ဒီညနေ… ခင်ဗျားကို အမှန်တရားတစ်ခု ပြောပြချင်တယ်။ နည်းနည်းတော့ တုန်လှုပ်စရာ ကောင်းလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျား သတ္တိရှိမယ်ဆိုရင် ဆက်ဖတ်ကြည့်ပါ။
ခင်ဗျား အခု ဘယ်သူ့ကို အချစ်ဆုံးလဲ။ ခင်ဗျားရဲ့ သားသမီးလား၊ ဇနီးမယားလား၊ မိဘလား။ မဟုတ်ပါဘူး။ ခင်ဗျား အချစ်ဆုံးက “ခင်ဗျားကိုယ် ခင်ဗျား” ပါပဲ။
မနက်မိုးလင်းတာနဲ့ “ငါ ဘာစားမလဲ၊ ငါ ဘာဝတ်မလဲ၊ ငါ ဘယ်လိုနေမလဲ” ဆိုပြီး ကိုယ့်အတွက်ပဲ အရင်ဆုံး စဉ်းစားကြတာ မဟုတ်လား။ “ငါ” ဆိုတဲ့ အကောင်အထည်ကြီး ရှိနေတယ်လို့ ခင်ဗျား တထစ်ချ ယုံကြည်ထားတယ်။
ဒါပေမဲ့… ကျွန်တော် ပြောမယ်။ ခင်ဗျား လိမ်ခံထားရပြီ။ ခင်ဗျား ချစ်လှပါချည်ရဲ့ ဆိုတဲ့ အဲဒီ “ငါ” ဆိုတဲ့အရာက တကယ်တမ်းကျတော့ ရှာဖွေကြည့်လိုက်ရင် ဘယ်နေရာမှာမှ မရှိပါဘူး။
မယုံရင် စစ်ဆေးကြည့်ကြမလား။
၁။ အိမ်ရှင်အစစ်လား၊ ဧည့်သည်လား
ခင်ဗျားက “ဒါ ငါ့ခန္ဓာကိုယ်၊ ငါ့စိတ်” လို့ ပြောတယ်နော်။ လောကမှာ “ငါ့ပစ္စည်း” ဆိုရင် ကိုယ်ပိုင်သလို လုပ်လို့ရရမယ်လေ။ ဥပမာ- ခင်ဗျားပိုင်တဲ့ ဖုန်းတစ်လုံးဆိုရင် ခင်ဗျား ကြိုက်တဲ့သီချင်း ဖွင့်လို့ရတယ်၊ ပိတ်လို့ရတယ်။
ကဲ… ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို အမိန့်ပေးကြည့်စမ်းပါ။ “ခေါင်းမကိုက်နဲ့” လို့ ပြောလို့ရလား။ “ဆံပင်မဖြူနဲ့” လို့ တားလို့ရလား။ “အိုမင်းမသွားနဲ့” လို့ အမိန့်ပေးလို့ရလား။ မရဘူးနော်။ ကိုယ့်သဘောအတိုင်း ခိုင်းလို့မရရင် အဲဒါ “ကိုယ်ပိုင်” ဟုတ်ပါဦးမလား။ ခင်ဗျားက အိမ်ရှင် မဟုတ်ပါဘူး။ သဘာဝတရားက ပေးထားတဲ့ အိမ်ကလေးထဲမှာ ခဏလာနေတဲ့ “ဧည့်သည်” သက်သက်ပါပဲ။
၂။ စိတ်ဆိုတာ မျောက်တစ်ကောင်လိုပဲ
“ခန္ဓာကိုယ်က ငါ မဟုတ်တာ လက်ခံပါတယ်။ ဒါပေမဲ့ တွေးတောနေတဲ့၊ သိနေတဲ့ စိတ်ကတော့ ငါ ပါပဲ” လို့ ထင်စရာရှိတယ်။
သေချာ ပြန်ကြည့်ပါ။ အခု ခင်ဗျား စာဖတ်နေတုန်း “ဟိုအကြောင်း၊ ဒီအကြောင်း” အတွေးတွေ ခေါင်းထဲ ဝင်လာတယ် မဟုတ်လား။ အဲဒီအတွေးတွေကို ခင်ဗျားက “ဝင်လာပါ” လို့ ဖိတ်ခေါ်လိုက်တာလား။ သူ့အလိုလို ဝင်လာတာလား။
ခင်ဗျားသာ ပိုင်ရှင်အစစ်ဆိုရင် “မကောင်းတဲ့အတွေးတွေ မဝင်လာနဲ့၊ စိတ်ညစ်စရာတွေ မတွေးနဲ့” လို့ ပိတ်ပင်လို့ ရရမှာပေါ့။ အခုတော့ မရဘူး။ စိတ်က သူ့သဘောသူဆောင်ပြီး မျောက်တစ်ကောင်လို ခုန်ပေါက်နေတာ။ ခင်ဗျား ဝင်စွက်ဖက်လို့ မရဘူး။
အဖြေမှန်က ဘာလဲ
ဒါဆိုရင် မှန်ထဲမှာ မြင်နေရတဲ့ “ကျွန်တော်/ ကျွန်မ” ဆိုတာ ဘာကြီးလဲ။
ရှင်းရှင်းလေးပါ။ ကားတစ်စီးကို မြင်ယောင်ကြည့်ပါ။ ဘီးပါတယ်၊ စတီယာရင်ပါတယ်၊ အင်ဂျင်ပါတယ်။ အဲဒါတွေ အားလုံးကို ဖြုတ်ချလိုက်ရင် “ကား” ဆိုတာ ရှိသေးလား။ မရှိတော့ဘူးနော်။ “ကား” ဆိုတာ အစိတ်အပိုင်းတွေ ပေါင်းထားလို့ ခေါ်လိုက်တဲ့ နာမည်သက်သက်ပါပဲ။
လူဆိုတာလဲ ဒီအတိုင်းပါပဲ။ ၁။ ထိတွေ့ကိုင်တွယ်လို့ရတဲ့ အထည်ကြီး (ရုပ်) ရှိတယ်။ ၂။ ခံစားတတ်တဲ့သဘော (ဝေဒနာ) ရှိတယ်။ ၃။ မှတ်သားတတ်တဲ့သဘော (သညာ) ရှိတယ်။ ၄။ လှုံ့ဆော်တိုက်တွန်းတဲ့သဘော (သင်္ခါရ) ရှိတယ်။ ၅။ သိတဲ့သဘော (ဝိဉာဏ်) ရှိတယ်။
အဲဒီ ၅ ချက် ပေါင်းလုပ်ဆောင်နေတဲ့ “ဖြစ်စဉ်” ကြီးတစ်ခုကို ခင်ဗျားက “ငါ” လို့ နာမည်တပ်ပြီး လိမ်ခံနေရတာပါ။
ဘာကြောင့် ဒါကို သိဖို့လိုတာလဲ
“ကိုထက်အောင်ရေ… ငါ မရှိဘူးဆိုရင် ဘာလို့ အလုပ်လုပ်၊ ထမင်းစား နေရသေးလဲ” လို့ မေးစရာရှိတယ်။
အလုပျကတော့ လုပျရမှာပါ။ ဒါပမေဲ့ “ငါ” ဆိုတဲ့ အစှဲ ပွုတျသှားတဲ့သူက ဘဝကို နရေတာ ပေါ့ပါးသှားတယျ။ အရငျတုနျးက – “သူ ငါ့ကို ပွောလိုကျတာပဲ” ဆိုပွီး ခံစားရတယျ။ အခု အမှနျတရားကို သိသှားတော့ – “ဩောျ… အသံနဲ့ နားနဲ့ တိုကျမိပွီး ကွားစိတျလေး ပေါျသှားတာပါလား။ ငါ့ကို ထိခိုကျစရာ ‘ငါ’ မှ မရှိတာ” လို့ တှေးတတျသှားတယျ။
ပြဿနာတွေကို “ငါ့ပြဿနာ” လို့ မမြင်တော့ဘဲ “ဖြေရှင်းရမယ့် ပုစ္ဆာတစ်ပုဒ်” လို့ပဲ မြင်လာတယ်။ ဝန်ထုပ်ဝန်ပိုးကြီးကို ပခုံးပေါ်ကနေ လျှောချလိုက်သလိုမျိုးပေါ့။
ဒါကြောင့် ဒီညနေ စဉ်းစားကြည့်ပါ။ ခင်ဗျား တကယ် ချစ်နေတာ ဘယ်သူ့ကိုလဲ။ တကယ်တော့ ခင်ဗျား ချစ်နေတဲ့သူဟာ… တကယ်တမ်း မရှိတဲ့အရာ ဖြစ်နေပါလိမ့်မယ်။
အမှန်တရားကို ရှာဖွေတွေ့ရှိနိုင်ကြပါစေ။


Leave a Reply