တရားအားထုတ်တဲ့ ခရီးလမ်းမှာ အကြီးမားဆုံး အဟန့်အတားတစ်ခုကတော့ “သံသယ” ခေါ်တဲ့ ဝိစိကိစ္ဆာ ပါပဲ။ “ငါ တရားရပါ့မလား၊ ဒီလမ်းကရော မှန်ရဲ့လား၊ တကယ်ပဲ လွတ်မြောက်နိုင်ပါ့မလား” ဆိုတဲ့ သို့လော သို့လော တွေးတောမှုတွေဟာ တရားအားထုတ်သူတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ ကိလေသာတစ်ခု ဖြစ်ပါတယ်။ ဒီသံသယတွေကို စာအုပ်တွေဖတ်ရုံ၊ သူများပြောတာကို နားထောင်ရုံ သက်သက်နဲ့ အမြစ်ပြတ် ရှင်းလင်းပစ်ဖို့ မရနိုင်ပါဘူး။ သံသယကို အပြီးတိုင် ရှင်းလင်းနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ မိမိခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ နာမ်နဲ့ ရုပ် သဘာဝတွေကို ကိုယ်ပိုင်ဉာဏ်နဲ့ တိုက်ရိုက် လေ့လာခြင်းပဲ ဖြစ်ပါတယ်။

သံသယ (ဝိစိကိစ္ဆာ) ရဲ့ ရေသောက်မြစ်ဟာ တကယ်တော့ “ငါ” လို့ ထင်မှတ်နေတဲ့ သက္ကာယဒိဋ္ဌိ ပါပဲ။ “ငါ လုပ်နေတယ်၊ ငါ ကျင့်နေတယ်၊ ငါ မရသေးဘူး” ဆိုတဲ့ အတ္တအစွဲ ရှိနေသရွေ့ သံသယဆိုတာ အမြဲတမ်း တွဲကပ်နေမှာပါ။ ဒါကြောင့် သံသယကို ရှင်းချင်ရင် “ငါ” ဆိုတဲ့ အထင်မှားကို အရင်ရှင်းရပါမယ်။ ဒီအတွက် ခန္ဓာငါးပါးကို နာမ်နဲ့ ရုပ် တရားသက်သက်သာ ဖြစ်တယ်ဆိုတာကို တိုက်ရိုက် လေ့လာရပါမယ်။

ရုပ်ဆိုတာဟာ သိတတ်တဲ့ သဘောမရှိဘဲ ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘောသာ ရှိပါတယ်။ နာမ်ဆိုတာကတော့ ရုပ်ကလွဲရင် အကောင်အထည် လုံးဝမရှိဘဲ သိတတ်၊ ခံစားတတ်၊ မှတ်သားတတ်၊ စေ့ဆော်တတ်တဲ့ သဘောတရားတွေပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ခန္ဓာမှာ ပေါ်လာတဲ့ သိစိတ်ဆိုတာ ဝိဉာဏ် သက်သက်သာ ဖြစ်ပါတယ်။ မြင်သိစိတ်၊ ကြားသိစိတ်၊ ကြံတွေးစိတ် အားလုံးဟာ အကြောင်းတိုက်ဆိုင်လို့ ပေါ်လာတဲ့ ဝိဉာဏ် တွေချည်းပါပဲ။

ဒီနာမ်ရုပ် သဘာဝတွေကို တိုက်ရိုက် လေ့လာတဲ့အခါ၊ စိတ်ကို ငြိမ်အောင်၊ ကောင်းအောင် အတင်းအကျပ် ပြင်ဖို့ မကြိုးစားပါနဲ့။ စိတ်ကို ပြင်ဖို့ ကြိုးစားတာဟာ “ငါလုပ်နေတယ်” ဆိုတဲ့ အစွဲကို ပိုကြီးထွားစေပါတယ်။ အမှန်တကယ် လုပ်ရမှာက စိတ်ရဲ့ သဘာဝဖြစ်တဲ့ ဖြစ်ခြင်းနဲ့ ပျက်ခြင်း (အနိစ္စ) သဘောကို အရှိကို အရှိအတိုင်း “သိ” နေဖို့သာ ဖြစ်ပါတယ်။ အတွေးတစ်ခု ပေါ်လာရင် “ငါ တွေးနေတယ်” လို့ မယူဆဘဲ “တွေးသိစိတ်ကလေး ပေါ်လာပါလား” လို့ စောင့်ကြည့်လိုက်ပါ။ ဧည့်သည်ကို ကြည့်သလို ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ စောင့်ကြည့်နေလိုက်ရင် အဲဒီစိတ်ကလေး ချက်ချင်း ပျက်သွားတာကို လက်တွေ့ မြင်ရပါလိမ့်မယ်။

ဒီလို နာမ်နဲ့ ရုပ်ရဲ့ အဆက်မပြတ် ဖြစ်ပြီး ပျက်နေတဲ့ သဘာဝကို မျက်ခြည်မပြတ် လေ့လာပါများလာတဲ့အခါ၊ ခန္ဓာကိုယ်ထဲမှာ ခိုင်မြဲတဲ့ “ငါ”၊ “ပုဂ္ဂိုလ်”၊ “သတ္တဝါ” ဆိုတာ လုံးဝ မရှိဘဲ၊ အကြောင်းအကျိုးအရ ဖြစ်ပျက်နေတဲ့ တရားတွေသာ ရှိတယ်ဆိုတာကို ဉာဏ်နဲ့ တည့်တည့် မြင်လာပါလိမ့်မယ်။ ဒီလို ထိုးထွင်းသိမြင်လာတဲ့အခါ “ငါ မဟုတ်လို့ ဘာမှလုပ်လို့မရဘူး” ဆိုတဲ့ အဆိုးမြင်စိတ်မျိုး ဝင်မလာစေဘဲ၊ လွတ်မြောက်လိုတဲ့ ဆန္ဒ၊ မဆုတ်မနစ်တဲ့ ဝီရိယ၊ စူးစိုက်တဲ့ စိတ္တ နဲ့ ပညာနဲ့ ဆင်ခြင်တဲ့ ဝီမံသာ ဆိုတဲ့ အဓိပတိတရားလေးပါးကို အပြည့်အဝ အသုံးချပြီး ဆက်လက် အားထုတ်ရပါမယ်။

အရာအားလုံးဟာ ပိုင်ဆိုင်သူမရှိ သူ့သဘောသူဆောင်နေတဲ့ “အနတ္တ” တရားတွေသာ ဖြစ်တယ်လို့ ကိုယ်တိုင် ဉာဏ်နဲ့ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားတဲ့အခါ၊ ဒိဋ္ဌိ (အယူမှား) ဟာ အလိုလို ပြုတ်ကျသွားပါတယ်။ ဒိဋ္ဌိ ပြုတ်ကျသွားတာနဲ့ တပြိုင်နက်၊ အဲဒီဒိဋ္ဌိကို အခြေခံထားတဲ့ သံသယ (ဝိစိကိစ္ဆာ) ဆိုတာတွေလည်း အကြွင်းမဲ့ ရှင်းလင်းပျောက်ကွယ်သွားပါတော့တယ်။

ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက်ဟာ လူ၊ ရဟန်း အရိယာတွေ တတ်နိုင်သလောက် များများ ပေါ်ထွန်းလာရေးပဲ ဖြစ်ပါတယ်။ အရှင်ဘုရားတို့၊ ဓမ္မမိတ်ဆွေတို့ အနေနဲ့ သူများပြောတာကို ယုံကြည်ရုံ သက်သက်နဲ့ မရပ်တန့်ဘဲ၊ မိမိခန္ဓာက ပြသနေတဲ့ နာမ်ရုပ် သဘာဝတွေကို ကိုယ်တိုင် တိုက်ရိုက် လေ့လာခြင်းဖြင့် သံသယ အညစ်အကြေးတွေကို ရှင်းလင်းဖယ်ရှားကာ သောတာပတ္တိမဂ် ပန်းတိုင်ဆီသို့ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနိုင်ကြပါစေလို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *