တရားအာထုတ်တဲ့ အခါမှာ အရေးအကြီးဆုံးနေရာက သင်္ခါရ တွေအကုန်လုံးဟာ ဒုက္ခတွေချည်း သက်သက်သာ ဆိုတာကို သဘောပေါက် ဖို့ ဖြစ်ပါတယ်။ သင်္ခါရ တရား ဆိုတာကတော့ အကြောင်းကြောင့် ဖြစ်သော အကျိုးတရား မှန်သမျှကို သင်္ခါရ လို့ခေါ်ပါတယ်။
သင်္ခါရတရားတိုင်းဟာ အနိစ္စ ဆိုတဲ့ မမြဲမှုနဲ့၊ ဒုက္ခ ဆိုတဲ့ စက်ဆုပ်စရာ အသုံးမကျခြင်း နဲ့ အနတ္တ ဆိုတဲ့ သတ္တဝါ မဟုတ်ဆိုတဲ့ သဘော သုံးမျိုးလုံး ပြောနိုင်ပါတယ်။
ဒီတော့ ဒီနေရာမှာ သင်္ခါရ ဒုက္ခကို မြင်လာနိုင်စေဖို့အတွက် အနိစ္စဆိုတာကို အရင်ဆုံး သိအောင် လုပ်ဖို့ လိုပါတယ်။ ဥပမာ လောဘစိတ်ကလေး တစ်ခု ဖြစ်တယ် သူသည် အကြောင်းတခုခုကြောင့် ဖြစ်လာရတယ် ဆိုတာကို သဘောပေါက်ရင် လောဘစိတ်ဟာလဲ သင်္ခါရ တရားအဖြစ် သဘောပေါက်မှာပါ။ အဲလိုပါပဲ လောဘစိတ်လေး ပျက်သွားတာကို သဘောပေါက်တဲ့အခါ သင်္ခါရတရားဟာ မမြဲဘူး ပျက်တတ်တယ် ဆိုတာကို သဘောပေါက်မှာပါ။ အဲဒီနေရာမှာ ကျနော်တို့က ဖြစ်ပြီးပျက်တာကို ဖြစ်ပြီးပျက်တယ်လို့ အမှန်မြင်မှု သမ္မာဒိဋ္ဌိ က အရေးကြီးပါတယ်။ အဲလို အားထုတ်ပါ များတဲ့အခါမှာ ဖြစ်ပျက်တွေဟာ ဆက်နေပြီး ဖြစ်ပြီးပျက်နေတာမှ တပါး တခြားသော ကိစ္စမရှိဆိုတာကို သဘောပေါက်လာမှာပါ။ အဲဒီနောက်မှာတော့ အပျက်ချည်းသက်သက်သာ မြင်တဲ့ဉာဏ် (ဘင်္ဂဉာဏ်) ရောက်လာတဲ့အခါမှာ အနိစ္စ လက္ခဏာက ထင်ရှားလာပါတော့တယ်။
အဲဒီတော့မှ အနတ္တ ဆိုတာကို ခိုင်မြဲတဲ့သဘောမရှိ မနေ့က ငါနဲ့ ဒီနေ့ငါ တူတူပဲ မဟုတ် ငါဆိုတာ မရှိဆိုပြီး သဘောပေါက်သွားရင်တော့ အနိစ္စနဲ့ အနတ္တ ဆိုတာကို ရှင်းရှင်းကြီး မြင်လာရမှာပါ။ အဲဒီတော့ သင်္ခါရတရား တွေသည် အနတ္တ ဖြစ်သည် (သတ္တဝါမဟုတ်ကြ) ထို့အပြင် အမြဲ ဖြစ်ပြီး ပျက်နေတယ် ဆိုတာကိုပါ မြင်လိုက်တဲ့ အခါမှာ ဘာမှ လိုချင် နှစ်သက်စရာ မရှိဆိုတဲ့ သဘောကို သဘောပေါက်မှာ ဖြစ်ပါတယ်။ နောက်ဆုံး ဒုက္ခသက်သက်ပဲလို့ ဆုံးဖြတ်ချက် ချမှု ပေါ်လာပါလိမ့်မယ်။ အဲဒါဟာ သင်္ခါရတရားတွေကို ဒုက္ခအဖြစ် ဆုံးဖြတ်ချက် ချလိုက်တာပါပဲ။ အဲဒီအခါမှသာ သမုဒယက သေပြီး နိရောဓကို မျက်မျှောက်ပြုမှာပါ။
အဲဒီတော့ ပြောချင်တာက လူတွေဟာ သုခ ဆိုတာရှိတယ်လို့ ထင်ပြီး မဂ်မကျနိုင်တာပါ။ အဲဒီတော့ အဲဒါကို သဘောပေါက်ဖို့ အပေါ်က ပြောခဲ့တဲ့အတိုင်း အနိစ္စနဲ့ အနတ္တကို သေချာစွာ မြင်ဖို့ လိုပါတယ်။ အဲဒီအခါမှသာ သုခ ဆိုတာ လောကမှာ လုံးဝ မရှိဘူး ဆိုတဲ့ ဆုံးဖြတ်ချက် ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီတော့မှပဲ သင်္ခါရ တရားတွေရဲ့ ဒုက္ခက လွန်မြောက်နဲ့ နိဗ္ဗာန်ဆိုတဲ့ တကယ့် သန္တိသုခကို မျက်မှောက်ပြုနိုင်မှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply