မိတ်ဆွေ… ဒီနေ့ ခင်ဗျားတို့ကို မေးခွန်းတစ်ခုလောက် မေးချင်တယ်။ ခင်ဗျားတို့ ဘုန်းကြီးကျောင်းသွားတဲ့အခါ ကျောင်းတိုက်တွေရဲ့ အဝင်ဝမှာ၊ ဧည့်ခန်းမဆောင်တွေမှာ ဘာတွေကို အများဆုံး တွေ့ရသလဲ။

ဆရာတော်ရဲ့ ဓာတ်ပုံကြီးတွေ၊ အဲဒီဓာတ်ပုံအောက်မှာ စာလုံးအရှည်ကြီးတွေနဲ့ ရေးထားတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေ၊ နိုင်ငံတော်က ဆက်ကပ်ထားတဲ့ တံဆိပ်တော်တွေ… ဒါတွေကို ဂုဏ်ယူဝင့်ကြွားစွာ ချိတ်ဆွဲထားတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ သာမန်ကြည့်ရင်တော့ ကြည်ညိုစရာလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ “အမှန်တရား” (သစ္စာ) မျက်လုံးနဲ့ သေချာကြည့်လိုက်ရင်တော့… ဒါဟာ ဗုဒ္ဓသာသနာအတွက် အင်မတန် ရင်လေးစရာကောင်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်နေပါတယ်။
ဘာကြောင့် ကျွန်တော် ဒီလိုပြောရတာလဲ။
၁။ သင်္ကန်းဆိုတာ ယူနီဖောင်း မဟုတ်ပါ
လောကမှာ စစ်သားဆိုတာ တိုက်ပွဲဝင်ဖို့ ယူနီဖောင်း ဝတ်တာပါ။ ကျောင်းသားဆိုတာ စာသင်ဖို့ ကျောင်းဝတ်စုံ ဝတ်တာပါ။ ဒါဆိုရင် “ရဟန်း” ဆိုတာ ဘာလုပ်ဖို့ သင်္ကန်းဝတ်တာလဲ။ မြတ်စွာဘုရား လက်ထက်ကတည်းက ရဟန်းတစ်ပါး ဝတ်တော့မယ်ဆိုရင် “သဗ္ဗဒုက္ခ နိဿရဏ” ဆိုတဲ့ စကားကို ဆိုပြီးမှ ဝတ်ရပါတယ်။ အဓိပ္ပာယ်က “လုံးစုံသော ဆင်းရဲဒုက္ခ (သံသရာ) မှ လွတ်မြောက်ရပါလို၏” ဆိုတဲ့ ရည်ရွယ်ချက်ပါ။
ရဟန်းဆိုတာ လူ့ဘောင်လောကရဲ့ ဂုဏ်တွေ၊ ဒြပ်တွေ၊ ယှဉ်ပြိုင်မှုတွေကို စွန့်လွှတ်ပြီး ထွက်သွားတဲ့သူတွေပါ။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ ဘာဖြစ်နေသလဲ။ ကျောင်းတိုက်တွေဟာ “တက္ကသိုလ်” တွေ ဖြစ်ကုန်ကြပါပြီ။ သင်္ကန်းဝတ်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ “စာမေးပွဲ” ဆိုတဲ့ လောကဓမ္မတာ နောက်ကို လိုက်ပြီး အပြိုင်အဆိုင် ဖြစ်ကုန်ကြပါပြီ။ “ငါ ဘာစာမေးပွဲ အောင်တယ်၊ ငါ ဘာဘွဲ့ရတယ်” ဆိုတဲ့ မာန တံဆိပ်တွေကို တပ်ဖို့ ကြိုးစားနေကြပါတယ်။
ကျွန်တော် ပြတ်ပြတ်သားသား ပြောပါရစေ။ စာတွေအများကြီးတတ်ဖို့၊ ဘွဲ့တွေအများကြီးရဖို့၊ လူတွေ အများကြီးက ဝိုင်းပြီး ချီးကျူးခံရဖို့ လိုချင်ရင်… ဘုန်းကြီးဝတ်စရာ မလိုပါဘူး။ တက္ကသိုလ် သွားတက်လိုက်ပါ။ ပါမောက္ခ လုပ်လိုက်ပါ။ အဲဒီနေရာတွေက စာတတ်တာကို ဂုဏ်ပြုတဲ့ နေရာတွေပါ။
နိဗ္ဗာန်ကို လိုချင်လို့၊ ကိလေသာကို သတ်ချင်လို့ ဘုန်းကြီးဝတ်တာဆိုရင်တော့… အဲဒီ “စာတတ်ခြင်း/ မတတ်ခြင်း” ဆိုတဲ့ လောကီဂုဏ် နယ်ပယ်ကို စွန့်ခွာရပါလိမ့်မယ်။
၂။ ရေကူးနည်းစာအုပ် ဖတ်ပြီး ရေကူးသင်ပေးနေကြသူများ
လက်ရှိ သာသနာမှာ ဖြစ်ပျက်နေတဲ့ အဆိုးဝါးဆုံး အမှားကတော့ “လက်တွေ့ မပါတဲ့ စာတွေ့” ကို အထင်ကြီးနေကြတာပါပဲ။
ဥပမာတစ်ခု ပြောပြမယ်။ ခင်ဗျား ရေကူးတတ်ချင်တယ်။ ရေကူးသင်တန်း သွားတက်တယ်။ နည်းပြလုပ်တဲ့သူက ရေကူးကန် ဘောင်ပေါ်မှာ မတ်တတ်ရပ်ပြီး စာအုပ်တစ်အုပ်ကို ဖတ်ပြတယ်။ “ရေကူးတယ်ဆိုတာ လက်ကို ၄၅ ဒီဂရီ ကွေးရတယ်၊ ခြေထောက်ကို ဘယ်လို ခတ်ရတယ်” ဆိုပြီး ပါးစပ်ကပဲ သင်ပေးတယ်။ ဒါပေမဲ့ အဲဒီနည်းပြကိုယ်တိုင် ရေထဲဆင်းခိုင်းလိုက်ရင် ရေမွန်းပြီး သေမယ့်လူ ဖြစ်နေတယ်။ အဲဒီလို နည်းပြမျိုးကို ခင်ဗျား ယုံကြည်ပြီး အသက်အပ်ရဲမလား။
အခု ဘုန်းကြီးကျောင်းတွေမှာ ဖြစ်နေတာ အဲဒါပါပဲ။ ပိဋကတ်စာပေတွေကို အလွတ်ရတယ်။ ပါဠိသဒ္ဒါတွေကို ကျွမ်းကျင်တယ်။ “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဆိုတဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပြနိုင်တယ်။ ဒါပေမဲ့… ကိုယ့်စိတ်ထဲမှာ ဒေါသဖြစ်လာရင် မထိန်းနိုင်ဘူး။ လိုချင်တာ မရရင် စိတ်ဆင်းရဲတယ်။ သူများ ဝေဖန်ရင် ခံပြင်းတယ်။ ဒါဟာ ဘာကို ပြနေသလဲ။ သူတို့ သင်ထားတဲ့ စာတွေဟာ ဦးနှောက်ထဲမှာပဲ ရှိပြီး၊ နှလုံးသားထဲကို မရောက်ဘူး ဆိုတာပါပဲ။ ကိုယ့်ကိုယ်ကိုယ်တောင် ကယ်တင်နိုင်စွမ်း မရှိတဲ့ ပုဂ္ဂိုလ်တွေက၊ ဒကာ ဒကာမတွေကို “သံသရာက လွတ်အောင် လုပ်နည်း” သင်ပေးမယ် ဆိုတာဟာ ယုတ္တိ ရှိပါရဲ့လား။
၃။ အလွတ်ကျက်ထားတဲ့ “အနတ္တ” နှင့် လက်တွေ့မြင်တဲ့ “အနတ္တ”
ကျွန်တော် ရေးခဲ့တဲ့ “သောတာပန်ဘဝ ရေးသမျှ” စာအုပ်ထဲမှာ ခဏခဏ ပြောခဲ့ပါတယ်။ စာအုပ်ထဲက “အနတ္တ” (ငါ မရှိခြင်း) ဆိုတာ အလွတ်ကျက်ထားတဲ့ ပညတ်ချက်ပါ။ တကယ့် “အနတ္တ” ဆိုတာ ကိုယ့်ခန္ဓာကိုယ်ထဲမှာ တကယ်ဖြစ်ပျက်နေတဲ့ ရုပ်နာမ်သဘောတရားကို ဉာဏ်နဲ့ ထွင်းဖောက်မြင်တာပါ။
စာသင်သား သံဃာတော်များ ခင်ဗျာ… အရှင်ဘုရားတို့ စာမေးပွဲခန်းထဲမှာ ဖြေနေတဲ့ “ခန္ဓာငါးပါး အကြောင်း” ဟာ အရှင်ဘုရားတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အချိန်တိုင်း ဖြစ်ပျက်နေတယ်ဆိုတာ သတိထားမိပါရဲ့လား။ စာမေးပွဲအောင်လို့ “ငါ တော်လိုက်တာ” လို့ တွေးလိုက်တဲ့ စိတ်ကလေးဟာ “မာန” ဆိုတဲ့ ကိလေသာ ဖြစ်နေတယ်ဆိုတာကို ရှုမှတ်မိပါရဲ့လား။
တကယ်တော့… မဂ်ဖိုလ် မရသေးဘဲ (အနည်းဆုံး သောတာပန် အဆင့်ကို လက်တွေ့ မရောက်သေးဘဲ) သူများကို တရားပြတယ်ဆိုတာ… မျက်ကမ်းက မျက်ကမ်းကို လမ်းတွဲခေါ်တာနဲ့ အတူတူပါပဲ။ နှစ်ယောက်စလုံး ချောက်ထဲ ကျဖို့ သေချာသလောက် ရှိပါတယ်။
ဒါကြောင့် ကျွန်တော် အဆိုပြုချင်တယ်။ သာသနာ့ဝန်ထမ်း ရဟန်းတစ်ပါးဟာ စာမချမီ၊ တရားမဟောမီမှာ… မိမိကိုယ်တိုင် “တရားထူး” တစ်စုံတစ်ရာကို လက်တွေ့ ဆိုက်ရောက်အောင် အရင် ကြိုးစားသင့်ပါတယ်။ လောကမှာတောင် ကားမောင်းတတ်မှ လိုင်စင်ထုတ်ပေးတာပါ။ နိဗ္ဗာန်ရောက်ကြောင်း တရားပြမယ့်သူက နိဗ္ဗာန်ကို မျက်စိနဲ့တောင် မမြင်ဖူးဘူး ဆိုရင်… ဒါဟာ တာဝန်မဲ့ရာ မကျဘူးလား။
၄။ ဒကာ ဒကာမတွေရဲ့ တာဝန်
ဒီနေရာမှာ ရဟန်းတွေကိုချည်း အပြစ်ပြောလို့ မရပါဘူး။ “ဝယ်သူ ရှိလို့ ရောင်းသူ ရှိတာ” ပါ။ ဒကာ ဒကာမတွေက “စာတတ်တဲ့ ဘုန်းကြီး”၊ “ဘွဲ့ရတဲ့ ဘုန်းကြီး”၊ “အသံကောင်းကောင်းနဲ့ တရားဟောတဲ့ ဘုန်းကြီး” တွေကိုပဲ ရွေးချယ်ပြီး လှူဒါန်းနေကြလို့… ဘုန်းကြီးတွေကလည်း အဲဒီ လိုအပ်ချက် အတိုင်း လိုက်နေကြရတာပါ။
ခင်ဗျားတို့က ဘုန်းကြီးတစ်ပါးကို တွေ့ရင် “စာဝါ ဘယ်နှတန်း အောင်ပြီးပြီလဲ” လို့ မေးမယ့်အစား… “အရှင်ဘုရား… အရှင်ဘုရားရဲ့ ခန္ဓာထဲမှာ အနိစ္စသဘောကို ဘယ်လို ရှုမှတ်နေပါသလဲ” လို့ ပြောင်းမေးကြည့်စမ်းပါ။ “အရှင်ဘုရား… သံသရာက လွတ်မြောက်ဖို့အတွက် လက်တွေ့ကျင့်စဉ်ကိုပဲ ဟောပြပေးပါ” လို့ တောင်းဆိုကြည့်စမ်းပါ။
ခင်ဗျားတို့ရဲ့ ပုံစံပြောင်းသွားရင်၊ သံဃာတော်တွေရဲ့ ဦးတည်ချက်လည်း ပြောင်းသွားပါလိမ့်မယ်။ စာအုပ်ကို ကိုးကွယ်နေတာတွေ ရပ်သွားပြီး၊ အလုပ် (တရားအားထုတ်ခြင်း) ကို ဦးစားပေးလာကြပါလိမ့်မယ်။
၅။ ကျွန်တော့်ရဲ့ အိပ်မက် (သို့မဟုတ်) သာသနာပြု စီမံကိန်း
ကျွန်တော် မျှော်လင့်တဲ့ သာသနာဆိုတာ… ကျောင်းတိုက်ကြီးတွေ အပြိုင်အဆိုင် ဆောက်နေတဲ့ သာသနာ မဟုတ်ဘူး။ ပွဲလမ်းသဘင်တွေနဲ့ ဆူညံနေတဲ့ သာသနာ မဟုတ်ဘူး။ စာမေးပွဲ အောင်စာရင်း ထွက်ရင် အောင်ပွဲခံနေတဲ့ သာသနာ မဟုတ်ဘူး။
ကျွန်တော် မြင်ချင်တာက – ရဟန်းသံဃာတွေဟာ စာအုပ်တွေကို ဘေးချပြီး၊ တရားခွင်ထဲမှာ ကိုယ်တိုင် ကျင့်ကြံနေတဲ့ သာသနာ။ “ငါ ဘွဲ့ရထားတယ်” လို့ မာနတက်နေမယ့်အစား၊ “ငါ ဆိုတာ မရှိပါလား” ဆိုတဲ့ အသိနဲ့ တည်ငြိမ်နေတဲ့ သာသနာ။ တရားဟောတဲ့အခါ “စာအုပ်ထဲမှာ ဒီလိုဆိုထားတယ်” လို့ မပြောဘဲ… ” ကိုယ်တိုင် ကျင့်ကြံတွေ့ရှိချက်အရ ဒီလိုရှိတယ်” လို့ ရဲရဲဝံ့ဝံ့ ညွှန်ပြနိုင်တဲ့ သာသနာ။
အဲဒီလို ဖြစ်လာဖို့ဆိုရင် – “မဂ်ဖိုလ် ရပြီးမှ (သို့မဟုတ် လက်တွေ့ တရားတွေ့ပြီးမှ) စာသင်ရမယ်၊ တရားဟောရမယ်” ဆိုတဲ့ စည်းမျဉ်းတစ်ခုကို ကျွန်တော်တို့ ဝိုင်းဝန်း တည်ဆောက်ကြရပါမယ်။
နိဂုံး
မိတ်ဆွေ… အချိန်တွေ မရှိတော့ပါဘူး။ ဒီသံသရာထဲမှာ ဘွဲ့ထူး ဂုဏ်ထူးတွေက ကယ်တင်နိုင်သလား။ ပါဠိစာပေ ကျွမ်းကျင်မှုတွေက ချစ်ခင်နှစ်သက်သူတွေနဲ့ ကွေကွဲရလို့ဖြစ်တဲ့ လွမ်းဆွတ်မှုကို ဖျောက်ဖျက်ပေးနိုင်သလား။ မရပါဘူး။ ခင်ဗျားတို့ကို ကယ်တင်နိုင်တာ… “ငါ မရှိဘူး၊ ဖြစ်ပြီးရင် ပျက်သွားတာပဲ ရှိတယ်” ဆိုတဲ့ ဝိပဿနာဉာဏ် တစ်ခုတည်းသာ ရှိပါတယ်။
ဒါကြောင့်… ဒီစာကို ဖတ်နေတဲ့ ရဟန်းရှင်လူ အပေါင်းတို့… ဟန်ပြ အခမ်းအနားတွေ၊ ဘွဲ့ထူး ဂုဏ်ထူးတွေကို စွန့်လွှတ်လိုက်ကြပါ။ အဲဒါတွေက သံသရာထောင်ကြီးရဲ့ အလှဆင် ပစ္စည်းတွေပါ။ ထောင်ကို ဖောက်ထွက်မယ့် လက်နက်က “လက်တွေ့ကျင့်စဉ်” ပါ။
ဘွဲ့ထူး ဂုဏ်ထူး လိုချင်ရင် တက္ကသိုလ်သွားပါ။ စီးပွားရှာချင်ရင် ဈေးရောင်းပါ။ ဒါပေမဲ့… “ရဟန်း” အဖြစ်ကို ခံယူထားပြီဆိုရင်တော့… နိဗ္ဗာန်ကို မရ ရအောင် ယူပါ့မယ်လို့ သစ္စာဆိုပြီး… တရားအလုပ်ကိုသာ အသက်နဲ့ လဲပြီး လုပ်ဆောင်ကြပါစို့။
အမှန်တရားသည်သာ လွတ်မြောက်ရာ ဖြစ်သည်။
Leave a Reply