ရုပ်နာမ် ကွဲဖို့သည် နံပါတ်တစ် ဖြစ်ပါတယ်။ အကြောင်းအကျိုးသိဖို့သည် နံပါတ်နှစ် ဖြစ်ပါတယ်။ လက္ခဏာရေးသုံးပါး သဘောပေါက်ဖို့သည် နံပါတ်သုံး ဖြစ်ပါတယ်။ ဖြစ်ပျက်မြင်ဖို့သည် နံပါတ်လေး ဖြစ်ပါတယ်။ ဖြစ်ပျက်ကို စိတ်သထက် စိတ်အောင် (ဖြစ်ပျက်မှ တပါး တခြားမရှိ၊ ဖြစ်ခြင်း ပျက်ခြင်းသာ) ရှုမှတ်နိုင်ဖို့ကတော့ အရေးအကြီးဆုံး အပိုင်းပဲ ဖြစ်ပါတယ်။ ဖြစ်ပျက်မြင်မှုတွေ စိတ်လာပြီဆိုရင်၊ ထိုင်လိုက်တာနဲ့၊ အာရုံစိုက်လိုက်တာနဲ့ ဖြစ်ပျက်တွေချည်း မြင်နေပြီဆိုရင်တော့ ဉာဏ်ဟာ နောက်တဆင့်ကို တက်ပါလိမ့်မယ်။
အဲဒါကတော့ ကိုယ်တကယ် ရှုမှတ်နိုင်တာသည် အဖြစ်ကို မဟုတ် အပျက်ကိုသာ ရှုမှတ်နိုင်လိုက်တာ ဖြစ်ကြောင်း သဘောပေါက်ခြင်းပါပဲ။ ဒီနေရာမှာ ကိုယ်တိုင် သဘောပေါက်လာတာ ဖြစ်နိုင်သလို၊ ဒီစာကို ဖတ်ပြီးမှ သဘောပေါက်တာလဲ ဖြစ်နိုင်ပါတယ်။ ဖြစ်ပျက်ကို တကယ် ရှုမှတ်လာတဲ့အခါမှာ အပျက်နောက်မှသာ ကိုယ်က ဖြစ်ပျက်လို့ ဆုံးဖြတ်လိုက်နိုင်တာဆိုတာကို သဘောပေါက်လာပါလိမ့်မယ်။ ကိုယ်တကယ်မြင်တာသည် အပျက်သာ ဖြစ်သည်လို့ သဘောပေါက်နိုင်ဖို့ပါပဲ။ တကယ်လဲ အပျက်ရောက်မှသာ ရှုမှတ်မှု ဝင်လာတာ ဖြစ်ပါတယ်။ အဲဒီတော့ အပျက်ချည်းသက်သက်ရှုနေရတယ် ဆိုပြီး ဉာဏ် နောက်တဆင့် တက်ဖို့ပါပဲ။ ဒီအဆင့်ကို ရောက်ပြီဆိုရင် စိတ်ဟာ မဖြစ်ပဲလဲ မနေနိုင် ဖြစ်ပြန်တော့လဲ ပျက်ရပြန်၊ ကိုယ်သိလိုက်တာကလဲ အပျက်မှာ သိခြင်း ဆိုတာမျိုး သဘောပေါက်ပြီး အပျက် ပြီး အပျက်၊ အပျက်ပြီး အပျက် ဆိုပြီး အပျက် တွေကိုချည်း တရစပ် မနာတမ်း တွေ့နေရတော့ မှာပါ။ ဖြစ်ပျက်ရှုမှတ်မှု အားကောင်းလာစဉ်မှာတော့ ပီတိတွေ ပဿဒိတွေ (ရှုမှတ်လို့ အားကောင်းပြီး ငြိမ်းချမ်းမှုတွေ) တွေ့လာခဲ့နိုင်ပါတယ်။ အခုအပိုင်းမှာတော့ အပျက်ချည်းပဲ မြင်တာကို အာရုံစိုက်ဖို့ ပါပဲ။ အပျက်ပြီး အပျက် အပျက်မှတပါး တခြားမရှိဆိုတာကို တွေ့လာတဲ့ အခါမှာတော့ ဘယ လို့ခေါ်တဲ့ ရုပ်နာမ် ဟာ ကြောက်စရာ ဘေးကြီးပဲ ဆိုတာကို သဘောပေါက်လာပါလိမ့်မယ်။ အဲလိုအချိန်မှာ ရှုရတာ ကောင်းလာသလို ရှုရတာက အပျက်တွေချည်းပဲ ဘာမှ ထူးခြားတာ မရှိဘူး ဆိုတာမျိုး ဖြစ်တတ်ပါတယ်။ လက်မလျော့ပါနဲ့ ဆက်ပြီး ရှုပါ။ ဘေးကြီးပဲ ဆိုတာကနေ ပြီး ရုပ်နာမ် အကုန်လုံးဟာ တကယ်တော့ အပြစ်သင့်နေတာပဲ ဆိုတာမျိုး သဘောပေါက်လာပါလိမ့်မယ်။ ရုပ်နာမ် ရှိနေခြင်းဟာ အကြီးဆုံးသော အပြစ်သင့်ခြင်းပဲ ဆိုတာမျိုး သဘောပေါက်လာရတာပါ။ ရုပ်နာမ် ရဲ့ အပြစ်ကို မြင်တယ်လို့ ပြောချင်လဲ ပြောနိုင်ပါတယ်။ အဲဒီဉာဏ်ကိုတော့ အာဒီနဝ ဉာဏ်လို့ ခေါ်ပါတယ်။ အပျက်ချည်းသက်သက်မြင်တဲ့ ဉာဏ်ကိုတော ဘင်္ဂဉာဏ်လို့ ခေါ်ပါတယ်။ အဲလို အပြစ်တွေပဲလို့ မြင်လာလဲ ဆက်ပြီးသာ ရှုပါ။ ရှုရတာ ပျင်းသလိုလို ငြီးငွေ့သလို လို ဖြစ်လာပါလိမ်မယ်။ အဲဒီအပိုင်းကတော့ မိုးကုတ်ဆရာတော်ကြီး ဟောတဲ့ ဖြစ်ပျက် မုန်းတယ် ဆိုတဲ့ ဉာဏ်ပါပဲ။ ဖြစ်ပျက်တွေကို မုန်းသထက် မုန်းလာရင် စွန့်လွှတ်ချင်တဲ့ စိတ်တွေ ပေါက်လာပါလိမ့်မယ်။ ဖြစ်ပျက်တွေကို မုန်းတာကတော့ နိဗ္ဗိဒါဉာဏ် ဖြစ်ပြီး စွန့်လွှတ်ချင်တာကတော့ မုစ္စိတုကမျတာဉာဏ် ဖြစ်ပါတယ်။
အဲလို ရှုမှတ်တဲ့အခါမှာ အရေးကြီးတာက ရှုဉာဏ်သည်လည်း အပျက်ပဲ ဆိုတာကိုပါ သဘောပေါက်အောင် ရှုဖို့ပါပဲ။ အပျက်တွေကိုရှုမှတ်နေတဲ့ ဉာဏ်ကလဲ အပျက်ပဲ ဆိုတာကို သဘောပေါက်တဲ့အခါမှာ တွယ်တာစရာ မှီခိုစရာ ဆိုတာမရှိတော့ပါဘူး။ အပျက်ပြီး အပျက်၊ အပျက်မှ တပါး တခြားမရှိ၊ ရုပ်ရော နာမ်ရောသည် ဖြစ်ပျက်မှတပါး တခြားမရှိဆိုပြီး အားလုံးကို မုန်းလာတာပါပဲ။ မုန်းဉာဏ် ဖြစ်လာလဲ မုန်းဉာဏ်အပျက်ကို ထပ်ရှုပါ။ စွန့်လွှတ်ချင်စိတ်က ပေါ်ကို ပေါ်လာမှာ ဖြစ်ပါတယ်။ စွန့်လွှတ်ဖို့လဲ အပြင်းအထန် ရှုမှတ်မှု တွေ ဖြစ်လာပါလိမ့်မယ်။ အချိန်တိုတဲ့အတွက် ဒီအပိုင်းတွေကတော့ အရမ်းထင်ရှားတဲ့ အပိုင်းတွေ မဟုတ်ပါဘူး။ ထင်ရှားတာက အပျက်ချည်းမြင်တဲ့ ဉာဏ်ကသာ ထင်ရှားပါတယ်။ အဲဒီနောက် ထင်ရှားတဲ့ဉာဏ်ကတော့ စွန့်လွှတ်ချင်ပေမယ့် စွန့်လွှတ်လို့ မရ ဖြစ်လာတဲ့အခါမှာ ခန္ဓာကို လျစ်လျူရှုတဲ့ ဉာဏ်ပါပဲ။ ဒီအပိုင်းမှာတော့ အနတ္တကိုပါ မြင်လာပြီ ဖြစ်ပါတယ်။ ဖြစ်ပြီးပျက်နေတာ ဖြစ်တဲ့အတွက် ခိုင်မာတဲ့ ရပ်တည်ရာ တည်မြဲမှု (အတ္တ) ဆိုတာဟာ ဘယ်မှာမှ မရှိပဲ အားလုံးဟာ အနတ္တ ဆိုတာမျိုး ဉာဏ်ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒီနေရာမှာတော့ အနတ္တ ဉာဏ်အမြင်ထည့်လို့ရပါပြီ။ ကိုယ်က အတ္တလို့ စွဲယူထားခြင်းဟာ ခုနက ငါနဲ့ အခုငါ တူတူပဲ၊ ဒီနေ့ငါနဲ့ မနက်ဖြန်ငါ ဆိုတာ တူတူပဲလို့ ယူဆထားလို့ပါ။ ဖြစ်ပျက်တွေကို မြင်တဲ့အခါမှာတော့ ခုနက ရုပ်နာမ် နဲ့ အခုရုပ်နာမ် မတူတာကိုလဲ သဘောပေါက်လာပြီ ဖြစ်တာမို့ အတ္တအယူက သူ့အလိုလို ကွာနေတာပါပဲ။ ဒါကြောင့်လဲ တချို့က ဖြစ်ပျက်မှာတင် အကုန်ပြီးတယ်လို့ ပြောကြတာ ဖြစ်ပါတယ်။ အနတ္တဆိုတာကိုလဲ ရှင်းလာမယ် ဆိုရင်တော့ မိတ်ဆွေဟာ သင်္ခါရုပေက္ခာ ဉာဏ်အတွက် အသင့် ဖြစ်နေပါပြီ။ သင်္ခါရုပေက္ခာ ဉာဏ် ဆိုတာကတော့ ရှုမှတ်မှုကလဲ ကိုယ်မဟုတ် အတ္တမဟုတ်၊ ငါရှုတာမဟုတ် ခန္ဓာရဲ့ ဖြစ်ပျက်မှု သဘာဝပဲ ဆိုတာကို သဘောပေါက်ပြီး ရှုမှတ်မှုကို လက်လွှတ်လိုက်တာပါပဲ။ တနည်းအားဖြင့် ဖြစ်မှု ပျက်မှု (သင်္ခါရတရားတွေကို) ဥပေက္ခာပြုထားလိုက်တာမျိုးပါ။
ဒီအပိုင်းမှာတော့ မြတ်စွာဘုရားဟောတဲ့ မငြိမ် မလှုပ် ကူးနည်းနဲ့ ကူးတယ် ဆိုတာကို ရောက်လာတာပါ။ မငြိမ်ဘူး ဆိုတာကတော့ ဖြစ်ပျက်မမြင်တော့ပဲ၊ အနတ္တ မမြင်တော့ပဲ မောဟအားကောင်းလာတဲ့အခါမှာ ရှုမှတ်မှုဖက် အားတိုးပေးရင်း (မငြိမ်) ရှေ့ကို သွားပါတယ်။ အဲလိုမဟုတ်ပဲ ခန္ဓာက ရှုမှတ်မှုတွေ အလိုလို ဖြစ်နေတဲ့အခါမှာတော့ ဘာကိုမှ အားတိုးမပေးတော့ပါဘူး(မလှုပ်)။ ဒါဟာ သံသရာမှာ မကြုံဖူးခဲ့တဲ့ ကိုယ့်ရဲ့ လနဲ့ ချီ နှစ်နဲ့ချီ ကြာတဲ့ ကြိုးစားမှုတွေရဲ့ အသီးအပွင့်ကို ခံစားလာရတာမျိုးပါ။ ဒီအပိုင်းမှာ အဓိက ကတော့ ခန္ဓာဆိုတာကို သိဖို့ပါပဲ။ ဖြစ်ပျက်သည်လည်း ခန္ဓာပဲ အနတ္တပဲ၊ (ငါဖြစ်ပျက်နေတာမဟုတ်) ခန္ဓာအကြောင်းအကျိုး ဖြစ်ပျက်နေခြင်းသာ ဆိုတာနဲ့ ရှုမှတ်မှုသည်လည်း ငါမဟုတ် ခန္ဓာပဲ (ငါရှုမှတ်နေတာမဟုတ်) ဆိုတာမျိုး သေသေချာချာ သဘောပေါက်ဖို့ပါပဲ။
ဒီအပိုင်းမှာ ရှင်းပြဖို့ လွယ်တဲ့နည်းကတော့ မဂ္ဂင်ဖောင်ဆိုတာနဲ့ ရှင်းပြရတာ ပိုလွယ်ပါတယ်။ မဂ္ဂင်ဖောင်ဆိုတာက နိဗ္ဗာန်သို့ ရောက်အောင် ဒီဘက်ကမ်းမှသည် ဟိုဘက်ကမ်းဆီသို့ ကူးသွားရတာမို့ မဂ္ဂင်ဖောင်လို့ ခေါ်တာ ဖြစ်ပါတယ်။ ဖောင်ဆိုတဲ့အတိုင်း ငါမဟုတ် သူမဟုတ် သတ္တဝါမဟုတ် မသိရာမှ သိရာသို့ ကူးပြောင်းသွားခြင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် အဝိဇ္ဇာလို့ ခေါ်တဲ့ သစ္စာလေးပါး မသိခြင်း (မဂ္ဂသစ္စာ နဲ့ နိရောဓ သစ္စာ ကိုမသိခြင်း) မှသည့် နိရောဓ သစ္စာကို သိခြင်း၊ နိရောဓ သစ္စာကို သိအောင် သင်္ခါရုပေက္ခာ ခေါ်တဲ့ သင်္ခါရတရားများကို မချစ်မမုန်း လျစ်လျူရှုခြင်းအားဖြင့် ကူးခတ်ခြင်းကို (ဖောင်သက်သက်အားဖြင့် ကူးခတ်ခြင်း) ကို ဆိုလိုတာပဲ ဖြစ်ပါတယ်။
ဒီအပိုင်းအထိဟာ ဆရာ့ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ကျန်တဲ့ အပိုင်းတွေကတော့ ခန္ဓာရဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီနောက်မှာ ထင်ရှားမှာကတော့ မဂ်ဉာဏ်ပဲ ဖြစ်ပါတယ်။ ဖြစ်ပျက်တွေချည်းသက်သက်မို့ အနိစ္စ၊ ဘာမှ နှစ်သက်စရာ အသုံးကျစရာ မရှိ၊ ဖြစ်ပျက်တွေချည်းသက်သက်မို့ အနတ္တ ဘာမှ နှစ်သက်စရာ အသုံးကျစရာ မရှိ ဆိုပြီး ခန္ဓာရဲ့ ဒုက္ခ အချက်ကို မြင်လိုက်ပြီး၊ ခန္ဓာတခုလုံး (သင်္ခါရလောကတခုလုံး) ဟာ နှစ်သက်စရာ အသုံးကျတာ ဘာမှ မရှိ၊ ထိုမှတပါးလဲ ဘာမှ အနှစ်သာရမရှိ ဆိုတာကို သဘောပေါက်ပြီး တသံသရာလုံး စွဲလာခဲ့ တဲ့ သမုဒယ ခေါ်တဲ့ တဏှာ ခေါ်တဲ့ လိုချင်မှု ခန္ဓာပေါ်စွဲလမ်းထားမှုဟာ တဒင်္ဂ ချုပ်သွားပြီး နိဗ္ဗာန်ကို မျက်မှောက် ပြုလိုက်တော့တာပါပဲ။ ဒါကြောင့် မဂ်ဉာဏ်ဟာ လောကကြီးမှာ သုခဆိုတာ မြူမှုန်မျှ တချက်မှ မရှိ ဆိုပြီး အကုန်လုံးဟာ ဒုက္ခပဲ လို့ ဆုံးဖြတ်ချက် ချလိုက်တဲ့ ဉာဏ်ပါပဲ။ အဲဒီနောက်မှာတော့ ဖိုလ် လိုက်လာပါလိမ့် မယ်။ ဖိုလ်ကျရင်တော့ နိဗ္ဗာန်ဆိုတာကို ကောင်းစွာ သဘောပေါက်ရှင်းလင်းပြီး ဝီစိကိစ္ဆာအကုန်ကုန်ကာ သူ့နောက်မှာတော့ မဂ်ကို ဆင်ခြင်ခြင်း၊ ဖိုလ်ကို ဆင်ခြင်ခြင်း၊ မကုန်သေးသော ကိလေသာကို ဆင်ခြင်ခြင်း ဆိုတဲ့ ပြန်လည် ဆင်ခြင်တဲ့ ဉာဏ်ရောက်လာမှာပဲ ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ်။

Leave a Reply