မိတ်ဆွေ… ဒီနေ့ ခင်ဗျားတို့ရဲ့ အယူအဆတွေကို ခွဲစိတ်ခန်း ဝင်ရပါလိမ့်မယ်။ နည်းနည်းတော့ နာမယ်။ ဒါပေမဲ့ ဒီအနာပျောက်မှ ခင်ဗျားတို့ သံသရာက လွတ်မှာမို့ သည်းခံပြီး ဖတ်ပေးပါ။
ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဘုန်းကြီးကျောင်းသွားကြတယ်။ လှူကြ၊ တန်းကြတယ်။ ကုသိုလ်လုပ်ကြတယ်။ ဒါပေမဲ့ ခင်ဗျားတို့ မသိတာတစ်ခု ရှိတယ်။ ဘုန်းကြီးကျောင်းတိုင်းဟာ “နိဗ္ဗာန်” ကို ပို့ပေးနေတာ မဟုတ်ပါဘူး။ တချို့သော ဘုန်းကြီးကျောင်းတွေက ခင်ဗျားတို့ကို “သံသရာထောင်ကြီး” ထဲမှာ သက်တောင့်သက်သာ နေတတ်အောင် သင်ပေးနေတဲ့ “ထောင်ပိုင်တွေ” ဖြစ်နေလို့ပါပဲ။
အမျိုးအစား (၁) – ခင်ဗျားကို သတ်မယ့် “ထုံဆေး” ကျောင်းများ
ပွင့်ပွင့်လင်းလင်း ပြောကြကြေးဗျာ။ ဘုန်းကြီးကျောင်း တစ်ခုကို ရောက်သွားတယ်။ ဆရာတော်က ဟောတယ်။ “စိတ်ချမ်းသာအောင်နေပါ၊ ဒေါသ မထွက်ပါနဲ့၊ အလှူရေစက် လက်နဲ့မကွာ လှူပါ၊ ဒါမှ နောက်ဘဝ လူချမ်းသာဖြစ်မယ်၊ နတ်ဖြစ်မယ်၊ စီးပွားတက်မယ်” ခင်ဗျားတို့ကလည်း သဘောကျပြီး “ငါ ကုသိုလ်ရပြီ၊ စိတ်အေးချမ်းသွားပြီ” ဆိုပြီး ပြန်လာကြတယ်။
အဲဒါ ခင်ဗျားတို့ “အဆိပ်” ကို ဝယ်သောက်လာတာပါ။ ဘာဖြစ်လို့လဲ? ၁။ လောဘကို မွေးမြူခြင်း: “နောက်ဘဝ ချမ်းသာချင်လို့ လှူတယ်” ဆိုကတည်းက ခင်ဗျားစိတ်မှာ လိုချင်တပ်မက်တဲ့ “လောဘ” ကပ်ပါသွားပြီ။ ၂။ အတ္တကို ကြီးထွားစေခြင်း: “ငါ လှူတာ၊ ငါ့ကုသိုလ်၊ ငါ စိတ်ချမ်းသာတယ်” ဆိုတဲ့ “ငါ” ကို ပိုပြီး အားကောင်းအောင် လုပ်ပေးလိုက်သလို ဖြစ်နေတယ်။ ၃။ သံသရာကို ရှည်စေခြင်း: လူချမ်းသာ ဖြစ်ချင်တယ်၊ နတ်ဖြစ်ချင်တယ် ဆိုတာ “အို၊ နာ၊ သေ” ဒုက္ခအသစ် တစ်ခုကို လိုချင်ပါတယ်လို့ ဆုတောင်းတာနဲ့ အတူတူပါပဲ။
ကျွန်တော့်ကို ကြည့်ပါ။ ကျွန်တော် သားနဲ့ ဇနီးနဲ့ ခွဲနေရတာ ၁၃ နှစ် ရှိပါပြီ။ ဒါဟာ လူ့ဘဝရဲ့ ဒုက္ခအမှန်တရားပဲ။ တကယ်လို့ ဆရာတော်တစ်ပါးက “ဒါယကာကြီး… လှူလိုက်ပါ၊ နောက်ဘဝကျရင် သားမယားနဲ့ ပျော်ပျော်ရွှင်ရွှင် ပေါင်းရပါစေလို့ ဆုပေးမယ်” လို့ ပြောရင်… အဲဒီ ဆရာတော်ကို ကျွန်တော် ပြန်လျှောက်မိလိမ့်မယ်။ “အရှင်ဘုရား… တပည့်တော်ကို ဒုက္ခတွင်းထဲ ပြန်မပို့ပါနဲ့တော့” လို့။
ချစ်ရသူနဲ့ ခွဲရတဲ့ ဒုက္ခ၊ အိုရတဲ့ ဒုက္ခ၊ သေရတဲ့ ဒုက္ခတွေ ရှိမှန်းသိလျက်နဲ့ အဲဒီဘဝတွေကို ပြန်ရဖို့ ဟောပြောနေတဲ့ ဘုန်းကြီးကျောင်းတွေဟာ… ခင်ဗျားတို့ကို အမှန်တရားနဲ့ ဝေးရာကို တွန်းပို့နေတဲ့ နေရာတွေပါပဲ။ အဲဒီကရတဲ့ “စိတ်အေးချမ်းမှု” ဆိုတာ မူးယစ်ဆေး သုံးလိုက်သလို ခဏတာ ထုံသွားတဲ့ သဘောသက်သက်သာ ဖြစ်ပါတယ်။
အမျိုးအစား (၂) – ခင်ဗျားကို ကယ်တင်မယ့် “ခွဲစိတ်ခန်း” ကျောင်းများ
ဒါပေမဲ့… ရှားရှားပါးပါး ဘုန်းကြီးကျောင်းတချို့ ရှိတယ်။ အဲဒီကျောင်းတွေက ခင်ဗျားတို့ကို ချော့သိပ်မှာ မဟုတ်ဘူး။ ရိုက်နှိုးပါလိမ့်မယ်။
အဲဒီကျောင်းတွေကို သွားရင် ခင်ဗျား ဘာကြားရမလဲ။ “ဒါယကာ… မင်းခန္ဓာကိုယ်ကြီးက ရွံစရာကြီး၊ မင်းစိတ်က မင်းမပိုင်ဘူး၊ အခုဖြစ် အခုပျက်နေတာ။ လောကကြီးမှာ ‘ငါ’ ဆိုတာ မရှိဘူး။ အကြောင်းအကျိုး စက်ယန္တရားကြီး လည်ပတ်နေတာပဲ ရှိတယ်” လို့ ဟောပါလိမ့်မယ်။
နားထောင်ရတာ ကြမ်းတမ်းသလိုပါပဲ။ စိတ်ချမ်းသာစရာ မကောင်းသလိုပါပဲ။ ဒါပေမဲ့ အဲဒါကမှ တကယ့် “ထွက်ပေါက်” ပါ။
အဲဒီလို ဟောပြောတဲ့၊ ဝိပဿနာ ကို ဦးစားပေးတဲ့ ကျောင်းတွေက ခင်ဗျားတို့ကို ဘာပေးသလဲ။ ၁။ အနိစ္စ (မမြဲခြင်း): ဘယ်အရာမှ တွယ်တာစရာ မရှိဘူးလို့ သိလိုက်တဲ့အတွက်၊ ပစ္စည်းဥစ္စာ ဆုံးရှုံးရင်လည်း မပူလောင်တော့ဘူး။ ၂။ ဒုက္ခ (ဆင်းရဲခြင်း): ဒီခန္ဓာကြီးဟာ ဝန်ထုပ်ဝန်ပိုးကြီးပဲလို့ သိသွားတဲ့အတွက်၊ နောက်ဘဝ လူပြန်ဖြစ်ဖို့၊ နတ်ဖြစ်ဖို့ စိတ်မကူးတော့ဘူး။ သံသရာပြတ်ဖို့ပဲ ဦးတည်တော့တယ်။ ၃။ အနတ္တ (ကိုယ်ပိုင်မဟုတ်ခြင်း): “ငါ” မရှိမှန်း သိသွားတဲ့အတွက်၊ သူများ ငါ့ကို ပြောဆိုရင်လည်း ဒေါသ မထွက်တော့ဘူး။ မာန မကြီးတော့ဘူး။
အဲဒီ အသိဉာဏ် (မဂ်ဉာဏ်/ဖိုလ်ဉာဏ်) ကို ရလိုက်တဲ့ “အေးချမ်းမှု” ကသာလျှင် ဘယ်တော့မှ မပျက်စီးမယ့် ထာဝရ ငြိမ်းချမ်းမှု ဖြစ်ပါတယ်။ ဘဝရဲ့ မုန်တိုင်းတွေ ဘယ်လောက်တိုက်တိုက်၊ ဝိပဿနာဉာဏ် ရှိနေတဲ့သူက တုန်လှုပ်မှာ မဟုတ်တော့ပါဘူး။
ရွေးချယ်ရမယ့် အချိန်ရောက်ပြီ
မိတ်ဆွေ… ခင်ဗျား ပိုက်ဆံတွေ အများကြီး အကုန်ခံပြီး လှူနေတာ… သံသရာထောင်ကြီးရဲ့ ခြံစည်းရိုးကို “ရွှေချ” နေတာလား။ ဒါမှမဟုတ်… အဲဒီ ထောင်ကြီးကို ဖြိုချမယ့် “ဗုံး” (ဝိပဿနာဉာဏ်) ကို ဝယ်နေတာလား။
လူမှုရေးတရား၊ လောကီစီးပွားတက်လမ်း၊ စိတ်ဖြေဖျောက်ရေး သက်သက်လောက်ပဲ ဟောနေတဲ့ ဘုန်းကြီးကျောင်းတွေကို သွားပြီး အချိန်မဖြုန်းပါနဲ့။ အဲဒါတွေက ခင်ဗျားတို့ အိမ်မှာနေရင်း ကိုယ့်ဘာသာ လုပ်ယူလို့ ရပါတယ်။
ခင်ဗျားတို့ တကယ် ထောက်ပံ့လှူဒါန်းရမှာက – “ရုပ်နဲ့ နာမ်ရဲ့ ဖြစ်ပျက်ကို ဟောတဲ့ကျောင်း၊ ငါ ဆိုတဲ့ အတ္တ မရှိကြောင်းကို ရှင်းပြတဲ့ ရဟန်းသံဃာတွေနဲ့ လူပုဂ္ဂိုလ်တွေ” ဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ခု အထူးပြောချင်တာက – တရားဆိုတာ သင်္ကန်းမှာ ရှိတာ မဟုတ်ပါဘူး၊ ဉာဏ်မှာ ရှိတာပါ။ ဘုရားရှင် ကိုယ်တော်တိုင်က “အကြင်သူသည် တရားကို မြင်၏၊ ထိုသူသည် ငါဘုရားကို မြင်၏” လို့ ဟောခဲ့ပါတယ်။ ဒါကြောင့် ဝိပဿနာတရား ပြန့်ပွားအောင် လုပ်ဆောင်နေတဲ့ ရဟန်းတွေကိုသာမက၊ ကျွန်တော့်လိုမျိုး ရေးသားဟောပြောနေတဲ့ လူပုဂ္ဂိုလ်တွေကိုလည်း ဝိပဿနာ ပြန့်ပွားရေးကို ရှေးရှုပြီး ခွဲခြားမနေဘဲ ထောက်ပံ့ကူညီသင့်ပါတယ်။
ခင်ဗျားတို့ရဲ့ ထောက်ပံ့မှုဟာ ကျောင်းတိုက်ကြီးတွေ အကြီးအကျယ် ဖြစ်လာဖို့ မဟုတ်ဘဲ၊ လူတွေရဲ့ နှလုံးသားထဲမှာ “ဉာဏ်အလင်း” ပွင့်လာဖို့ ဖြစ်သင့်ပါတယ်။ အမှန်တရားဟောပြောသူတွေကို ထောက်ပံ့ခြင်းဟာ အမှန်တရားကို ထောက်ပံ့ခြင်းပါပဲ။
ကျွန်တော်တို့ သံသရာမှာ နေခဲ့ရတာ ကြာပါပြီ။ ခွဲခွာခြင်း ဒုက္ခတွေ၊ ငိုကြွေးခြင်း ဒုက္ခတွေနဲ့ ရင်းနှီးခဲ့တာ ကြာပါပြီ။ ဒီဘဝမှာတော့… ထုံဆေးထိုးပြီး ပြန်အိပ်မနေကြပါနဲ့တော့။ ခွဲစိတ်ခန်း ဝင်ဖို့ သတ္တိမွေးပြီး၊ အမြစ်ပြတ် ကုသပေးမယ့် ဆရာကောင်း သမားကောင်း (ဝိပဿနာ ဆရာတော်များနှင့် လူပုဂ္ဂိုလ်များ) ဆီကိုသာ တူရူမတ်မတ် သွားကြပါစို့။
အမှန်တရားသည်သာ လွတ်မြောက်ရာ ဖြစ်သည်။


Leave a Reply