လောကမှာ အမှန်ဆိုတာဟာလဲ တရား ဖြစ်သလို၊ အမှားဆိုတာလဲ တရားပါပဲ။ အမှန်တရားကို သိမြင်ခြင်းအား ဖြင့် သံသရာ လွတ်ကြောင်းထိ ဖြစ်နိုင်စေသလို၊ အမှားတွေကို သိမ်းပိုက်ထားခြင်း အားဖြင့် သံသရာမှာ အပြောင်းပြောင်း အပြန်ပြန် ခံနေရမှာပါပဲ။
ကျနော်တို့ဟာ သံသရာ ဆိုတဲ့ အကြောင်း၊ ကုသိုလ် အကုသိုလ် အကြောင်း စတာတွေကို ကိုယ်ပိုင်ဉာဏ် နဲ့ မသိနိုင်ပါဘူး။ မြတ်စွာဘုရား ပွင့်တော်မူလို့သာ သိကြရခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော့် အနေနဲ့ ပြောချင် တာတခုက ကိုယ့်ရဲ့ ယုံကြည်မှု လိုက်နာမှု ဆိုတာဟာ ကိုယ့်ရဲ့ သံသရာ ကို ဆုံးဖြတ်တာမို့ အလွန် အရေးကြီးပြီး အလွန် သတိထား ဆင်ခြင်ရတဲ့ ကိစ္စ ဖြစ်ပါတယ်။ အဲလို ယုံကြည်မှု လိုက်နာမှု တွေကိုလဲ ဘယ်သူ့ကိုမှ တာဝန် ပေးလို့ မရပဲ ကိုယ့်မှာသာ တာဝန် အပြည့်အဝ ရှိတယ် ဆိုတာကို လက်ခံထားဖို့ လိုပါတယ်။ ဒါဟာ အမှန်တရား တခု ဖြစ်ပါတယ်။ ကိုယ့်ကို သွန်သင်တဲ့သူက အမှားပြောလို့ ကိုယ်က လိုက်နာမိတယ် ဆိုတာဟာ တိရစ္ဆာန်ဘဝ ရောက်သွားရင်၊ ငရဲ ရောက်သွားရင် အကြောင်းပြချက်ပေးလို့ ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ဝိပဿနာ အားမထုတ် ထားတဲ့သူတွေ အနေနဲ့က သံသရာမှာ ခန္ဓာနဲ့ ဆပ်ကြရတာပါ။
တကယ်တော့ သံသရာ ဆိုတာ အင်မတန် ကြောက်ဖို့ ကောင်းပါတယ်။ တမဂ် တဖိုလ် လောက်မှ မကျထားရင် နတ်ပြည်ရောက်လဲ အိုနာသေ မွဲကွဲ ဆိုတာက ကြုံရဦးမှာပါ။ ဗြဟ္မာပြည်ရောက်လဲ ဒီအတိုင်းပါပဲ။ အဆုံးမသတ် နိုင်တဲ့ ဘယ်လို အဆုံးသတ်ရမှန်း မသိတဲ့ ဒုက္ခ (သင်္ခါရ ဒုက္ခ) ကြီးထဲမှာပဲ လည်ပါတ်နေရမယ့် ဘဝပါ။ ဒီလို ဘဝတွေဟာ မြတ်စွာဘုရား ပွင့်တော်မူတဲ့ အခါမှသာ လွတ်လမ်းကို မြင်ကြရ ကောင်း၏ ဆိုး၏ ဆိုတာတွေကို သိရ ပြီး သံသရာက လွတ်ကြောင်းက သံသရာနဲ့ ယှဉ်ရင် လျှပ်စီးလက်သလို ခဏ မြင်ရတဲ့ ကိစ္စပါ။ ဒီလို အချိန်မှာ မိရိုးဖလာ ယဉ်ကျေးမှု၊ မိရိုးဖလာ ကိုးကွယ်မှု တွေနဲ့ပဲ လူမြင်ကောင်းအောင် ရွာပြင်မရောက်အောင် ကျင့်သုံးရင်း ဘာမှ မသိပဲ အကုသိုလ်တွေ ကျူးလွန်ပြီး သေသွားမလား ဆိုတာကတော့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပါ။ ကိုယ့်ဟာကိုယ် အကုသိုလ် ပြောပလောက်အောင် မရှိဘူးလို့ လူတိုင်းကတော့ ထင်ချင် ထင်ကြမှာပါပဲ။ ဒါပေမယ့် တနေ့ တနေ့ သူတပါးကို ပျက်စီးစေလိုတဲ့ မနောကံ ဒုစရိုက်တွေ၊ ခြင် ပိုးမွှားစတာတွေကို သတ်တဲ့ ကာယကံ ဒုစရိုက်တွေ၊ လိမ်ညာ ပြောတဲ့ ဝစီကံ ဒုစရိုက်တွေ ဒါတွေ အကုန်လုံးဟာ လူတိုင်း ဆိုသလို ကျူးလွန် နေကြတာပါပဲ။ သံသရာမှာ ကျင်လည်တဲ့အခါမှာ ဒီလို ဒုစရိုက်မှုတွေဟာ မလွှဲသာ မရှောင်သာ ကျူးလွန်မိကြ တာပါပဲ။ မဂ် ကျပြီးမှသာ ပဲ အပါယ်ကျစေတဲ့ ဒုစရိုက်မှုတွေ ကျူးလွန်ချင်စိတ်မရှိတော့ပဲ သီလ လုံသွားတာပါ။ ပုထုဇဉ်ဘဝမှာ သီလလုံတယ် ဆိုတာဟာ နတ်ပြည်စိတ်ချရလောက်တဲ့ သီလမျိုး မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အိုနာသေ မွဲကွဲနဲ့ တွေ့တဲ့အခါမှာ ကိုယ့်ရဲ့ သီမလတွေက အလွယ်လေး ပျက်သွားတတ်တာ မျိုးမို့ပါပဲ။
ပထမ မဂ်က စပြီး သောတာပန်ကတော့ အဓိသီလ သဘောမျိုး အပါယ်ကျစေတဲ့ သီလတွေကို အသက်နဲ့လဲ စောင့်ထိန်းတဲ့ သဘောမျိုး ဖြစ်တာကြောင့် တကယ်တော့ မြတ်စွာဘုရား သာသနာနဲ့ ကြုံတဲ့အခါမှာ သောတာပန် လောက်တော့ ဖြစ်အောင် ကြိုးစားသင့်ပါတယ်။ ဗုဒ္ဓဘာသာမှာ အဲဒါကလွဲပြီး သက်သာရာ မရှိပါဘူး။ ဒါပေမယ့် လည်း အားလုံး သိတဲ့အတိုင်း ဒီဘက်ခေတ်မှာ အရိယာက ရှားလာပါတယ်။ အရိယာမှသာလျှင်လည်း သံသရာ ရဲ့ အတိမ်အနက်ကို နားလည်ပြီး လွတ်ရာလမ်းကို တန်ဖိုး ထားတတ်တာပါ။ ပုထုဇဉ်ကတော့ အခုချက်ချင်းတော့ ဟုတ်သလိုလို ဖြစ်ပေမယ့် အမှန်တကယ် သဒ္ဓါတရားက မခိုင်မာပါဘူး။ အဲလိုပဲ ကိုယ့်ရဲ့ လိုအင်ဆန္ဒက အပါယ် မသွားချင်ပေမယ့် သွားစေမယ့် အလုပ်တွေနဲ့ပဲ အချိန်ကုန်စေတာမျိုးပါ။ ပုထုဇဉ်လိုချင်တာက လုပ်ချင်ရာ လုပ် တရားလဲ အားမထုတ်ပဲ အပါယ်က လွတ်နည်းပါ။ အဲဒါနဲ့ ပါတ်သက်လို့တော့ နည်းလမ်း မရှိဘူးလို့ပဲ ကျနော် လက်ခံထားပါတယ်။ ဇာတ်တော်ပေါင်းများစွာနဲ့ ဘယ်သူ့ကို လှူလို့ နတ်ပြည် ဘဝပေါင်း ၁၀၀၀ ဆိုတာမျိုးကို တကယ်ဖြစ်မယ်လို့ မျှော်လင့်ကြပါတယ်။ ဒါဟာလဲ တကယ်တော့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒီလိုမျိုး ဇာတ်လမ်းတွေကို သံသရာနဲ့ ပုံပြီး ယုံတတ်တာကတော့ ဉာဏ်နည်းမှုနဲ့ လုံလောက်တဲ့ လေ့လာမှု ပညာ မရှိတာ ကြောင့်ပါ။
တကယ် တရားအားထုတ်ပြီဆိုရင် စိတ်တွေဟာ အမြဲမပြတ် ဖြစ်ပျက်နေတာကို သဘောပေါက်မှာပါ။ ကုသိုလ်လေး တခု လုပ်ပေမယ့် မောဟ ဆိုတဲ့ တရားကြီး ခံပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တ ကို မမြင်သေးသ၍ သာသနာ တွင်းသားလဲ မဖြစ် အပါယ်လေးပါးကလဲ မလွတ်ပါဘူး။ အင်မတန်ကိုပဲ ဘာသာတရား ကိုင်းရှိုင်းပါ တယ် ဆိုတာဟာလဲ သံသရာမှာ အသုံးမဝင်လှပါဘူး။ ကိုယ့်အနေနဲ့ သက်ရှိထင်ရှား မြတ်စွာဘုရားကို ဖူးခွင့် ရလို့ အကြီးကျယ်ဆုံးသော အလှူကြီး လုပ်ခဲ့သည့်တိုင်အောင် နတ်ပြည်ပို့မယ့် ကုသိုလ်တွေ ရှိနေရင်တောင်မှ နောက်ဘဝ နတ်ပြည်ရောက်မယ် မသေချာပါဘူး။ အပါယ်ကျသွားတဲ့ အကြီးကျယ်ဆုံး အလှူ လှူတဲ့ မိဖုရားကြီး ဇတ်လမ်းလဲ ကြားဖူးမယ် ထင်ပါတယ်။ တကယ်လို့များ နတ်ပြည်ရောက်သွားတယ် ဆိုရင်တောင်မှ အချိန်တန် ရင် အပါယ်လေးပါး ဆိုတဲ့ အိမ်ကိုပဲ ပြန်ရမှာပါ။ အဓိက အချက်ကတော့ ပုထုဇဉ်တွေမှာ ရှိနေတဲ့ မောဟ ဆိုတဲ့ တရားကြောင့်ပါပဲ။ မောဟ ဆိုတာက အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတာကို မသိပဲ မြဲတယ်၊ ချမ်းသာတယ်၊ ငါပဲ ဆိုတဲ့ အစွဲတွေ ရှိနေတဲ့အခါ ကိုယ်ထင်တဲ့ ချမ်းသာမှုကို ရဖို့အတွက် ချမ်းသာမှုကလဲ မြဲမယ် ထင်တဲ့အတွက် မကောင်းမှု ဒုစရိုက်တွေကို ကျူးလွန်ကြတာပါ။ ဒီလိုနဲ့ပဲ သံသရာမှာ အပြစ်တွေ အများကြီး ပြုမိတဲ့အချိန်တွေက ပိုများပါတယ်။ ပြောခဲ့တဲ့အတိုင်း မြတ်စွာဘုရားနဲ့ ကြုံတယ် ဆိုတာက သံသရာအတွက် လျှပ်စီးလက်သလောက် သာဖြစ်တာမို့ သံသရာမှာ အချိန်အများဆုံးက ဒုစရိုက်တွေ ကျူးလွန်တာနဲ့ ကုန်ကြတာပါ။
အဲဒီတော့ တကယ်ပဲ မြတ်စွာဘုရား တရားတွေကို ယုံကြည်တယ်ဆိုရင် သံသရာဘေး ဆိုတာကို သေသေချာချာ နားလည်ဖို့ ကြောက်သင့်တာကို ကြောက်ဖို့ လိုပါတယ်။ ဒီနေရာမှာလဲ ကိုယ့်ပေါ်ကျေးဇူးရှိလို့ ကျေးဇူးဆပ်ရမှာ မို့ ဆိုတဲ့ ကိစ္စတွေနဲ့ ပါတ်သက်ရင် ကျေးဇူး မဆပ်ပါနဲ့လို့တော့ မပြောလိုပါဘူး။ ဒါပေမယ့် ကျေးဇူးဆပ်တယ် ဆိုတာဟာ ချီးမွမ်းစရာ မင်္ဂလာ ဖြစ်ပေမယ့် သံသရာကတော့ မလွတ်နိုင်တဲ့ ကိစ္စပါ။ အဲဒီတော့ ဒီလိုပဲ ကျေးဇူး ဆပ်တာမျိုး လုပ်ရင်း မင်္ဂလာတရားတွေကို လိုက်လုပ်ရင်း သံသရာမှာ ရခဲလှတဲ့ မြတ်စွာဘုရား သာသနာ နဲ့ ကြုံတွေရခြင်း ဆိုတာကို သံသရာ လွတ်ကြောင်း အတွက် အသုံးမချလိုက်ရင် သံသရာမှာ ကိုယ်ပဲ နစ်နာမှာပါ။ ကိုယ်တရား ရသွားတဲ့အခါကျမှ ကိုယ်ကျေးဇူး ဆပ်ချင်သမျှကို တရားနဲ့ ကျေးဇူးဆပ်တာကမှ အကောင်းဆုံး အမွန်မြတ်ဆုံးပါပဲ။
အဲဒီတော့ လောကီမှာ ပုထုဇဉ်တွေပဲမို့ ပုထုဇဉ်ချီးမွမ်းတာ လိုက်လုပ်ရင်း အိုနာသေ ဆီသွားရင်တော့ သံသရာမှာ ဘာမှ မထူးခြားပဲ ဘဝ တခု၊ သံသရာ က လွတ်ကြောင်း အခွင့်အရေးတခု လက်လွတ်သွားရမယ် ဆိုတာကို သဘောပေါက်စေချင်ပါတယ်။ နောက်တခုက လောကီအောင်မြင်မှု ဆိုတာမျိုးတွေဟာ ကာမဂုဏ်နဲ့ ဆက်စပ်တဲ့ ကိစ္စတွေမို့ တွန်းတိုက်တာတွေ များပါတယ်။ ဒုက္ခတွေ များပါတယ်။ တကယ်တမ်း မမြဲတဲ့ အောင်မြင်မှု ဆိုတာတွေကို မမြဲမှန်း မသိပဲ ကိုယ်လိုချင်တာတွေ ရစေဖို့အတွက် လူအများစုဟာ ဒုစရိုက်မှုတွေ ကျူးလွန်ရမှာ လဲ ဝန်မလေးကြပါဘူး။ ဒီထဲကို တိုးဝင်ပြီး အောင်မြင်အောင် ဆိုတာမျိုး ကြိုးစားခဲ့ရင် လူတိုင်းလိုချင်တဲ့ ကိစ္စတွေမို့ ရန်သူလဲ များပါတယ်။ လောကုတ္တရာ တရားမှာတော့ အဲဒါတွေ မရှိပါဘူး။ တရားကို တကယ် အားထုတ်လိုက်မယ် ဆိုရင်တော့ ကိုယ်လဲ အပါယ်ဘေး စိတ်ချရမယ်။ မမြဲတာတွေကို မမြဲဘူး သေသေချာချာ သိသလို လောကမှာ သုခဆိုတာ မရှိဘူး ဆိုတာကိုလဲ သဘောပေါက်တဲ့အတွက် ပြင်းထန် အပါယ်ကျစေတဲ့ အကုသိုလ် ဒုစရိုက်မှုတွေနဲ့ လုံးဝ ကင်းအောင် နေသွားတာပါပဲ။ အောင်မြင်မှုဆိုတာလဲ အရိယာ အတွက် ဘာအဓိပ္ပါယ်မှ မရှိပါဘူး။ အဲဒီအတွက် စိတ်အေးချမ်းမှုကို ခံစားရမှာပါ။
ဒီတော့ သံသရာမှာ ကြုံရခဲလှတဲ့ မြတ်စွာဘုရားရဲ့ သာသနာ၊ သံသရာမှ လွတ်ကြောင်းကို အလေးထား စဉ်းစားပါလို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply