မဂ်ကျခါနီးဟာ လူတိုင်းအတွက်ထူးခြားပါတယ်။ ကျနော့်အတွက်ကတော့ မဂ်ကျခါနီးအချိန်ကို ပြန်စဉ်းစားလိုက်ရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တပေါ် ဉာဏ်သက်ဝင်နေမှုကို သတိရတယ်။ အပျက်မှသည် နိဗ္ဗာန်ဆီသို့ စာအတိုင်း အနိစ္စနဲ့ အနတ္တကို ထောက်ပံ့ပေးနေပုံကို မြင်ရတယ်။ အနတ္တရဲ့ သဘာဝကိုလဲ ဉာဏ်ရှင်းလာတယ်။ အဲဒီကနေ ရှုဉာဏ်ရဲ့ အနတ္တဖြစ်ပုံကိုပါ မြင်လိုက်တော့ ခန္ဓာကိုယ် တခုလုံးမှာ ဝေဒနာတွေ ပြင်းပြင်းထန်ထန်ဖြစ်တယ် နာကျင်တာမဟုတ်ဘူး။ အသားတွေကို ဆွဲလှုပ်နေသလို ဖြစ်တာပါ။ စိတ်ရဲ့ အစဉ်တခုလုံးက ကိလေသာကြားမခိုပဲ တရားပေါ်ပဲတောက်လျှောက်ဆင်ခြင်တယ်။
စိတ်ကလေးတစ်ခုပျက်သွားရင် အနိစ္စဆိုတဲ့ သဘောလေးကို ရှုမှတ်မှု အရမ်းသားကျနေတဲ့ စိတ်က သိလိုက်တယ်။ ဟုတ်တယ် ခိုင်မြဲတဲ့ ငါဆိုတာ မရှိပါလား အနတ္တပါလားဆိုပြီး ဆင်ခြင်နေရင်းနဲ့ အနိစ္စ နဲ့ အနတ္တထင်ရှားတော့မှ အရာအားလုံးသည် ဒုက္ခစစ်စစ်တွေပဲလို့ ဒုက္ခကိုလဲ မြင်တယ်။ အဲဒီနောက်တော့ ဒုက္ခသစ္စာနဲ့ သမုဒယ သစ္စာကိုလောင်စာနဲ့မီးတောက်နေတဲ့ ထင်းတုံးကြီးလိုမြင်တယ်။ အဲဒီနောက်မှာတော့ စိတ်က အရမ်းစူးစိုက်နေပြီး နိဗ္ဗာန်ကို မြင်လိုက်တာပါပဲ။ ပရမတ္တတရားလေးပါးမှာ နိဗ္ဗာန်က သူတမျိုးတည်း ယှဉ်ဖက်မရှိရပ်တည်တယ်။ နိဗ္ဗာန်ဆိုတာ တရားတမျိုးပါပဲ။ နိဗ္ဗာန်သည် ဘာအကြောင်းကြောင့်မှ ဖြစ်လာခြင်းမဟုတ် အပြစ်ကင်းသော ထွက်ရာလမ်းဆိုတာကို သဘောပေါက်သွားတယ်။ နိဗ္ဗာန်မြင်ပြီးတည်းက လူက ထူးခြားသွားတာတွေ အများကြီး လောကုတ္တရာတရားတွေက ပိုဆန်းကျယ်တယ်။ ရှင်းပြရခက်သလို သိပ်လဲမရှင်းပြချင်ဘူး။ ပထမမဂ်ကျဖို့ အရေးကြီးတာမို့ သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ တို့ကို ဖတ်စေချင်ပါတယ်။
မဂ်ကျတဲ့အခိုက်ဟာ သံသရာတခုလုံးမှာ တခုတည်းသော အဓိပ္ပါယ်ဖြစ်တဲ့ သံသရာလွတ်ကြောင်းနဲ့ ဘဝအပိုင်းအခြားတခုပြီးရင် သံသရာက အပြီး လွတ်တော့မယ်ဆိုတဲ့ စိတ်ဟာ ကျနော့်အတွက် အတော်လေးနေသာပါတယ်။ အသက်ရှည်သေးသ၍တော့ စာပဲရေးသွားမယ် စဉ်းစားပါတယ်။ ကျနော်စာရေးနေတာက တခြားအလုပ်လုပ်နေတာထက် ပို အကျိုးရှိမယ် ထင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *