Misconception ဆိုတာ မှားယွင်းစွာ ကောက်ချက်ချမှုပါ။ သူက ဘယ်မှာ ဖြစ်တာလဲဆိုတော့ ဝေဒနာရဲ့နောက်မှာ ဖြစ်တာပါ။ ဘယ်လိုဖြစ်လဲဆိုရင်တော့ အာရုံနဲ့ ဒွါရတိုက်လိုက်တဲ့အခါ ဖဿဆိုတဲ့ စေတသိတ် ဖြစ်ပါတယ်။ ပြီးရင် သူ့ကြောင့်ပဲ ဝေဒနာ ဆိုတာ ဖြစ်လာပါတယ်။ ဝေဒနာမှာ သုံးမျိုးရှိပါတယ်။ ဒုက္ခ၊ သုခ၊ ဥပေက္ခာ ဆိုပြီး ကွဲပါတယ်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာနဲ့ စိတ်မှာ ဥပေက္ခာဝေဒနာ ဖြစ်ပါတယ်။ ဥပေက္ခာဝေဒနာဆိုတာ အကောင်းအဆိုးမဟုတ် ခံစား၍မရသော ဝေဒနာ ဖြစ်ပါတယ်။ ကိုယ်မှာက သုခ၊ ဒုက္ခ၊ ဥပေက္ခာ သုံးမျိုးစလုံး ဖြစ်ပါတယ်။

အဲဒီတော့ ဝေဒနာနောက်မှာ တဏှာ မာန ဒိဋ္ဌိလိုက်ပါတယ်။ ဒိဋ္ဌိဆိုတာ misconception ပါ။ ဝေဒနာကြောင့် ဖြစ်ရတာပါ။ ဖြစ်ပုံကတော့ မြင်စိတ်ကို ငါမြင်တယ်လို့ ထင်တယ်။ ကြားစိတ်ကို ငါကြားတယ်လို့ ထင်တယ်။ အနံသိစိတ်ကို ငါသိတယ်လို့ ထင်တယ်။ အရသာသိစိတ်ကို ငါအရသာခံစားတယ်ထင်တယ်။ ယား နာ ကောင်းစိတ်ကို ငါ ယား နာ ကောင်းတာလို့ထင်တယ်။ ကြံတွေးစိတ်ကို ငါကြံတွေးတယ်လို့ ထင်တယ်။

ဒီလိုဖြစ်နေတာဟာ misconception ထဲမှာပဲ လည်နေတာပါ။ တကယ်တော့ ဖဿဆိုတဲ့ တရားတခုဖြစ်တယ်၊ ဝေဒနာဆိုတဲ့ တရားဖြစ်တယ်၊ မြင်းကြားနံ စတာတွေကို ငါဆိုတဲ့ သဘောနဲ့ပြီး misconcption ဖြစ်တယ်။ တကယ်တော့ အဲဒီ ငါ သူ ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ အသက် ဇီဝ ဆိုတာတွေဟာ မှားယွင်းစွာကောက်ချက်ချမှု misconception ပဲ ဖြစ်ပါတယ်။

အပေါ်မှာ ပြောခဲ့တဲ့ မြင်စိတ် စတဲ့ အရာတွေဟာ တကယ်တော့ ပရမတ္တ တရားတွေသာ ဖြစ်ပြီး အားလုံးဟာ အနတ္တပါ။

သင်္ခါရနဲ့ ဝိသင်္ခါရ ကွာခြားပုံက သင်္ခါရမှာ သဠာယတန ဖဿ ဝေဒနာ ဒိဋ္ဌိ စသဖြင့် တခုပြီးတခု၊ တခုကို တခု အကြောင်းအကျိုးဆက် သတ္တိတွေနဲ့ သွားနေတာပါ။ ဒီလို သံသရာလည်ပါတ်နေတာမို့လဲ ဒိဋ္ဌိအစရှိတဲ့ ကိလေသာတွေက ထကြွသောင်းကျန်းနေတာပါ။ နိဗ္ဗာန်ဆိုတဲ့ ဝိသင်္ခါရ ကတော့ အကြောင်းကြောင့် ဖြစ်တာ မဟုတ်တဲ့အတွက် တည်မြဲပါတယ်။ လည်ပါတ်နေတဲ့ သံသရာကြီးဟာ ရပ်တန့်သွားပါတယ်။

အဲဒါဟာ misconception ဆိုတဲ့ မှားယွင်းစွာကောက်ချက်ချမှု ကနေ လွတ်ကင်းသွားရင် ရမယ့် အကျိုးကျေးဇူးတွေပါပဲ။

ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *