ကိလေသာ တရား ဆယ်ပါးရှိပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ တို့ ဖြစ်ပါတယ်။ ဒီထဲကနေ ပထမဆုံး ပယ်ရမယ့် ကိလေသာက ဒိဋ္ဌိ နဲ့ ဝီစိကိစ္ဆာ ကိလေသာ ပါ။ ဒီနေရာမှာ တချို့က ကိလေသာတွေဟာ ရုပ်မှာပဲ တည်ရှိနေသလိုလို ထင်နေကြတတ်ပါတယ်။ မဆက်စပ်ဘူးလို့ မပြောလိုပါဘူး။ သို့သော် ကိလေသာ ဆိုတာသည် နာမ်တရားသာ ဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ ရှိနေတာသည် ရုပ်နာမ် ဖြစ်ပျက်သာ ဖြစ်တာမို့ ကိလေသာ ဆိုတာသည် အမြဲတမ်း တည်မြဲ ခိုင်မြဲတဲ့ တရားမဟုတ်ပါဘူး။ အကြောင်းတိုက်ဆိုင်တဲ့ အခါမှာ ပေါ်လာမယ်၊ ပြီးရင် ပျောက်သွားမယ် ဆိုတဲ့ သဘောမျိုးပါပဲ။

ကိလေသာကို ပါယ်ရှားတဲ့ တစ်ခုတည်းသော နည်းလမ်းက အမှန်သိခြင်း ဆိုတဲ့ သမ္မာဒိဋ္ဌိ ပါပဲ။ မဂ္ဂဗြဟ္မ စရိယာ ဆိုတဲ့ မဂ္ဂင်အကျင့်သည်သာ တစ်ခုတည်းသော နည်းလမ်းပါ။ ဒီကိလေသာတွေထဲမှာမှ ကျန်တဲ့ ကိလေသာတွေကို ပါယ်တဲ့ တရားတွေကလဲ နာယူသင့်တဲ့ ကိစ္စတွေပါပဲ။ ဒါပေမယ့် ပထမ မဂ်အတွက် ကြိုးစားတဲ့ နေရာမှာတော့ ဒိဋ္ဌိနဲ့ ပါတ်သက်တဲ့ အမှန်သိမြင်မှုကို အရေးထားဖို့ လိုပါတယ်။ အဲဒီအတွက် ရုပ် နာမ် ဆိုတာကို သိရပါမယ်။ ရုပ်နာမ် ဟာ အမြဲဖြစ်ပျက်နေတယ် ဆိုတာကို သိဖို့လိုပါတယ်။

ကိလေသာရဲ့ သဘောက အမြဲတည်ရှိနေတာ မဟုတ်ဘူးလို့ ပြောခဲ့ပြီးပါပြီ။ ဒါဆိုရင် လူတွေဟာ တခါတလေ ပုထုဇဉ်၊ တခါတလေ အရိယာ လားလို့ မေးကောင်း မေးနိုင်ပါတယ်။ ဒါနဲ့ ပါတ်သက်လို့ ရှင်းတဲ့ ဉပမာကတော့ ကိလေသာရဲ့ သဘောဟာ အကြွေးယူထား သလိုပါပဲ။ ဆိုလိုတာက အကြွေးယူထားတဲ့ အခါမှာ ပြန်ဆပ်ရမယ် ဆိုတဲ့ သဘောလေးက ရှိနေပါတယ်။ အဲဒီ ပြန်ဆပ်ရမယ့် သဘောလေးက ဘာကြောင့် ရှိသလဲ ဆိုတော့ အကြွေးယူခြင်းဆိုတဲ့ ကိစ္စ ဖြစ်ခဲ့လိုပါ။ ပုထုဇဉ်တွေမှာ အကြွေးယူထားတဲ့ လူတွေလို ပြန်ဆပ်ရမယ်ဆိုတဲ့ သဘောက ရှိနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အစမထင်အောင် ရှည်လျှားလှတဲ့ သံသရာမှာ အမှန်တရားဆိုတာကို တခါဖူးမှ မသိဘူးပဲ။ ထပ်ခါ ထပ်ခါ ကိလေသာတွေ ဖြစ်ခဲ့ လို့ပါပဲ။ အထပ်ထပ် အခါခါ အကြွေးယူနေသလိုပါပဲ။ အခုလဲ မျက်လုံးနဲ့ အဆင်းတိုက်မိတယ်။ မျက်လုံးကိုလဲ ငါလို့ထင်တယ်။ အဆင်းကိုလဲ သူလို့ထင်တယ်။ ရုပ်နဲ့ နာမ် ဆိုတာကို မသိဘူး။ ရုပ် နာမ် ဖြစ်ပျက်သက်သက်သာ ဆိုတာကို မသိဘူး။ အဲဒီအခါမှာ ငါကြည့်လို့ကောင်းလိုက်တာ၊ ဒီ အမျိုးသား၊ အမျိုးသမီးကတော့ ချောတယ် အစရှိသဖြင့် ထပ်ခါ ထပ်ခါ အကြွေးယူနေကြတာပါပဲ။

အဲဒီတော့ နောက်တစ်ခေါက် မျက်လုံးနဲ့ အဆင်းတိုက်ပြန်တဲ့ အခါမှာလဲ ကိလေသာက ထပ်ဖြစ်စရာ အကြောင်းရှိနေပြန်ပါသေးတယ်။ အရိယာကတော့ ပထမ မဂ်မှာတင် ဒိဋ္ဌိ နဲ့ပါတ်သက်တဲ့ အကြွေးကျေသွားသလိုပါပဲ။ မျက်လုံးနဲ့ အဆင်းတိုက်ရုံမကလို့ မျက်လုံးထဲပဲ ဝင်ထိုင်ထိုင် ငါပဲ၊ သူပဲ၊ ယောက်ျားပဲ မိန်းမပဲ သတ္တဝါပဲ လို့ ထင်တဲ့ အထင်တောင် မလာတော့ပါဘူး။ အဲဒါကိုပဲ ကိလေသာကုန် သွားတယ်လို့ ပြောတာပါ။ ဒါပေမယ့် ကာမဂုဏ်ပေါ် ခင်တွယ်တဲ့ လောဘ ဒေါသ အစရှိတာတွေ မပါယ်ရသေးတဲ့ အတွက် ကာမဂုဏ်နဲ့ ပါတ်သက်တဲ့ လွန်ကျူးမှုဆိုတာကတော့ ဖြစ်မှာပါ။

အဲဒီတော့ ဒိဋ္ဌိ ကိလေသာ ပယ်ဖို့ နည်းလမ်းကတော့ ရုပ်နာမ် ဆိုတာကို သိဖို့နဲ့ ရုပ်နာမ် ဖြစ်ပျက်နေမှု ဆိုတာကို သိဖို့ပါပဲ။ ကျနော်တို့မှာ ငါ ဆိုတဲ့ ဒိဋ္ဌိက အာရုံ၊ ဒွါရ တိုက်လိုက်တိုင်းလိုလိုမှာ ဖြစ်နေတတ်တဲ့ သဘောရှိပါတယ်။ အဲဒီမှာ ငါဆိုတာ ဘာလဲလို့ မေးလိုက်ရင် ခေါင်းထဲ ပေါ်လာမှာက ဒီအပြုအမူတွေ ဒီအတွေ့အကြုံတွေ တွေ့ကြုံခဲ့ရတဲ့ သူပေါ့ ဆိုပြီး ပြောပါလိမ့်မယ်။ အဲဒါဟာ ဖြစ်ပျက် ကို သေသေချာချာ မမြင်သေးတာကြောင့် အဲဒီအယူ၊ အဲဒီ အသိ၊ အဲဒီအထင်ဟာ ဖြစ်နေရတာပါ။ ဖြစ်ပျက်ကို အားထုတ်နေပြီ မြင်နေပြီဆိုရင် အဲဒီ အတွေးသည် တကယ်တော့ ဖြစ်ပျက်သွားတဲ့ ဒိဋ္ဌိ နဲ့ သညာ ရဲ့ ဖြစ်ပျက်မှုသက်သက်သာ ဆိုတာကို သဘောပေါက်မှာပါ။ လောကဆိုတာကြီးက လူတွေဆိုတာက တကယ်ရှိနေသလား လို့ စဉ်းစားကြည့်ပါ။ ကိုယ့်ကိုကိုယ် စစ်ကြည့်တော့လဲ ရုပ်နာမ်ပဲ ရှိတယ်ဆိုတာ သိရမှာပါ။ ဒီကနေ တဆင့်တက်လိုက်တော့ ရုပ်နာမ် ဟာ အမြဲဖြစ်ပျက်နေတာပဲ ဆိုတာကို သိရမှာပါ။ အဲဒီတော့ လောကကြီး ဆိုတဲ့ စကားလုံးကို မြင်တဲ့အခါမှာ စကားလုံးသည် အဆင်း၊ မြင်တာသည် မျက်လုံး၊ ဖြစ်လာတာသည် မြင်စိတ်၊ အဲဒီမြင်စိတ် ဖြစ်တဲ့အခါမှာ နာမ်ခန္ဓာလေးပါး တပေါင်းတည်း ဖြစ်သတ္တိကြောင့် ထိတွေ့မှု ဖဿ၊ သညာ၊ ခံစားမှု ဝေဒနာ၊ စေ့ဆော်မှု သင်္ခါရတို့ဟာ တပေါင်းတည်း ဖြစ်ကြပါတယ်။ အဲဒီအချိန်မှာပဲ လောက ဆိုတာကြီးဟာ ဒိဋ္ဌိအနေနဲ့ နာမ်မှာ ဖြစ်လာတာပါပဲ။ တကယ်တမ်း တည်ရှိနေတာ မဟုတ်ပါဘူး။ တကယ်ဖြစ်သွားတာသည် ရုပ်နာမ် ဖြစ်ပျက် တခဏလေးပဲ ဖြစ်ပါတယ်။

ဒီလို တခဏလေး ဖြစ်တဲ့ ရုပ်နာမ် ဖြစ်ပျက်သာ ဆိုတာကို မသိခြင်း မောဟ ဖုံးလွှမ်းထားမှုကြောင့် အမြဲတစေ ငါဆိုရင် ပုံဖော်လိုက်၊ သူဆိုရင် ပုံဖော်လိုက် နဲ့ မရှိတဲ့ သတ္တဝါ ဆိုတာ သတ္တလောက ဆိုတာကို ပုံဖော်ပြီး ကိုယ့်ကိုယ်ကိုလဲ သတ္တဝါထင်တဲ့ အထင်ကြီးဟာ အမြဲဆိုသလို ဖြစ်ဖြစ်နေတာပါပဲ။ တကယ်တမ်းက ရုပ်နာမ်ဖြစ်ပျက်မှုသာ ဖြစ်ပါတယ်။ ရုပ်ဆိုတာကိုလဲ ငါလို့ ပြောလို့မရပါဘူး။ ရုပ်သာ ငါဖြစ်မယ် ဆိုရင် ကင်ဆာရောဂါ အစရှိတဲ့ ရောဂါတွေလဲ မဖြစ်ကြတော့ဘူး၊ ပျက်လဲ မပျက်စီးတော့ဘူး ဖြစ်ရမှာပေါ့။ ရုပ်ဆိုတာက ကံ၊ စိတ်၊ ဉတု၊ အဟာရ ရဲ့ ပြုပြင်မှုကြောင့် ဖြစ်ပြီး ပျက်နေတဲ့ သင်္ခါရ တရားသာ ဖြစ်ပါတယ်။ အဲဒီလိုပဲ နာမ် ဆိုတာကလဲ ငါ မဟုတ်ပါဘူး။ မျက်လုံးနဲ့ အဆင်းထိရင် မြင်စိတ် မပေါ်ပါနဲ့လို့ မရပါဘူး။ အသံနဲ့ နားထိရင်လဲ ကြားစိတ်မပေါ်ပါနဲ့လို့ မရပါဘူး။ မြင်စိတ် ကြားစိတ် ပေါ်လာရင်တဲ့ မှတ်မိမှု မှတ်သားမှုတွေ မဖြစ်ပါနဲ့လို့ တားမရပါဘူး၊။ ခံစားမှု ဝေဒနာတွေလဲ မပေါ်ပါနဲ့လို့ တားမရပါဘူး။ စေ့ဆော်မှု ဆိုတဲ့ စေတနာတွေလဲ မဖြစ်ပါနဲ့လို့ တားမရပါဘူး။ အဲလိုပဲ ဒါတွေ ဖြစ်ပြီးရင်လဲ မပျက်ပါနဲ့လို့ တားမရပါဘူး။

ရုပ် နာမ်ဟာ မှန်မှန်ကြီးကို ဖြစ်ပျက်နေတဲ့ သင်္ခါရတရားများ ဖြစ်ပါတယ်။ အဲဒီရုပ်နာမ်မှာ အသက်ဆိုတာ ဘာလဲလို့ မေးရင်လဲ တကယ်တမ်းရှာကြည့် ဘယ်ဟာကို ပြောရမှန်းမသိပါဘူး။ သေချာတာက ရုပ်နာမ် ဖြစ်ပျက်မှတပါး ဘာမှ ရှိမနေပါဘူး။ ဒါကို သိခြင်းဟာ အမှန်သိမြင်ခြင်းပါပဲ။ ဒီလိုအမှန် သိမြင်ခြင်းဆိုတာ ဖြစ်တဲ့အခါမှာ ဒိဋ္ဌိ ဆိုတာ အယူမှားကြီးပါလား၊ ငါ သူ ပုဂ္ဂိုလ် သတ္တဝါ ဆိုတဲ့ အတ္တဆိုတဲ့ သဘောရှိတယ်လို့ ယူဆထားမှုကြီး၊ သိမှု၊ ထင်မှု ဆိုတာဟာ အမှားပါလား ဆိုတာကို သိသွားတဲ့အခါမှာ မောဟ လက်က လွတ်သွားတာပါပဲ။

ဒီလို တချက်သိလိုက်ယုံနဲ့တော့ တခါတည်း အပြီးလွတ်သွားမှာ မဟုတ်ပါဘူး။ သို့လော သို့လော ဆိုတဲ့ ဝီစိကိစ္ဆာ၊ အထင်မှားမှု၊ အသိမှားမှု ဆိုတာဟာ ပြန်ပြီး ဖြစ်လာဉီးမှာပါပဲ။ အကြွေးယူထားတာက အတော်ကြီး ကြာခဲ့ပြီလေ။ အမြဲလဲ ထပ်ထပ် ယူနေတာမို့ တခါဆပ်လိုက်ယုံနဲ့တော့ အကုန်ကျေ မသွားနိုင်ပါဘူး။ ထပ်ခါ ထပ်ခါ စမ်းစစ်မှု သိမှု ဖြစ်ရအောင် မှန်ကန်သောသတိ၊ မှန်ကန်သောသမာဓိ၊ မှန်ကန်စွာတွေးတောမှု၊ မှန်ကန်တဲ့ အမြင် ထပ်ခါ ထပ်ခါ ဖြစ်နေဖို့လိုပါတယ်။ ရုပ်နာမ်ကို ရုပ်နာမ်ပဲလို့ သိမယ် ဆိုရင် ခရီးက အတော်လေး ရောက်နေပါပြီ။ ရုပ်နာမ်ရဲ့ ဖြစ်ပျက်ကို သိမယ်၊ ရုပ်နာမ် ဖြစ်ပျက်နေမှုပဲ ငါ ဆိုတာ သူဆိုတာကြီးက အမှားကြီးပါလားလို့ သိမယ် ဆိုရင် တော်တော်လေး ခရီးပေါက်လာပါပြီ။

ဒီမှန်ကန်စွာ မြင်မှု ဆိုတဲ့ အမောဟ ပေါ်မှာလဲ ငါသိတာ ငါ အမှန်မြင်တာ စသဖြင့် ထပ်ပြီး ဒိဋ္ဌိက အကြွေးယူဖို့ နှိုးဆော်ပါလိမ့်ဉီးမယ်။ အမောဟ ဆိုတာသည်လည်း နာမ်တရားပဲ၊ ရုပ်နာမ်ဖြစ်ပျက်မှ တပါး တခြားမရှိ။ သိတယ်ဆိုတာ ဝိဉာဏ်ဆိုတဲ့ နာမ်ပဲ၊ မှတ်မိတယ်ဆိုတာ သညာဆိုတဲ့ နာမ်ပဲ၊ ခံစားတယ်ဆိုတာ ဝေဒနာဆိုတဲ့ နာမ်ပဲ၊ ကြံတွေးမှု အမှန်မြင်မှု ဆိုတာ သင်္ခါရ ခေါ်တဲ့ နာမ်ပဲ။ အထင်မှား ဒိဋ္ဌိ ဆိုတာသည်လည်း နာမ်ပဲ။ ဒီတရားတွေ အားလုံးဟာ အတ္တမဟုတ် ငါတွေ သူတွေမဟုတ်။ သူ့သဘာဝအတိုင်း သူဖြစ်နေတာပဲ၊ ငါသူဆိုတာ ဘယ်နေရာမှာမှ ရှာမရပါလား ဆိုတာကို သေသေချာချာကြီး အမြင်ရှင်းသွားဖို့ လိုပါတယ်။

အရိယာ ဆိုတာသည် အခေါ်အဝေါ် ပညတ်သာ ဖြစ်ပြီး တကယ်တမ်းက ရုပ်နာမ် ဖြစ်ပျက်သာ ဖြစ်ပါတယ်။ ငါ အရိယာ ဖြစ်ရမယ်ဆိုတာမျိုးက တမျိုးကောင်းပေမယ့်၊ အဲဒီစကားကိုက ဒိဋ္ဌိကြီး ဖြစ်နေပါတယ်။ အဲဒီတော့ တခုခု ရလိုမှုနဲ့ မကြိုးစားပါနဲ့ အမှန်သိမြင်မှု ဖြစ်ဖို့ကြိုးစားပါ။ ရုပ် နာမ် ရဲ့ ဖြစ်ပျက်မှုသာ ရှိပြီး ကိလေသာ ဆိုတာသည်လည်း ရုပ်နာမ် ဖြစ်ပျက်၊ မဂ် ဆိုတာသည်လည်း ရုပ် နာမ် ဖြစ်ပျက်၊ အားလုံးဟာ ငါတွေ သူတွေ မဟုတ်ပဲ ရုပ်နာမ် ဖြစ်ပျက်သာ ဖြစ်တာမို့ အမှန်သိမြင်မှု ဖြစ်လာလေလေ ခန္ဓာက သူ့သဘောသူဆောင်ပြီး သူ့အလုပ်သူလုပ်နေတာကို သိလေလေပါပဲ။

ငါဆိုတာသည် မနေ့က ငါ ဒီနေ့ငါ တူတူပဲ ဆိုတဲ့ ခိုင်မြဲတဲ့ သဘောယူထားတဲ့ သူတွေကတော့ ရုပ်နာမ် ဖြစ်ပျက်ကို မြင်တဲ့အခါမှာ ခိုင်မြဲတာ တခုမှ မရှိပါလား ဆိုတာကို သဘောပေါက်သွားပြီး ငါဆိုတာ မဟုတ်ပါလား မရှိပါလားလို့ သဘောပေါက်သွားနိုင်ပါတယ်။ မေးခွန်းတွေ များတဲ့သူတွေကတော့ သင်္ခါရတရား ဆိုတာကို သဘောပေါက်ဖို့လိုပြီး သင်္ခါရတရားတွေရဲ့ ဖြစ်ပျက်နေမှုသာ ဖြစ်တဲ့အတွက် ငါ သူ ဆိုတဲ့ အတ္တမဟုတ် အနတ္တပဲလို့ သဘောပေါက်သွားနိုင်ပါတယ်။ ငါ သူဆိုတာ မရှိတဲ့အတွက် ရုပ်နာမ်အပေါ်မှာ ပိုင်စိုးမှု ဟိုလိုဖြစ်ပါတော့လား ဒီလိုဖြစ်ပါတော့လားလို့ လုပ်လို့မရပါဘူး။ အမှန်သိမြင်မှုကလဲ ဒီစာအပေါ်မှာ နားလည်းမှု ဆိုတဲ့ နာမ်တရားကြောင့် ဖြစ်လာတဲ့ ရုပ်နာမ် ဖြစ်ပျက်မှုလေး တစ်ခုသာ ဖြစ်ပြီး ဒီဘက်က ကျနော်ဆိုတာကလဲ ရှိမနေပါဘူး။ အားလုံးဟာ ထင်ယောင် ထင်မှား ဖြစ်နေကြတာပါ။ ရုပ် နာမ်တရားတွေရဲ့ ပဌာန်းနည်းအတိုင်း အကြောင်းအကျိုး ဖြစ်ပျက်နေမှုသာ ဖြစ်ပါတယ်။ ငါ သူ သတ္တဝါ ဆိုတာလုံးဝမရှိပဲ သုည ဆိုတဲ့ သဘောကိုလဲ မြင်လာပါလိမ့်မယ်။ အဲလိုမြင်မှုဟာလဲ ရုပ်နာမ် ဖြစ်ပျက်ပဲမို့ မမြဲပါဘူး။ ဖြစ်ပြီး ပျက်သွားမှာပါပဲ။ ရထားတွဲကြီးကို တွန်းသလိုပါပဲ၊ အစပိုင်းမှာတော့ အားစိုက်ထုတ်နေရပေမယ့် နောက်ပိုင်းမှာ အစကတည်းက တွန်းသူဆိုတာပါ မရှိတဲ့သဘော တရားများ အကြောင်းအကျိုး ဖြစ်ပျက်နေမှုတပါး ဘာမှမရှိတဲ့သဘော ကို သိလာပါလိမ့်မယ်။ ဘယ်အရာမှ ဘာမှ ဟုတ်မနေဘူး။ ထင်ထားတာတွေ အကုန်လွဲပြီ ဆိုတဲ့ အတွေးတွေလဲ ဖြစ်လာပါလိမ့်မယ်။

ပိုင်ဆိုင်တယ် ဆိုတာဟာ ဘာလဲ၊ ကာမဂုဏ်တွေအတွက် ကြိုးစားနေတယ် ဆိုတာဟာ သင့်တော်ရဲ့လား ဆိုတာတွေပါ ဆင့်ကဲ ဆင့်ကဲ ဖြစ်လာပါလိမ့်မယ်။ ကျနော်တို့ဟာ ငွေကြေးအတွက် လုံးပန်းနေကြတာ များပါတယ်။ ငွေကြေးလေး အဆင်ပြေရင်တော့ ကုသိုလ် အတွက် လုံးပန်းကြပြန်ပါတယ်။ ဒါကိုပဲ ကောင်းလှပြီ ဆိုပြီး အထပ်ထပ် အခါခါ ဟောပြောနေကြပါတယ်။ တကယ်တော့ ငွေကြေးပိုင်ဆိုင်တယ် ဆိုတာဘာလဲ စဉ်းစားကြည့်ပါ။ ငွေဆိုတာ ရုပ်ပါပဲ ပိုင်တယ်ထင်တဲ့စိတ်ဆိုတာဟာ ရုပ်နာမ် ဖြစ်ပျက်ပါပဲ။ တပါးသော သူများက မင်းဟာလို့ ပြောတယ် ဆိုတာကလဲ ရုပ်နာမ်ဖြစ်ပျက်ပါပဲ။ ကိုယ်က ကြားတယ်ဆိုတာကလဲ ရုပ်နာမ် ဖြစ်ပျက်ပါပဲ။ ငါ့ဟာ ဆိုတဲ့ စိတ်ကတော့ မှားယွင်းတဲ့ အယူ၊ အသိ၊ အထင် ဆိုတဲ့ ဒိဋ္ဌိ ရုပ်နာမ် ဖြစ်ပျက် ဖြစ်သွားပါပြီ။ ဒါဟာ ပြောခဲ့တဲ့အတိုင်း အကြွေးယူလိုက်ပြန်တဲ့ သဘောပါပဲ။ အစတကည်းက ငါဆိုတာ မရှိ မရပ်မနား ဖြစ်ပျက်နေတဲ့ ရုပ်နာမ် ဖြစ်ပျက်ကြီးမှာ ရမှုမဟုတ်ပဲ လွတ်လမ်းကို ဆုံးရှုံးမှု ဖြစ်နေပါပြီ။ အဲဒီတော့ အာရုံတွေဆိုတာ အသံတွေဆိုတာ အားလုံးဟာ ကိလေသာ တိုးပွားရာတွေ ဖြစ်နေပါတော့တယ်။ တခုတည်းသော လွတ်ရာလမ်းကတော့ မှန်ကန်စွာ သိမြင်မှုပါပဲ။ ငါဆိုတာ မရှိတဲ့ နောက်မှာ ကုသိုလ်တွေ ပြုပြီး ငါပြန်ခံစားရမယ် ဆိုတဲ့ အတွေးဟာလဲ အစကတည်းက မှားနေပါတယ်။ ကုသိုလ်ဟာ အကျိုးပေးတွေ ရှိနေပေမယ့် အဲဒီအပေါ်မှာ ငါ ဆိုတဲ့ ဒိဋ္ဌိကြီးနဲ့ မက်မောတွယ်တာနေမှုကလဲ သင့်တော်တဲ့ ကိစ္စမဟုတ်ပါဘူး။

အဲဒီတော့ အနှစ်ချုပ်အနေနဲ့ကတော့ ထင်ရှားရှိတဲ့ ခန္ဓာငါးပါးပေါ်မှာ ငါပဲ သူပဲ ဆိုတဲ့ သက္ကာယ ဒိဋ္ဌိ မဖြစ်စေပဲ မှန်မှန်ကန်ကန် သိမြင်မှု ဖြစ်စေဖို့ပါပဲ။ ဒီနေ့ခေတ်မှာ ရဟန်းသံဃာများက အစ ဒိဋ္ဌိ ထူလွန်းတော့ မိဘ မေတ္တာဘွဲ့တွေ ငရဲတွေ နတ်ပြည်တွေ ဒါတွေပဲ ဟောနေကြတာ များပါတယ်။ အဲဒီအဟောတွေဟာ တကယ်တမ်းတော့ ကိလေသာ တိုးပွားရာ တိုးပွားကြောင်းတွေ ဖြစ်နေပါတယ်။ နတ်ပြည်ရောက်ကြောင်း ကုသိုလ်တွေပေါ်မှာ သာယာနေမှုကလဲ ဒိဋ္ဌိကို အားကောင်းစေပါတယ်။ မိဘ ဆိုတာကို ရုပ်နာမ်ပဲလို့ မြင်ကြည့်လို့ အပါယ်ကျမယ်လို့ ဘုရားလဲ မဟောခဲ့ပါဘူး။ တပါးသော မကောင်းမှုတွေဘယ်လောက် လုပ်လုပ် မဖြုန်ပေမယ့် မိဘအပေါ်မှာ ရုပ်နာမ်ပဲ လို့ မြင်လိုက်ရုံနဲ့ ဘုရားဆိုတာ ရုပ်နာမ်ပဲလို့ မြင်လိုက်ရုံနဲ့ အပါယ်တန်းကျမယ်လို့ ထင်ချင် ထင်နေတတ်တာမျိုးပါ။ အမှန်တရားဆိုတာ မျက်နှာ မလိုက်ပါဘူး။ အကုန်လုံးအတွက် မှန်ကန်နေတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီတော့ အမှန်သိမြင်မှုအတွက် အမှန်စဉ်းစားမှုကို ကြောက်စိတ်ကြီးနဲ့ မကန့်ကွက်ပါနဲ့။ မိဘ ဆိုတာရုပ်နာမ်ပဲ ဆိုရင် ဘာဖြစ်တယ် ညာဖြစ်တယ် အစရှိသဖြင့် တပါးသော အကုသိုလ် စိတ်တွေလဲ ပေါ်ချင် ပေါ်လာတတ်ပါတယ်။ ဒါတွေဟာ ဖြစ်စရာ အကြောင်းရှိလို့ ဖြစ်တဲ့ ရုပ်နာမ် ဖြစ်ပျက်တွေပါပဲ။ ဒါတွေကို ကြောက်ပြီး ပူပန်နေစရာ မလိုပါဘူး။ အဲလိုပဲ အဲလိုပြောတတ်တဲ့ သူတွေကြားမှာ ငြင်းခုန်နေလို့လဲ အကျိုးမရှိပါဘူး။ အကျိုးရှိတာက တကယ်ပဲ ရုပ်နာမ် ဟုတ်သလား ဆိုတဲ့ စမ်းစစ်မှုပါ။ ဒီလို စမ်းစစ်မှု ရှိမှသာလျှင် အမှန်မြင်မှု ထပ်ခါထပ်ခါ ဖြစ်မှာပါ။ မိဘပေါ်မှာ မောင်နှမ သားချင်းပေါ်မှာ သာသမီးပေါ်မှာ ဇနီးမယား လင်ယောက်ျားပေါ်မှာ ခင်တွယ်မှု မကျေနပ်မှု ဆိုတာတွေဟာ ဒိဋ္ဌိကြောင့် ဖြစ်ရတဲ့ ကိစ္စတွေပါ။ ဒိဋ္ဌိကြောင့် ဖြစ်ရတဲ့ ကိစ္စတွေ အကုန်လုံးဟာ ဒိဋ္ဌိစင်လာတာနဲ့ အမျှ သက်သာလာမှာပါ။

သားသမီးကိုခင်တယ်၊ မိဘကိုခင်တယ် အဲဒီခင်တဲ့ စိတ်တွေဟာ ပုထုဇဉ်တွေ ကြားမှာ အသားယူစရာ ဂုဏ်ယူစရာ ဖြစ်ကောင်း ဖြစ်ပေမယ့် တကယ်တမ်းက အပါယ်ပို့မယ့် တရားတွေပါ။ အသက်ရှင်စဉ်မှာလဲ မမြဲတဲ့ အလိုမလိုက်တဲ့ ရုပ် နာမ်တွေ အနတ္တတွေမို့ စိတ်ဆင်းရဲ ပင်ပန်းခြင်း ဖြစ်စေတဲ့ အကြောင်းတွေပါ။ ကောင်းကျိုးပေးတဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ သားသမီးကို ခင်လွန်းလို့ ဆိုပြီး မျက်လုံးထဲ ထည့်ထားလို့ ရတာမျိုးလဲ မဟုတ်ပါဘူး။ မျက်လုံးထဲ ထည့်ထားလဲ ငါဆိုတာက ရှိမနေပါဘူး။ ဖြစ်ပြီးပျက်နေတဲ့ ရုပ်နာမ် ဖြစ်ပျက်တွေမှတပါး ဘာမှ မရှိပါဘူး။ ဒိဋ္ဌိ ဆိုတဲ့ အကြောင်းရှိနေသ၍ ပူဆွေးခြင်း ဆိုတဲ့ အကျိုး ရှိနေမှာပါပဲ။ ဒီနေ့မကြုံရရင် နောက်တနေ့ပါပဲ။ ကြုံရမှာ သေချာနေပါတယ်။ အဲဒီတော့ သံသရာ တလျှောက်လုံးမှာ ကိလေသာ အလိုလိုက်ခဲ့သမျှ ဒီတခါတော့ မလိုက်တော့ဘူး ဆိုတဲ့ စိတ်မျိုးနဲ့ အကြောင်းတရား ဖြစ်တဲ့ ဒိဋ္ဌိ ကုန်စင်သွားအောင်သာ ကြိုးစားတော် မူလိုက်ကြပါ။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *