သောတာပန် ဆိုတာက နိဗ္ဗာန်သို့ သွားရာလမ်းပေါ်ကို မတိမ်းမစောင်းရောက်နေတဲ့ သူကို သောတာပန်လို့ ခေါ်ပါတယ်။ သောတာပန်က လက်ရှိဘဝမှာ တရားအားမထုတ်တော့ရင်လဲ လောကမှာ အများဆုံး ခုနှစ်ဘဝပဲ နေတော့မယ့် သူ ဖြစ်နေပါပြီ။ သောတာပန်ဟာ သီလ လုံခြုံသွားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပုထုဇဉ်တွေ သီလ ကျိုးတယ် ဆိုတာဟာ အတ္တ ဒိဋ္ဌိနဲ့ ယှဉ်ဖော် ယှဉ်ဖက် စိတ်တွေနဲ့ သီလ ကျိုးတာ ဖြစ်ပါတယ်။ အဲဒီတော့ သောတာပန်မှာ ဒိဋ္ဌိ နဲ့ ဝီစိကိစ္ဆာကို အကြွင်းမဲ့ ပါယ်လိုက်ပြီ ဖြစ်တဲ့အတွက် သူနဲ့ ယှဉ်ဖော် ယှဉ်ဖက် အကုသိုလ် သီလ ကျိုးမှုတွေ မဖြစ်တော့ပါဘူး။ အဲဒါကြောင့် သောတာပန်သည် ငါးပါးသီလ လုံသည် ဟု ပြောနိုင်ပါတယ်။ အဓိက အချက်က အတ္တနဲ့ သီလ မကျိုးတော့ခြင်း ဖြစ်ပါတယ်။

သောတာပန်မှာ အဓိသီလ ဆိုတဲ့ လောကုတ္တရာ သီလ ဖြစ်သွားတာကို ဖယ်ကြည့်လိုက်ရင် တကယ်တော့ သောတာပန်ရဲ့ ထူးခြားချက်က အမှန်ကို အမှန်အတိုင်း မြင်သွားတဲ့ ကိစ္စပါပဲ။ တကယ်တော့ လောကမှာရော လောက အလွန်မှာ ရော ငါ သူ သတ္တဝါ ဆိုတဲ့ အတ္တ ဆိုတာ မရှိပါဘူး။ အဲဒီလို အတ္တ မရှိတာကို မရှိကြောင်း မှန်မှန်ကန်ကန် သိသွားတာဟာ သောတာပန်ပါပဲ။

အဲဒီတော့ သောတာပန်နဲ့ ပါတ်သက်တဲ့ အထင်မှားနေမှု တချို့က အတော်လေး ဆိုးပါတယ်။ ဥပမာ အားဖြင့် သောတာပန်က ရှေ့ဖြစ်ကြိုသိသလား ဆိုတော့ ကြိုမသိပါဘူး။ ရှေးဖြစ်နဲ့ ပါတ်သက်ရင် သူလို ကိုယ်လိုပါပဲ။ နောက်တချက်က နတ်တွေ သိကြားတွေ လာစောင့်ရှောက်လား ဆိုရင်တော့ မစောင့်ရှောက်လောက်ဘူး လို့ပဲ ပြောရမှာပါ။ နတ်တွေ သိကြားတွေဆိုတာက ကာမဂုဏ် ခံစားစရာ ပိုတောင် များပါသေးတယ်။ ပုံမှန် ဘာမှ မဟုတ်တဲ့ သောတာပန်အတွက်တော့ ဘာမှ လာလုပ်ပေးမယ် မထင်ပါဘူး။ ကျနော်လဲ တခါမှ မမြင်ဖူးသလို မကြုံလဲ မကြုံဖူးပါဘူး။ အဲဒီ ကိစ္စက အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်သိသလောက် နတ် သိကြားဆိုတာတွေက ရဟန်းဘဝ နဲ့ အရိယာ ဖြစ်သူတွေဆီကိုသာ သွားကောင်း သွားနိုင်ပါတယ်။ လူ အရိယာ ဆီတော့ လာမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သီလ လုံခြုံတယ်၊ စောင့်ထိန်းတယ် ဆိုတဲ့ နေရာမှာ ရဟန်းတော်တွေသာ သီလ ကို နတ် တွေ သာဓု ခေါ်လောက်တဲ့ထိ စောင့်ထိန်းထားကြတာ မို့ပါ။

လူတစ်ယောက်က တရားအားထုတ်ရင်း နတ်သိကြားတွေ လာပြောသယောင်ယောင် ထင်နေတယ် စတဲ့ ကိစ္စတွေ ဖြစ်ရင်တော့ ဆေးခန်းကို သွားတာ အကောင်းဆုံးပါပဲ။ အဲလို မဟုတ်ပဲ အဲဒါတွေကို ထင်ယောင် ထင်မှား ဖြစ်နေတယ် ဆိုရင်တော့ ရူးသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကျနော့် အနေနဲ့က အဲလို ကိစ္စတွေကို တကယ် ထင်ပြီး ကိုယ်တိုင် အရူးဆေးရုံ ရောက်တဲ့ ထိ ဖြစ်ဖူးလို့ပါ။ အဲဒီတော့ နတ်တွေ ဘာတွေကို ဘယ်တော့ မှ အားမကိုးပါနဲ့။ အတ္တာဟိ အတ္တနော နာထော ဆိုတဲ့ အတိုင်း ကိုယ့်ကိုယ် ကိုသာ အားကိုးပါ။

နောက်ဆုံး တချက်ကတော့ သောတာပန်က ငါးပါးသီလ ပဲမို့ ပုံမှန်နေတဲ့ အချိန်မှာ တူတူပါပဲ။ လောဘ ဒေါသ မောဟ ဖြစ်ကြောရှည်တာနဲ့ ဖြစ်ကြောတိုတာပဲ ကွာပါတယ်။ ဒါပေမယ့် တရားကို ဆင်ခြင်တဲ့ အချိန်မှာတော့ ရဟန္တာနဲ့ မခြားဆိုတဲ့ စကားကိုပဲ သုံးရမှာပါပဲ။

သောတာပန်ထဲမှာလဲ စရိုက် ဝါသနာက အမျိုးမျိုး ရှိနိုင်တာမို့ သောတာပန်ကို ပုဂ္ဂိုလ်ရေး မကြည်ညိုစေချင် ပါဘူး။ ပုဂ္ဂိုလ်နောက်မလိုက်ပဲ ဓမ္မ နောက်လိုက်ဖို့ပဲ အကြံပေးပါရစေ။ ကျေဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *