ကျနော်က မိုးကုတ်နည်းကို ယုံကြည်ပြီး လက်ခံပြီး လိုက်လုပ်ခဲ့တဲ့ နေရာမှာ နောက်ဆုံး ထစ်နေခဲ့တဲ့ နေရာက မုန်းဉာဏ်နောက်မှာ ဆုံးဉာဏ် လိုက်တယ် ဆိုတာပါပဲ။ ဒီအကြောင်းကို မိုးကုတ်ဆရာတော်ကြီးကို ပူဇော်တဲ့ အနေနဲ့ ပြောတာပါ။ ဒီနေရာမှာ တယောက်နဲ့ တယောက် ကွာခြားတတ်တဲ့ နေရာလို့ပဲ ထင်မိပါတယ်။ ကျနော့် အနေနဲ့ကျတော့ ဉာဏ်အားကိုးပြီး တက်တာ ဖြစ်တဲ့အတွက် အနတ္တကို ဉာဏ်ပေါက်အောင် အများကြီး ကြိုးစား ခဲ့ရပါတယ်။
မိုးကုတ်ဆရာတော်ကြီးတရားခွေ ၇၀၀ လောက် နာပြီးသွားတဲ့အချိန်မှာတော့ ကျနော် အနေနဲ့ ဖြစ်ပျက်ကို များများ ရှုရမယ် ဆိုတာကို သဘောပေါက်ပြီး ဖြစ်ပျက် ရှုတာကိုပဲ အားစိုက် လုပ်ခဲ့ပါတယ်။ တရားနာတာကို ရပ်လိုက်ပြီး အနိစ္စ ဖြစ်ပျက်ကို ဆင်ခြင်လိုက်၊ အနတ္တကို ဆင်ခြင်လိုက်နဲ့ အချိန်အကြာကြီးပါပဲ။ ဒီအပိုင်းကလဲ နှစ်ချီပါတယ်။ ဒီအပိုင်းမှာ ဖြစ်ပျက် ရှုမှတ်ခဲ့ ပုံနဲ့ ဘင်္ဂဉာဏ် အကြောင်းကို ရှေ့တပုဒ်မှာ ရေးခဲ့ပါပြီ။
ဒီ အပိုင်းမှာတော့ နောက်ဆုံး ထစ်နေတဲ့ နေရာက မုန်းဉာဏ်ကနေ ဆုံးဉာဏ် ဆိုတာကို ထစ်နေတာပါ။ တကယ်ကတော့ ဆရာတော်ကြီး နည်းမှာ ကျနော် နားလည်တာက ဖြစ်ပျက် ရှုတာ အဓိကပါပဲ။ ဆရာတော်ကြီး က တရားတစ်ပုဒ်မှာ ဖြစ်ပျက်ရှုရာကနေ ဆက်သွားပြီး မုန်းခြင်တဲ့အချိန် မုန်းလိုက်၊ ဥပေက္ခာထားချင်တဲ့အချိန် ထားလိုက်ဆိုပြီး ပြောသွားခဲ့ဖူးပါတယ်။ အဲဒီတော့ ကျနော်လဲ အဲဒီထဲက ဥပေက္ခာ ဆိုတာက သင်္ခါရုပေက္ခာ နဲ့ ကိုက်တယ် ဆိုပြီး စဉ်းစားခဲ့ပါတယ်။ သင်္ခါရုပေက္ခာ ဆိုတာ သင်္ခါရ တရားတွေကို တညီတညွတ်တည်း ဥပေက္ခာ ထားတာလို့ ကျနော် နားလည် ထားပါတယ်။ ဒါပေမယ့် အဲဒီသဘော စိတ်မှာ ဘယ်လိုထားထား သင်္ခါရုပေက္ခာ ဉာဏ် အစစ် မဟုတ်ပါဘူး။ အဲဒါကြောင့် ကျနော်လဲ အဲဒီနေရာမှာ တစ်နှစ်လောက် လည်နေခဲ့ဖူးပါတယ်။
အဲဒီမှာ ကျနော့် ဆရာသမား ကျေးဇူးရှင် တစ်ဦးဖြစ်တဲ့ ကိုကောင်းက ပရမတ္တ အနတ္တ ဆိုတဲ့ စကားနဲ့ ရှုတဲ့ ဉာဏ်ကိုလဲ ပြန်ရှုရတဲ့ အကြောင်း ပြောလိုက်တော့မှပဲ ကျနော်အတွက် သင်္ခါရုပေက္ခာ ဉာဏ် ဆိုတာကို ရောက်တာပါ။ ဒီဉာဏ်ရောက်တဲ့ အချိန်မှာ ကျနော်အတွက် ထူးခြားချက်ကတော့ နောက်မဆုတ်တော့ဘူး ရှေ့တိုးပြီး မဂ်ပဲ ကျတော့မယ် ဆိုတာကို သဘောပေါက်လိုက်ပါတယ်။ အကုသိုလ် အမှုတွေမှာလဲ အပြစ်က အဟောသိကံ ဖြစ်သွားတော့မယ် ဆိုတာကိုလဲ သဘောပေါက်ပါတယ်။ အဲဒီအချိန်မှာ ဖြစ်တဲ့ သဘာဝကို သိစေချင်လို့ အဲဒီအချိန်မှာ ကျနော် ရေးချင်တဲ့ စာတွေ ရေးခဲ့ပါတယ်။
အဲဒီတော့ ဒီဉာဏ်မှာတော့ အထူး ပြောစရာ မရှိ၊ ဖြစ်ပျက် ရှုမှု ဖြစ်ချင်ဖြစ်၊ အနတ္တ လို့ ရှုမှတ်မှု ဖြစ်ချင် ဖြစ်၊ ရှုမှတ် စိတ်ရဲ့ ဖြစ်ပျက်၊ ရှုမှတ်စိတ်ရဲ့ အနတ္တ ဖြစ်ပုံကို ရှုလိုက်ရင် ပြီးတာပါပဲ။ ဒီနေရာက ဆရာတာဝန် ကုန်ပြီ ဆိုတဲ့ စကား ရှိပါတယ်။ အဲဒီတော့ မိတ်ဆွေတို့ အကျိုးအတွက် ရေးတဲ့ ကိုယ်တွေ့ ဝိပဿနာ ဉာဏ်စဉ်များ ကို အပိုင်း ၅ နဲ့ပဲ ရပ်လိုက်ပါတော့မယ်။
ကျေးဇူး တင်ပါတယ်။

Leave a Reply