မိတ်ဆွေ… ဒီနေ့ ခင်ဗျား ဘုန်းကြီးကျောင်းကို ဘာသွားလုပ်မှာလဲ။
မြန်မာလူမျိုး အများစုကတော့ စိတ်ညစ်စရာရှိရင်၊ အဆင်မပြေတာရှိရင် ဘုန်းကြီးကျောင်း ပြေးကြတယ်။ ဟိုရောက်တော့ လှူမယ်၊ တန်းမယ်၊ ရေစက်ချမယ်။ ဘုန်းကြီးက “စိတ်ချမ်းသာအောင်နေ၊ မေတ္တာပို့” လို့ ဟောလိုက်ရင် စိတ်ထဲမှာ အေးကနဲ ဖြစ်ပြီး “ငါ ကုသိုလ်ရပြီ၊ စိတ်ချမ်းသာသွားပြီ” လို့ ထင်ပြီး ပြန်လာကြတယ်။
ကျွန်တော် မေးချင်တာက… ခင်ဗျား ရလိုက်တာ “ဆေးဝါး” လား၊ ဒါမှမဟုတ် ယာယီသက်သာမယ့် “ထုံဆေး” လား။
မြတ်စွာဘုရား ပေးချင်တဲ့ ဆေး
မြတ်စွာဘုရားက ကျွန်တော်တို့ကို “ဒီသံသရာကြီးက ကြောက်စရာကောင်းတယ်၊ ပြန်မလာနဲ့တော့၊ အမြစ်ပြတ်အောင် လုပ်ကြ” လို့ မှာခဲ့တာပါ။ ဒါပေမဲ့ ဒီနေ့ခေတ် ဘုန်းကြီးကျောင်း အတော်များများက ဘာဟောနေလဲ။ “ဒီဘဝ လှူရင် နောက်ဘဝ သူဌေးဖြစ်မယ်၊ နတ်ပြည်ရောက်မယ်” တဲ့။ ဒါဟာ သံသရာထဲမှာ ပြန်လည်နေဦး၊ ဒုက္ခတွေ ပြန်ခံစားဦးလို့ မြှောက်ပေးလိုက်တာနဲ့ မတူဘူးလား။
ကျွန်တော့်အဖြစ်ကို ကြည့်ပါ။ ကျွန်တော် သားနဲ့ ဇနီးနဲ့ ခွဲခွာနေရတာ ၁၂ နှစ် ရှိပါပြီ။ သောတာပန် မဖြစ်ခင်ကဆို လွမ်းရတယ်၊ ဆွေးရတယ်၊ ပူလောင်ရတယ်။ ဒါ သံသရာရဲ့ ဒဏ်ချက်တွေပါပဲ။ နောက်ဘဝ လူပြန်ဖြစ်ရင် ဒီလို ခွဲခွာခြင်း ဒုက္ခတွေ၊ အိုရ၊ နာရ၊ သေရတဲ့ ဒုက္ခတွေနဲ့ ပြန်ကြုံရဦးမှာ။ အဲဒီ ဒုက္ခတွေကို ပြန်လိုချင်လို့ ခင်ဗျားတို့ ပိုက်ဆံကုန်ခံပြီး ဆုတောင်းနေကြတာလား။
အဆိပ်ကို ရွှေရည်စိမ်ပြီး ဝယ်မသောက်ပါနဲ့
ဒါကို မြင်အောင်ကြည့်ပါ။ ခင်ဗျားမှာ ကုသဖို့ခက်တဲ့ အနာကြီးတစ်ခု ပေါက်နေတယ်။ ဆရာဝန်ဆီသွားတော့ အဲဒီဆရာဝန်က အနာကို ခွဲစိတ်မကုပေးဘဲ “ရော့… အကိုက်အခဲပျောက်ဆေးလေး သောက်လိုက်၊ ခဏနေ ပျောက်သွားလိမ့်မယ်” လို့ ပြောလိုက်ရင်… အဲဒီဆရာဝန်ကို ခင်ဗျား ကျေးဇူးတင်မှာလား။ ခဏနေရင် ဆေးရှိန်ပြယ်ပြီး အနာက ပိုရင်းလာမယ်၊ နောက်ဆုံး အသက်ပါ သေသွားနိုင်တယ်။
အခုလည်း ဒီအတိုင်းပါပဲ။ “သံသရာက လွတ်မြောက်ရေး၊ အတ္တကို ဖြိုခွင်းရေး” ကို မဟောဘဲ၊ “ယတြာချေပါ၊ ဆုတောင်းပါ၊ လှူပါ” လို့ပဲ ဟောနေတဲ့ နေရာတွေဟာ ခင်ဗျားတို့ကို “ထုံဆေး” ထိုးပေးနေတာပါ။ ခင်ဗျားတို့ကလည်း ကိုယ့်ငွေ ကိုယ်စိုက်ပြီး သံသရာရှည်စေမယ့် “အဆိပ်” ကို ဝယ်သောက်နေသလို ဖြစ်မနေဘူးလား။
ဉာဏ်နဲ့ ယှဉ်ပြီး ရွေးချယ်လှူပါ
ဒါဆို ဘာလုပ်ရမလဲ။ ဘုန်းကြီးကျောင်း မသွားရတော့ဘူးလား။ သွားပါ။ ဒါပေမဲ့ ရွေးချယ်ပါ။
အုတ်၊ သဲ၊ ကျောက်တွေနဲ့ ဆောက်ထားတဲ့ အဆောက်အဦးတွေ အကြီးအကျယ် ဖြစ်ဖို့ထက်၊ လူတွေရဲ့ နှလုံးသားထဲမှာ “အမှန်တရား” (သစ္စာ) ကိန်းအောင်းဖို့က ပိုအရေးကြီးပါတယ်။
သံသရာလည်ကြောင်း ဟောနေတဲ့နေရာမှာ လှူမယ့်အစား… “ဒီခန္ဓာကြီးက ရွံစရာကောင်းတယ်၊ ငါ ဆိုတာ မရှိဘူး၊ ဒီဒုက္ခတောကြီးကနေ ဘယ်လို ရုန်းထွက်ရမယ်” ဆိုတာကို ပြတ်ပြတ်သားသား ဟောပြောနေတဲ့ ပုဂ္ဂိုလ်တွေ (ရဟန်းဖြစ်စေ၊ လူဖြစ်စေ) ကို ရွေးချယ်ပြီး ထောက်ပံ့လိုက်ပါ။
အဲဒါဟာ – ၁။ ခင်ဗျားကိုယ်တိုင်လည်း လမ်းမှန်ကို ရောက်မယ်။ ၂။ တခြားလူတွေကိုလည်း အမှန်တရား သိစေတဲ့အတွက် ကုသိုလ်အကျိုးက အဆမတန် ကြီးမားပါတယ်။
မိတ်ဆွေ… သံသရာဆိုတာ ပျော်စရာ ကစားကွင်း မဟုတ်ပါဘူး။ မီးလောင်နေတဲ့ အိမ်ကြီးပါ။ မီးလောင်နေတဲ့အိမ်ထဲမှာ “အဲကွန်း တပ်ပေးပါ” လို့ ဆုမတောင်းပါနဲ့။ “အပြင်ကို ဘယ်လို ပြေးထွက်ရမလဲ” ဆိုတဲ့ ထွက်ပေါက်ကို ညွှန်ပြနိုင်သူတွေကိုသာ ရှာဖွေ ဆည်းကပ်ကြပါ။
ခင်ဗျားတို့ရဲ့ အလှူငွေတိုင်း၊ ခင်ဗျားတို့ရဲ့ အချိန်တိုင်းဟာ… လွတ်မြောက်ခြင်းအတွက်ပဲ ဖြစ်ပါစေ။


Leave a Reply