နာမရူပ ပရိစ္ဆေဒ ဉာဏ်လို့ခေါ်တဲ့ ရုပ်နာမ်ကို ပိုင်းခြားသိသော ဉာဏ် ရပြီးတဲ့အခါမှာ ဆက်ပြီးကြိုးစား ရမှာကတော့ အကြောင်းအကျိုးကို သိမ်းဆည်းသိသော ဉာဏ်လို့ခေါ်ပါတယ်။ ကျနော်တို့က တရားအားထုတ် တဲ့အခါမှာ အရေးကြီးဆုံး ကတော့ သက္ကော ဥဇူ စ သုဟုဇူ စ ဆိုတဲ့အတိုင်း ရိုးသားဖို့ အထူးရိုးသား ဖို့ပါပဲ။ ဆိုလို တာက ရုပ်နာမ်နဲ့ ပါတ်သက်လို့ ကိုယ်ဘယ်နေရာမှာ စိတ်မရှင်းဘူးလဲ ဆိုတာကို ကိုယ်တိုင် အရိုးသားဆုံး စစ်ဆေးဖို့လိုပါတယ်။ အနတ္တ ဆိုတဲ့အတိုင်း န အတ္တ၊ အတ္တဆိုတာမရှိ၊ တနည်းအားဖြင့် ကိုယ်လို့ ငါလို့ သိထားတဲ့ ကိစ္စဟာ အမှားကြီး ဖြစ်တယ် ဆိုတာကို နားလည်အောင် ကြိုးစားရပါတယ်။ အနိစ္စ ဒုက္ခ အနတ္တ ကိုသိသော ဉာဏ်ကတော့ အကြောင်းအကျိုး သိမ်းဆည်းသိသောဉာဏ် ပြီးတာနဲ့ လာတဲ့ဉာဏ်ပါပဲ။ အဲဒီဉာဏ်အတွက် အထောက်အပံ့ ဖြစ်စေဖို့အတွက် ပထမ အဆင့်အနေနဲ့ ရုပ်နာမ်ကို ပိုင်းခြားသိရပါမယ်။ ပြီးရင်တော့ အကြောင်းအကျိုးကို သိမ်းဆည်း သိသော ဉာဏ်လိုပါတယ်။ ဗဟုသုတ အနေနဲ့ ပြောရရင် ရှေ့ဉာဏ် နှစ်ဉာဏ် ဖြစ်တဲ့ နာမရူပ ပရိစ္ဆေဒ ဉာဏ်နဲ့ အကြောင်းအကျိုး သိမ်းဆည်းသိသော ဉာဏ်ဟာ ဖတ်ပြီး နားလည် သဘောပေါက်ဖို့ လိုတဲ့ ဉာဏ်တွေပါ။ ဒါပေမယ့် သူတို့ကို တကယ် နားလည်နိုင်ဖို့ အတွက်ကကျတော့ ဒီဉာဏ်တွေ အတွက် ဟောထားတာတွေကို ခန္ဓာနဲ့ တိုက်စစ်ပြီး မှန်တယ်ဆိုရင် လက်ခံဖို့ပါပဲ။ လက်မခံနိုင်တဲ့ ကိစ္စရှိရင်လဲ ဦးနှောက်ခါးတောင်းကျိုက်ပြီး ဘယ်နေရာမှားနေတာလဲ ခန္ဓာ ဖြစ်ပျက်နေပုံက ဒီအတိုင်း ဟုတ်ရဲ့လား ဆိုတဲ့ တွေးတော ဆင်ခြင်မှု လိုပါတယ်။
ဒီအကြောင်းအကျိုး သိမ်းဆည်းသိသော ဉာဏ် ဆိုတာကတော့ ရုပ်နာမ်ကို နာမရူပဉာဏ်မှာ ခွဲသိပြီးသားမို့ နောက်တဆင့် တက်တဲ့အနေနဲ့ ကိုယ်သိထားတဲ့ ရုပ်နာမ်တွေရဲ့ အကြောင်းအကျိုးအတိုင်း ဖြစ်ပျက်နေပုံ၊ ကိုယ်ပြုတယ်ဆိုတာ မရှိပဲ ရုပ်တရား နာမ်တရားတို့ အကြောင်းကြောင့် အကျိုးပဲ ဖြစ်နေပုံကို နားလည်အောင် ကြိုးစားရတာပါ။ ဒီနေရာမှာ အထောက်အပံ့ပေးမယ့် စာပေ အနေနဲ့က ပဋိစ္စသမုပ္ပါဒ်နဲ့ ပဌာန်းပါ။ ပဋိစ္စသမုပ္ပါဒ် မှာတော့ ခန္ဓာဖြစ်စဉ်ကို ရှင်းပြထားပါတယ်။ ပဋိစ္စသမုပ္ပါဒ် အစမှာ အဝိဇ္ဇာ ပစ္စယာ သင်္ခါရ ဆိုတာကနေ စပါတယ်။ အဝိဇ္ဇာဆိုတာ မသိခြင်းပါ၊ မသိခြင်းဆိုတဲ့ နေရာမှာ သစ္စာလေးပါးကို မသိခြင်းကို အဝိဇ္ဇာလို့ ခေါ်ပါတယ်။ ပထမ မဂ်၊ ဒုတိယ မဂ်၊ တတိယ မဂ် အထိ မှာ မောဟ မကုန်သေးပါဘူး။ သစ္စာလေးပါးကို အဆုံးထိ မသိသေးပါဘူး။ အဲဒီတော့ ရဟန္တာမှ တပါး၊ တခြားသော ရုပ်နာမ်တွေဟာ သင်္ခါရလို့ခေါ်တဲ့ ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္ဇာဘိသင်္ခါရ တို့ ဟာ သစ္စာလေးပါးကို မသိခြင်း အကြောင်းကြောင့် ဖြစ်ရပါတယ်။ အဲဒီအခါမှာ သင်္ခါရ ပစ္စယာ ဝိဉာဏ် ဆိုပြီး ပဋိသန္ဓေဝိဉာဏ် ဖြစ်ပါတယ်။ ပစ္စယာ ဆိုတာကတော့ အကြောင်းကြောင့် လို့ အဓိပ္ပါယ် ရပါတယ်။ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်။ သင်္ခါရကြောင့် ပဋိသန္ဓေဝိဉာဏ် ဖြစ်တယ်လို့ ဆိုလိုတာပါ။ အဲလိုပါပဲ ဝိဉာဏ ပစ္စယာ နာမ်ရုပ်ဆိုတဲ့အတိုင်း ပဋိသန္ဓေဝိဉာဏ်ကြောင့် နာမ်ရုပ် ဆိုတာ ဖြစ်လာခဲ့ပါတယ်။ ဒီနေရာမှာ ပဌာန်းနဲ့ ဆိုင်တာ နည်းနည်း ပြောရရင် ပဋိသန္ဓေကနေ နာမ်ရုပ်ကို ဟေတု ပစ္စယော ဆိုတဲ့ အတိုင်း လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ ဆိုတဲ့ ဟိတ်ခြောက်ပါးနဲ့ အကျိုးပြုပါတယ်။ အဲလိုပါပဲ ဘဝဖြစ်စ တခဏမှာ (ပဋိသန္ဓေ ဝိဉာဏ်ကနေ နာမ်ရုပ်အကူးမှာ) သဟဇာတ ပစ္စယော ဆိုတဲ့အတိုင်း ရုပ်နာမ်တွေဟာ ပဋိသန္ဓေအခိုက်မှာ အတူဖြစ်သတ္တိနဲ့ အကျိုးပေးပါတယ်။ အဲဒီအပြင် အညမည ပစ္စည်းအရလဲ ပဋိသန္ဓေအခိုက်မှာ ရုပ်နာမ်ဟာ အချင်းချင်းကျေးဇူးပြုသတ္တိနဲ့ အကျိုးပေးပါတယ်။ အဲဒီတော့ ပဋိစ္စသမုပ္ပါဒ်ကို ပြန်သွားရရင် နာမရူပ ပစ္စယာ သဠာယတန ဆိုတဲ့အတိုင်း နာမ်ရုပ် ဖြစ်လာတာနဲ့ သဠာယတန ခေါ်တဲ့ အာရုံခံ အင်္ဂါ ခြောက်ပါး ဖြစ်ပါတယ်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ အာရုံ လက်ခံတဲ့ ဒွါရ ခြောက်ပါးကို ဆိုလိုတာပါ။ ဒီနေရာမှာ ပဌာန်းကို နည်းနည်း ပြန်ပြောချင်ပါတယ်။ အဲဒီလို ပဋိသန္ဓေ ကိစ္စကျော်သွားပြီးတဲ့ နောက်မှာတော့ သဟဇာတ ပစ္စည်း အရ ဘဝကာလ မှာ ရုပ်နာမ်ဟာ အတူဖြစ်သတ္တိနဲ့ ကျေးဇူး မပြုတော့ပါဘူး။ ဆိုလိုတာက နာမ်ခန္ဓာလေးပါးကတော့ အတူဖြစ်ကြပါတယ်။ အဲလိုပဲ ရုပ်မှာလဲ မဟာဘူတ ခေါ်တဲ့ ဓါတ်ကြီးလေးပါးက သူတို့ကိုမှီဖြစ်တဲ့ မှီရုပ်တွေကို အတူဖြစ်သတ္တိနဲ့ အကျိုးပြုပါတယ်။ စိတ် စေတသိတ် (နာမ်) တရားတို့ကတော့ စိတ်ကြောင့် ဖြစ်သော ရုပ်တွေကို အတူဖြစ်သတ္တိနဲ့ ကျေးဇူးပြုတတ်ပါတယ်။ အဲလိုပဲ အညမည ပစ္စည်းအရ နာမ်ခန္ဓာလေးပါးသည် အချင်းချင်း ကျေးဇူးပြုသတ္တိဖြင့် ကျေးဇူးပြုတတ်ပါတယ်။ (ဒီနေရာမှာ စိတ်နဲ့ စေတသိတ် ဆိုတာကို နားလည်အောင် နည်းနည်း ပြောပါ့မယ်။ စိတ်ဆိုတာက ရေ နဲ့တူပြီး စေတသိတ်ဆိုတာက အရောင်ချယ်ပစ္စည်းနဲ့ တူပါတယ်။ စိတ်ဆိုတာကတော့ ဝိဉာဏ်ကို ပြောတာဖြစ်ပြီး၊ စေတသိတ် ဆိုတာကတော့ ဝေဒနာ၊ သညာ၊ သင်္ခါရ တို့ကို ဆိုလိုတာ ဖြစ်ပါတယ်။ အားလုံးကို နာမ်လို့ ခေါ်ပြီး၊ စိတ် စေတသိတ် ကို နာမ်ခန္ဓာ (နာမ်အစုအဝေး) လေးပါးလို့ ခေါ်ပါတယ်) အဲဒီတော့ နာမ်ခန္ဓာလေးပါးဟာ အချင်းချင်း ကျေးဇူးပြုသတ္တိဖြင့် ကျေးဇူးပြုတတ် ပါတယ်။ ဒါတွေကို ဒီထက် အသေးစိတ် သိချင်ရင်တော့ ဓမ္မသီင်္ဂဏီ နဲ့ ဝိဘင်း မှာ ဖတ်ဖို့လိုပါတယ်။
အဲဒီတော့ ပဋိစ္စသမုပ္ပါဒ် ပြန်ကောက်ရရင် နာမရူပ ပစ္စယာ သဠာယတန ဆိုတာထိ ရောက်ပါပြီ။ ရှေ့မှာ ဖြစ်ခဲ့တဲ့ သင်္ခါရ ပစ္စယာ ဝိဉာဏ်၊ ဝိဉာဏ ပစ္စယာ နာမ်ရုပ်၊ နာမရူပ ပစ္စယာ သဠာယတန ထိက ပဋိသန္ဓေအခိုက်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေပါ။ အဲဒါတွေကို ပြန်စစ်ဆေးလို့ မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ နာမ်ရုပ်ရော သဠာယတန ရောက ကျနော်တို့ဆီမှာ ဖြစ်ပြီးနေပါပြီ၊ ရှိနေပါပြီ။ အဲဒီတော့ လက်ရှိ ခန္ဓာနဲ့ တိုက်ကြည့်ဖို့ အပိုင်းက အခုမှ စတော့ တာပါပဲ။ သဠာယတန ပစ္စယာ ဖဿ လို့ ခေါ်ပါတယ်။ အာရုံခံ ဒွါရ ခြောက်ပေါက်မှာ အာရုံ လာတိုက်တဲ့ အခါမှာ ဖဿ ဆိုတာ ဖြစ်ပါတယ်။ ဖဿ ဆိုတာကတော့ သင်္ခါရက္ခန္ဓာထဲက တခုပါပဲ။ ဒီကစပြီး ကျနော်တို့ ခန္ဓာမှာ ကျနော်တို့ စစ်ဆေးကြည့်နိုင်ပါပြီ။ အာရုံနဲ့ ဒွါရတိုက်တဲ့ အခါမှာ ဖဿ ဆိုတာဖြစ်ပါတယ်။ ပြီးတဲ့အခါ ကျတော့ ဖဿ ပစ္စယာ ဝေဒနာ ဆိုတဲ့အတိုင်း ဖဿကြောင့် ဝေဒနာ ဖြစ်ရပါတယ်။ ဝေဒနာမှာ သုံးမျိုးရှိပါတယ်။ သုခ ဝေဒနာ၊ ဒုက္ခ ဝေဒနာ၊ ဥပေက္ခာဝေဒနာ လို့ ခေါ်ပါတယ်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ နဲ့ စိတ်မှာ ဥပေက္ခာဝေနာ ဖြစ်ပါတယ်။ ကိုယ်မှာတော့ သုခ၊ ဒုက္ခ၊ ဥပေက္ခာ သုံးမျိုးလုံး ဖြစ်နိုင်ပါတယ်။ ကိုယ့်ဟာကိုယ် စမ်းစစ်ကြည့်ပါ။ အဲဒီနောက် ဝေဒနာ ပစ္စယာ တဏှာ (တဏှာ၊ မာန၊ ဒိဋ္ဌိ) ဆိုတဲ့အတိုင်း ‌ဝေဒနာကြောင့် တဏှာလဲ ဖြစ်နိုင်ပါတယ်၊ မာနလဲ ဖြစ်နိုင်ပါတယ်၊ ဒိဋ္ဌိလဲ ဖြစ်နိုင်ပါတယ်။ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ အရသာသိစိတ်၊ ထိတွေ့မှုသိစိတ်၊ ကြံစည်စိတ် ဆိုတာတွေမှာ လိုချင်မှုလဲ ဖြစ်တတ်ပါတယ်၊ ထောင်လွှားမှုလဲ ဖြစ်တတ်ပါတယ်။ ငါသိတယ်၊ ငါကြားတယ်၊ ငါနံတယ်၊ ငါအရသာ ရတယ်၊ ငါ အထိအတွေ့ကောင်းရတယ် ဆိုတဲ့ သဘောတွေကတော့ ဒိဋ္ဌိပါ။ အဲဒီတော့ အဲဒီ တဏှာ၊ မာန၊ ဒိဋ္ဌိ နေရာမှာ ဆင်ခြင်မှု ဝင်လာရင်တော့ ဝေဒနာ နဲ့ တဏှာကြားမှာ မဂ်လိုက်တယ် ဆိုတဲ့သဘော ဖြစ်တာပါပဲ။ ဝေဒနာ ကြောင့် တဏှာ၊ မာန၊ ဒီဋ္ဌိ ဖြစ်တာကို မသိတဲ့ အခါမှာတော့ လူတွေက ပုံမှန်နေထိုင်နေကြတာပါပဲ။ ဒါပေမယ့် အဲဒါကို သိသွားတဲ့အခါမှာတော့ ဒါတဏှာပဲ ဒါမာနပဲ ဒါဒိဋ္ဌိပဲ ဆိုပြီး (အဓိကအားဖြင့် ဒိဋ္ဌိကို သိဖို့လိုပါတယ်) တကယ်တော့ ဒီတဏှာ မာန ဒိဋ္ဌိသည် ငါလုပ်တာမဟုတ် ဝေဒနာ အကြောင်းကြောင့် ဖြစ်တဲ့ကိစ္စပဲ ဆိုပြီး အကြောင်းအကျိုးကို သိမ်းဆည်းသိဖို့ပါ။ ဝေဒနာ သည်လည်း ဖဿကြောင့် ဖြစ်ရတယ် ဆိုပြီး အကြောင်းအကျိုး သိမ်းဆည်းသိဖို့ လိုပါတယ်။ အဲလိုပဲ ဖဿသည် သဠာယတန ကြောင့် ဖြစ်ရတယ်ဆိုပြီးတော့လဲ အကြောင်းအကျိုး သိမ်းဆည်းသိဖို့ လိုပါတယ်။
ရှေ့ဆက်ရမယ် ဆိုရင် တဏှာ၊ မာန၊ ဒိဋ္ဌိ ပစ္စယာ ဥပါဒါန် ဆိုတဲ့အတိုင်း အားကြီးတဲ့ လိုချင်မှု ဆိုတဲ့ ဥပါဒါန် ဖြစ်တာပါပဲ။ ဥပါဒါန်ကို မိုးကုတ်ဆရာတော်ကြီးကတော့ တဏှာ အကြီးစားလို့ ဟောပါတယ်။ အဲဒီတော့ လိုချင်မှု ဆိုတဲ့ တဏှာကြောင့် ဖြစ်ဖြစ်၊ မာနကြောင့် ဖြစ်ဖြစ်၊ ဒိဋ္ဌိကြောင့် ဖြစ်ဖြစ် အားကြီးတဲ့ လိုချင်မှု၊ စွဲလမ်းမှု ဖြစ်လာပါတယ်။ ဥပါဒါန်ဆိုတာ မြွေက ဖားကို ခဲထားသလို အင်မတန်ပဲ အားကြီးပါတယ်။ ဥပါဒါန်ထိ ရောက်သွားရင်တော့ သူက သင်္ခါရ ခေါ်တဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ ဆိုတာကို ဖြစ်စေတော့တာပါပဲ။ အဲဒါကို ဥပါဒါန ပစ္စယာ ကမ္မဘဝ လို့ ခေါ်ပါတယ်။ ကာယကံ ဝစီကံ မနောကံ ဆိုတဲ့ ကံသင်္ခါရ (စေ့ဆော်မှု) ဖြစ်တဲ့အခါမှာ ကံကြောင့် ဘဝတွေ ဖြစ်ရတာကို ရည်ရွယ်ပြီး ဥပါဒါန ပစ္စယာ ကမ္မဘဝ လို့ ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီနောက် ကမ္မဘဝ ပစ္စယာ ဇာတိ ဆိုပြီး နောက်ဘဝ ဇာတိကို တန်းပြပါတယ်။ ဒါပေမယ့် ကျနော်တို့ တကယ် စစ်ဆေးနိုင်တာ သုံးသပ်နိုင်တာက သဠာယတန ပစ္စယာ ဖဿ၊ ဖဿ ပစ္စယာ ဝေဒနာ၊ ဝေဒနာ ပစ္စယာ တဏှာ မာန ဒိဋ္ဌိ၊ တဏှာ မာန ဒိဋ္ဌိ ပစ္စယာ ဥပါဒါန၊ ဥပါဒါန ပစ္စယာ ကမ္မဘဝ ဆိုတာထိ ကိုပဲ စမ်းစစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ ရုပ်နာမ်တွေဟာ တကယ်တော့ ကိုယ်ဆိုတာ မရှိပဲ အခုပြောခဲ့တဲ့အတိုင်း ဒီ အဝိုင်းပြေးပဲ လည်နေတာကို သေသေချာချာ သိဖို့လိုပါတယ်။ အဲဒီတော့ တစ်ခုခုကို မြင်လိုက်တယ်၊ မှတ်မိတယ် ဆိုရင် အာရုံလက်ခံစိတ်၊ အာရုံဆင်ခြင်စိတ်၊ အာရုံကို အထူးသိသော ကြံစည်စိတ် ဆိုတာတွေ ဖြစ်ပြီး နာမ်ခန္ဓာလေးပါး အကြောင်းအကျိုး သတ္တိအတိုင်း ဖြစ်တယ် ဆိုတာကို သိဖို့လိုပါတယ်။
တရားရှုမှတ်မှု အနေနဲ့ကတော့ ဘာစိတ်ပဲ ပေါ်ပေါ် ဘာကြောင်းကြောင့် ပေါ်သလဲ ဆိုတာကို သိဖို့ပါပဲ။ ရှေ့က နာမရူပ ပရိစ္ဆေဒ ဉာဏ်မှာ ခန္ဓာငါးပါးကို ရှင်းပြခဲ့ပြီးပြီ မို့ ဒီနေရာမှာတော့ အဲဒီခန္ဓာငါးပါးရဲ့ အကြောင်းအကျိုး တွေကို သိဖို့ပါပဲ။ ဝေဒနာ နောက်မှာ ဖြစ်တဲ့ တဏှာ မာန ဒိဋ္ဌိမှာ ငါလိုချင်တာမဟုတ်၊ ငါထောင်လွှားတာလဲ မဟုတ်၊ ငါသိတာလဲ မဟုတ်၊ အကြောင်းကြောင့် အကျိုးဖြစ်ရတာပါ ဆိုတာကို သိဖို့ လိုပါတယ်။ ပဌာန်းကိုလဲ မြန်မာလို ၂၄ ပစ္စည်းကို မြန်မာလိုသေသေချာချာ ဖတ်ကြည့်စေချင်ပါတယ်။ ပဋိစ္စ သမုပ္ပါဒ်မှာက ခန္ဓာဖြစ်စဉ်ကို ရှင်းပြထားပါတယ်။ ပဌာန်းမှာကတော့ ရုပ်တရား နာမ်တရားတို့ရဲ့ အခြင်းခြင်း ကျေးဇူးပြုပုံကို ရှင်းပြထားပါတယ်။ ဒီအပိုင်းမှာလဲ အဓိက အချက်ကတော့ ဒိဋ္ဌိပြုတ်ဖို့ပါပဲ။ ငါသူ ပြုလုပ်နေခြင်း မဟုတ် ရုပ်တရား နာမ်တရားတို့ အကြောင်းအကျိုးအတိုင်း လည်ပါတ်နေတာကို သိဖို့ပါပဲ။ ဒီလောက်ဆိုရင် တော့ အကြောင်းအကျိုး သိမ်းဆည်းဉာဏ်နဲ့ ပါတ်သက်ပြီး သဘောပေါက်ပြီ ထင်ပါတယ်။ ကျေးဇူးတင် ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *