ် တရားတွေကို ဖြစ်ပြီးပျက်နေတယ်လို့ လုံးဝ မမြင်ပါဘူး။ ငါဆိုတာကြီးက မွေးကတည်းက ဒီငါပဲ၊ အခုလဲ ဒီငါပဲ၊ မနက်ဖြန်လဲ ဒီငါ ပဲ ဆိုတာမျိုး အခိုင်အမာ ယုံကြည်ထားတာပါ။ အဲလိုပဲ လောကဟာ သုခပဲ ကြိုးစားရင် လုံလစိုက်ထုတ်ရင် သုခဆိုတာကို ရနိုင်တယ် ရတယ် လို့လဲ အခိုင်အမာ ယုံကြည်ထားတာပါ။ အဲလို ခိုင်မာမှု နဲ့ သုခကို ခံစားမယ် ငါဆိုတာကလဲ အပီအပြင် ရှိတယ်လို့ကို ယူဆထားတာပါ။ အဲဒါက ကျနော် တရားအားထုတ်ခဲ့စဉ်က ယူဆထားတဲ့ ယူဆချက်တွေပါပဲ။ အဲလို အခိုင်အမာ ယုံကြည်ယူဆထားတာကို တရားအနေနဲ့ မောဟ အားကြီးတယ်လို့ သုံးနှုန်းရတာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လောကမှာ မြဲတယ် ဆိုတာဟာ လုံးဝကို မရှိလို့ပါ။ အဲဒါကြောင့်လဲ လောကမှာ သုခ ဆိုတာ မရှိပါဘူး၊ အဲဒီအပြင် ဒါတွေကို ခံစားတဲ့ အတ္တဆိုတာဟာလဲ လုံးဝ မရှိပါဘူး။ ဒီလို ရှင်းရှင်းလင်းလင်း သိမြင်တာကိုတော့ အမောဟ လို့ခေါ်ပါတယ်။ ဒီ အမောဟ ဆိုတာကလဲ တရားအားထုတ်မှ ကျင့်ကြံမှပဲ တဖြည်းဖြည်း ဖြစ်လာတာပဲ ဖြစ်ပါတယ်။
ဒီလိုမောဟက အကြီးအကျယ် လွှမ်းမိုးမှု ခံခဲ့ရတဲ့အတွက် ကျနော့်မှာ ဖြစ်ပြီးပျက်နေတဲ့ သင်္ခါရတရားတွေ ဆိုတဲ့ စကားရပ်တခုကိုတောင် နားလည်ဖို့အတွက် နှစ်နဲ့ချီပြီး ကြာခဲ့ပါတယ်။ အဲလို နားလည်ဖို့အတွက် ဖြစ်ပျက်ကို ရှုမှတ်တယ် ဆိုတဲ့ ကိစ္စတွေကို နှစ်နဲ့ချီ လုပ်ခဲ့ရပါတယ်။ ဒီနေရာမှာ ကျနော့်အတွက် အားသာချက်ကတော့ ရိုးသားမှုပါပဲ။ ကျနော် တရားအားထုတ်ခဲ့တယ် ဆိုတာဟာ သောတာပန်ဖြစ်ခဲ့ရင် ဆရာလုပ်မယ် ဆိုတဲ့သဘောမျိုးလဲ မပါပါဘူး။ သောတာပန်ဖြစ်ခဲ့ရင် ဘယ်လို အသက်မွေးဝမ်းကြောင်း လွယ်ကူမယ် ဆိုတာမျိုးလဲ မရှိခဲ့ပါဘူး။ သူများထက် ခေါင်းတလုံး ပိုမြင့်ချင်တဲ့ သဘောလဲ မရှိခဲ့ပါဘူး။ ကျနော့်အတွက် အဓိက လုပ်ဖြစ်ခဲ့တာဟာ အတွေးအခေါ် အယူအဆတွေကို အင်မတန်သဘောကျတဲ့ စိတ်နဲ့ မြတ်စွာဘုရားရဲ့ တရားတော်တွေမှာ မှန်ကန်မှုတွေကို တွေ့ရာကနေ တကယ့်အမှန်တရား တခု၊ ကျနော့်အတွက် ဒုက္ခတွေကနေ သက်သာရာ တခုခုတော့ ရှိမယ် ဆိုတဲ့ စိတ်နဲ့ ရှာဖွေခဲ့တာပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားမှု ပြင်းစွာနဲ့ သောတာပန် ဖြစ်ဖို့သက်သက်မဟုတ်ပဲ မိမိသိလိုမှု စိတ်ဆန္ဒ ပြည့်အောင် ကြိုးစားခဲ့တာလို့ ပြောရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်လဲ ကိုယ်မသိတာကို အလွယ်တကူ သိပြီဆိုတာမျိုး မလုပ်ခဲ့ပါဘူး။ ရိုးသားစွာ၊ အထူးရိုးသားစွာနဲ့ပဲ မကျေနပ်တာတွေကို မေးခွန်းထုတ် အဖြေရှာခဲ့ပါတယ်။ အလွယ်တကူနဲ့ လက်ခံလိုက်တာမျိုး မရှိခဲ့ပဲ အမျိုးမျိုး (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) မဟုတ်နိုင်ဘူး ဆိုတဲ့ စိတ်ကို ရိုးသားစွာ လက်ခံပြီး သေချာစွာ မိုးကုတ်ဆရာတော်ကြီး လမ်းညွှန်ချက်တွေ အတိုင်း လိုက်လုပ်ခဲ့တာပါ။ ဖြစ်ပြီးပျက်နေတဲ့ စိတ်တွေဆိုတာကို စပြီး သိလိုက်ကတည်းကနေ အဲဒီ စိတ်တွေရဲ့ ဖြစ်ပြီးပျက်နေမှုကို နှစ်နဲ့ချီပြီး အမျိုးမျိုး စောင့်ကြည့်ခဲ့ပါတယ်။ ဖြစ်ပြီးပျက်နေတာ မှန်တယ် ဟုတ်တယ် ဆိုတာကို နားလည်တဲ့အခါမှာလဲ ဆရာတော်ကြီး လမ်းညွှန်ချက်အတိုင်း ဟုတ်မဟုတ် စမ်းစစ်၊ ဟုတ်ရင် ခေါင်းညိမ့်ပေး ဆိုတာကို အချိန်အကြာကြီး လုပ်ခဲ့ပါတယ်။ အဲလို လုပ်တာ အချိန်ပေါင်းများစွာ ကြာလာတဲ့ အခါမှာတော့ ဖြစ်ပျက်တွေကို တဖြည်းဖြည်းနဲ့ ဖြိုင်ဖြိုင်မြင်တယ် ဆိုတဲ့ အဆင့်ကို ရောက်လာခဲ့ပါတယ်။ ဒီကမှ ဖြစ်ပျက်တွေကို ကြည့်ရင်းကနေ ကိုယ်တကယ်လိုက်မှီနိုင်တာ ကြည့်နိုင်တာဟာ အပျက်တွေချည်းသာ ဖြစ်တယ် ဆိုတဲ့ သဘောကို နားလည်လာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ကိုယ်တရားခွင်ကို ဝင်လိုက်တာနဲ့ မြင်သမျှဟာ အပျက်တွေချည်းပါပဲ။ ဒီလိုအပျက်တွေချည်းမြင်ရာက နေ အပျက်တွေချည်းသာ ဖြစ်တဲ့အတွက် မလိုချင်တော့ဘူး မုန်းတယ် ဆိုတာမျိုးတွေလဲ ဖြစ်ခဲ့ပါတယ်။ အဲဒီကမှ အဲဒါတွေက လွတ်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို စဉ်းစားပြီး အဖြေမရှိပဲ အဲဒီနေရာမှာတင် လည်နေခဲ့ပါတယ်။
အဲဒီနောက်မှာတော့ အနိစ္စနဲ့ ပါတ်သက်လို့ လုံလောက်အောင် မြင်ပြီးပြီလို့ ကိုယ့်ဟာကိုယ် သတ်မှတ်ပြီး ကိုယ်နားမလည်သေးတဲ့ အနတ္တအကြောင်းကို အများကြီး နားလည်အောင် ကြိုးစားခဲ့ပါတယ်။ အဲဒီမှာမှ ပဋိစ္စသမုပါဒ် တို့ အကြောင်းအကျိုးတို့ ဆိုတာတွေကို အများကြီး လေ့လာခဲ့ပါတယ်။ ခန္ဓာမှာလဲ အမျိုးမျိုး စမ်းစစ်ကြည့်ခဲ့ပါတယ်။ အနတ္တကို နားလည်အောင် ကြိုးစားရတာဟာလဲ အင်မတန်ကိုပဲ ခက်ခဲခဲ့ပါတယ်။ သူများကိုမေးရင် အမှားပါမှာ စိုးတဲ့အတွက် ကိုယ့်ဟာကိုယ်ပဲ တယောက်တည်း ကြိုးစားခဲ့တဲ့ အချိန်တွေ များပါတယ်။ အနတ္တနဲ့ ပါတ်သက်ပြီး နားလည်အောင်လုပ်ခဲ့ရတာဟာလဲ နှစ်နဲ့ချီကြာခဲ့ပါတယ်။ အဲလိုနဲ့ နောက်ဆုံးမှာတော့ ၂၀၂၂ လောက်မှာပဲ အနတ္တအနေနဲ့ အားလုံးကို ရှုမှတ်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ရှုမှတ်စိတ်ကိုတော့ အနတ္တအဖြစ်ပြန်ရှုဖို့ လုပ်သင့်၏ မလုပ်သင့်၏ ဆိုတာကို မသိပဲ (မိုးကုတ်ဆရာတော်ကြီးတရားထဲမှာ ရှုမှတ်မှုဟာ အမောဟ ဖြစ်တဲ့အတွက် ပြန်မရှုရ ဆိုတဲ့သဘော အမှတ်မှားခဲ့လေတော့) ရှုမှတ်မှုကို ပြန်ရှုမှတ်ဖို့ (တနည်း) အနတ္တအဖြစ် ပြန်ကြံစည်ဖို့ ကျန်နေခဲ့ပါတယ်။ အဲလိုနဲ့ပဲ မဂ်ဖိုလ်ရဖို့ အချိန်အကြာကြီး ကြန့်ကြာနေခဲ့ ပြန်ပါတယ်။ ကောင်းမွန်တဲ့ မိတ်ဆွေအထောက်အပံ့အနေနဲ့ အင်တာနက်ပေါ်မှာ တရားနဲ့ ပါတ်သက်ပြီး အငြင်းအခုန် လုပ်နေကြ ကိုကောင်း ဆိုတဲ့ မိတ်ဆွေ မဂ်ရသွားတာကို သိခွင့်ရခဲ့ပြီး သူ့ရဲ့ လမ်းညွှန်ချက်အရ ရှုဉာဏ်ကိုပါ အနတ္တအဖြစ် ခန္ဓာအဖြစ် ပြန်ရှုမှတ်ဖို့ သဘောပေါက်ခဲ့ပြီး တရာအားထုတ်သက် အလွန်ကြာနေပြီ ဖြစ်တာကြောင့် သင်္ခါရုပေက္ခာဉာဏ် အစစ်ကို ရောက်သွားခဲ့ပါတယ်။ သင်္ခါရုပေက္ခာဉာဏ်အစစ်မှာ ကျနော် အချိန်အကြာကြီး မနေခဲ့ရပါဘူး။ သင်္ခါရုပေက္ခာဉာဏ်ရဲ့ ရှုမှတ်မှုကတော့ အားစိုက်မှု ကိုယ်တိုင်ကို အနတ္တအဖြစ် သဘောပေါက် တဲ့ စိတ်နဲ့ ဖြစ်တာမို့ အင်မတန်ရှုမှတ်လို့ ကောင်းစွာနဲ့ မဂ်ဉာဏ်ဆီကို ရောက်သွားခဲ့ပါတယ်။ ကျနော် သင်္ခါရုပေက္ခာဉာဏ် အစစ်မှာ အချိန် တပါတ်ကျော်လောက်ပဲ ကြာခဲ့တယ်လို့ မှတ်မိနေပါတယ်။ မဂ်ကျမယ့် နေ့မှာတော့ ထုံးစံအတိုင်း သင်္ခါရုပေက္ခာနဲ့ နေနေရင်းနဲ့ ခန္ဓာရဲ့ အနတ္တ အချက်ကို အဆုံးစွန်ထိ သဘောပေါက်သွားခဲ့တာပါပဲ။ အဲလို သဘောပေါက်သွားတဲ့အခါမှာ အနိစ္စအချက်ကိုလဲ ဖျတ်ဆို တချက် ကြံစည်လိုက်မိပါတယ်။ အဲဒီမှာ သင်္ခါရတရားတွေဟာ အတ္တလဲမဟုတ် (အနှစ်သာရ၊ ရပ်တည်ရာလဲ မရှိ) ဖြစ်ပြီးပျက်နေတာ သက်သက်လဲ ဖြစ်တဲ့ အတွက် ဘာမှကို တွယ်တာစရာ မရှိပါလား ဆိုတာကို ဖျက်ကနဲ တချက်သဘောပေါက်သွားခဲ့ပါတယ်။ အဲဒီမှာ ဟာ ဆိုတဲ့ စိတ်ကလေး ဖြစ်ပြီး သင်္ခါရတရားတွေဟာ ရပ်သွားတယ်လို့ပဲ ပြောရမှာပါပဲ။ အဲဒီမှာမှ နိဗ္ဗာန်ဆိုတာလှမ်းမြင်လိုက်ရပါတယ်။ အဲဒီနောက်မှာတော့ ဖိုလ်စိတ်က လိုက်လာပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုပါတော့တယ်။ အဲဒီအချိန်အတွင်းမှာပဲ အနတ္တအချက်ကို အဆုံးမြင်လိုက်တာ ဒိဋ္ဌိကိလေသာ နဲ့ ဝီစိကိစ္ဆာကိလေသာ သေသွားတာတွေဟာ ဆက်တိုက် ဖြစ်သွားတာပါပဲ။ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုက်တဲ့ ဖိုလ်မှာ ဝီစိကိစ္ဆာကိလေသာ ဟာ အကုန်ကုန်သွားတယ် လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်အတောအတွင်းမှာပဲ ခံစားလိုက်ရတာက အတ္တဆိုတာရှိတဲ့အတွက် ပင်ပန်းမှု ဆိုတာ ရှိတာ အတ္တဆိုတာ မရှိတဲ့အတွက် ပင်ပန်းမှု ဆိုတာလဲ မရှိဘူး ဆိုပြီး တရားအားထုတ်တဲ့ တလျှောက်၊ ဒီထက် ပြောရရင် သံသရာတလျှောက်လုံးက မောပန်းမှုတွေဟာ အကုန်ပြေပြောက်သွားခဲ့ရပါတယ်။ (ဒါကတော့ တချို့တွေ ပြောကြတဲ့ ရင်ဘတ်ကို စီးတွန်းလိုက်သလို ပင်ပန်းမှုတွေ လျော့သွားတယ်၊ အပူပြင်ကြီးကလာတဲ့သူ အရိပ်ထဲဝင်ပြီး ရေအေးလေး သောက်လိုက်ရတယ် လို့ ပြောလေ့ရှိတဲ့ အချိန်အပိုင်းအခြားပါပဲ)။ ပင်ပန်းမှုတွေ အကုန်ပြေပျောက်ပြီး ဖိုလ်ကို သုံးကြိမ်ပြန် ပြီး အမှတ်ရမိပါတယ်။ ဖိုလ်ရဲ့ အကြောင်းဆိုတာကတော့ တကယ်ကို ပြောရခက်ပါတယ်။ အေးချမ်းမှု၊ လွတ်လပ်မှု၊ သံသရာက လွတ်မှု စတဲ့ အရာတွေ အကုန်ပါဝင်နေတာမို့ ရောက်တဲ့သူတွေအချင်းချင်းပဲ ပြောလို့ရတဲ့ ကိစ္စလို့ ပြောရမှာပါ။ နိဗ္ဗာန်ဆိုတာကို သဘောပေါက်မှု၊ ကိလေသာ ကုန်သွားတာကို သဘောပေါက်မှု၊ ပြန်ဆင်ခြင်မှု ဆိုတာတွေက အဲဒီနောက်မှာ လိုက်လာပါတယ်။
အဲဒီနောက်မှာတော့ ကျနော် ပဋိစ္စသမုပါဒ်နဲ့ အရင် ရှုနေကြ ဒိဋ္ဌိ ဖြစ်နေကြနေရာမှာ ဒိဋ္ဌိ ကိလေသာ လုံးဝမဖြစ်တော့ပါဘူး။ အရင်ကြံစည်ခဲ့တဲ့ အတ္တဆိုတာကို လုံးဝကို နားမလည်တော့လောက်အောင် ဖြစ်ပြီး ဒိဋ္ဌိကိလေသာ ကုန်သွားတာကိုလဲ ထင်ရှားစွာ သဘောပေါက်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ဝန်ထုပ်ဝန်ပိုးကြီးတွေ အကုန်လုံးကနေ လွတ်ကျသွားသလိုမျိုး ခံစားရပြီး သံသရာမှာ အပျော်ကြီး ပျော်ရတယ် ဆိုတဲ့ အဖြစ်ဟာ ရောက်လာတော့တာပါပဲ။ အဲဒီအချိန်မှာ တရားအားထုတ်တဲ့အလုပ်ကို ဆက်လုပ်စရာ မလိုတော့ပဲ ကိုယ့်ရဲ့ ကိလေသာကို ဆင်ခြင်တဲ့အလုပ်၊ မဂ်ကို ဆင်ခြင်တဲ့အလုပ်၊ ဖိုလ်ကို ဆင်ခြင်တဲ့ အလုပ်တွေကိုပဲ ထပ်ခါ ထပ်ခါ လုပ်နေမိခဲ့ပါတယ်။ အဲလို လုပ်လေလေ ပျော်ရွှင်မှုကိုလဲ ခံစားရလေလေပါပဲ။ ကျနော့်ကို ကူညီ ပေးခဲ့တဲ့ ဆရာသမားတွေနဲ့ မဂ်ဖိုလ် အကြောင်း စကားပြောပြီးတဲ့အချိန်မှာတော့ တရားအားထုတ်တဲ့ အလုပ်ကို ရပ်ဖို့ပဲ စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်အတွင်းမှာက တရားက အားထုတ်တယ် မဟုတ်ပဲ ရှေ့ဆက်သွားနေခဲ့ပါသေးတယ်။ အဲလိုဖြစ်ရာကနေ ကာမ နဲ့ ပါတ်သက်ပြီး အပြစ်တွေကို မြင်သလို ဖြစ်လာတဲ့ အချိန်မှာတော့ ကာမဂုဏ်ကို လုံးဝ မစွန့်လိုဘူး ဆိုတဲ့ စိတ်နဲ့ (ကျနော့်အတွက် ကျန်တဲ့ခုနှစ်ဘဝကို အပြည့်နေလိုပါသေးတယ်၊ တရားဟောဖို့ကတော့ အဓိက အချက်ပါပဲ) တရားထိုင်တဲ့ အလုပ်ကို လုံးဝ ရှောင်ပြီး နေခဲ့တာ ဒီနေ့အထိပါပဲ။ ကျနော့် ဆရာသမားတယောက်ရဲ့ ပြောပြချက်အရကတော့ ကျနော်မဂ်ကျတာဟာ ပညာနဲ့ ကျတာလို့ ပြောပါတယ်။ အဲဒီနောက်မှာတော့ ကျနော့်ရဲ့ အတွေ့အကြုံနဲ့ မဂ် ဘယ်လို ကျတယ် ဆိုတာကို အပြန်ပြန်အလှန်လှန်စဉ်းစားပြီး ဘဝ နဲ့ ပါတ်သက်လို့ အကောင်းဆုံး အလုပ်ဟာ ကျနော်တရားအားထုတ်မှု အတွေ့အကြုံတွေ မဂ်ဖိုလ် အကြောင်းတွေ၊ တရားအားထုတ်မှု အကြောင်းတွေ၊ အနတ္တအကြောင်းတွေ စတာတွေကို အများအတွက် အကျိုးအရှိဆုံးဖြစ်အောင် စာရေးတဲ့ အလုပ်ပဲ လုပ်တော့မယ် လို့ စဉ်းစားပြီး ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို နဲ့ နောက်ထ လအနည်းငယ် ကြာတဲ့အခါမှာတော့ ကိုယ် အသက်ရှင်ရပ်တည်ရေးအတွက် စာရေးတဲ့ အလုပ်နဲ့ အင်တာနက်ပေါ်ကနေ စာမူခတောင်းပြီး နေထိုင်မယ်လို့ ဆုံးဖြတ်ပြီး ရှေ့ဆက်ခဲ့တာဟာ ဒီနေ့အထိပါပဲ။ ကျေးဇူးတင်ပါတယ်။


Leave a Reply