ဒီခေါင်းစဉ်ကို အရင်က တခါ ရေးဖူးပါတယ်။ အရင်စာ ပြန် မဖတ်တော့ပဲ သင်္ခါရ ဒုက္ခ ဆိုတာကို နားလည် အောင် ဒီစာနဲ့ ကြိုးစားကြည့်ချင်ပါတယ်။

သင်္ခါရ ဒုက္ခ ဆိုတာဟာ တရားမြင်ခြင်းရဲ့ အဆုံးဆိုတဲ့ သဘောပါပဲ။ တရားတွေနဲ့ ပါတ်သက်ရင် သမ္မာ သင်္ကပ္ပ ခေါ်တဲ့ မှန်ကန်စွာ ဆင်ခြင်ခြင်းကလဲ အရေးကြီးပါတယ်။ အဲဒီ တော့ သင်္ခါရ ဒုက္ခ အကြောင်းကို ဆက်ရအောင် ပါ။ သင်္ခါရ ဒုက္ခ ဆိုတာကို မပြောခင် သင်္ခါရ ဆိုတာကို စပြီး ပြောရပါမယ်။ သင်္ခါရ ဆိုတာဟာ အကြောင်း ကြောင့် ဖြစ်သော အကျိုးတရားပါ။ အဲဒါကို သင်္ခါရ တရားလို့လဲ ခေါ်နိုင်ပါတယ်။ ဘယ် အရာပဲ ဖြစ်ဖြစ် စဉ်းစားကြည့်ပါ၊ အကြောင်းကင်းမဲ့သော အကျိုးဆိုတာ မရှိပါဘူး။ ဒီနေရာမှာ ရုပ်သည်လည်း တရား၊ နာမ် သည်လည်း တရား ဆိုတာကို သဘောပေါက်ထားဖို့ လိုပါတယ်။ ဘာတရားတွေလဲ ဆိုတော့ ရုပ် နဲ့ နာမ်ဟာ သင်္ခါရ တရားတွေပါ။ ရုပ်ဆိုတာဟာ သတ္တဝါမှာ ဆိုရင် ကံ၊ စိတ်၊ ဥတု၊ အဟာရ နဲ့ ဆိုင်ပါတယ်။ သက်မဲ့ တွေမှာ ဆိုရင်တော့ ဥတုနဲ့ ဆိုင်တယ်လို့ပဲ သဘောပေါက်မိပါတယ်။ တနည်းအားဖြင့် သတ္တဝါ ဆိုတာတွေဟာ ကံ စိတ် ဥတု အဟာရ ရဲ့ အကြောင်းကြောင့် ဖြစ်သော အကျိုးတရား သင်္ခါရ တရားပါ။ အဲလိုပါပဲ သက်မဲ့တွေဟာလဲ ဥတု ရဲ့ ပြုပြင်ခြင်းကြောင့် ဖြစ်တဲ့ သင်္ခါရ တရားတွေ ပါပဲ။

အဲဒီတော့ ပြောချင်တာက လောကမှာ ချစ်ခြင် မုန်းခြင်း ဆိုတာ ရှိပါတယ်။ ဒါပေမယ့် ဒါဟာ တကယ်တော့ သင်္ခါရ တရားပါပဲ။ ကိုယ့်ရဲ့ စွဲမြဲစွာ ဆုပ်ကိုင်ထားတဲ့ သတ္တဝါ ဆိုတဲ့ အယူကြောင့် သင်္ခါရ တရားတွေချည်း သက်သက်သာ ဆိုတာကို မမြင်နိုင်ကြတာပါ။ ဥပမာ ချစ်ခြင်းဆိုရင်လဲ အကြောင်းရှိပါတယ်။ ခင်ရာ မင်ရာ အာရုံ မို့ ချစ်ခြင်း ဖြစ်တာပါ။ အဲဒါကြောင့် ချစ်ခြင်းဆိုတာလဲ အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးတရား သင်္ခါရ တရား သက်သက်ပါပဲ။ သင်္ခါရ တရားဆိုတာမှာ လောကကြီး တစ်ခုလုံးပါတဲ့ အတွက် သင်္ခါရ လောက ဆိုတဲ့ စကားလုံး ကိုလဲ ဟောခဲ့တာပါ။ သင်္ခါရ လောကဆိုတဲ့ အထဲမှာ အကုန်ပါပါတယ်။ အဲဒီတော့ ပြောချင်တာက ကျနော်တို့ဟာ သတ္တဝါ ဆိုတဲ့ အမြင်ကို ခွါပြီး ရုပ်တရား နာမ်တရား တွေ အကြောင်း အကျိုး ဖြစ်ပျက်နေပုံကို သိအောင် ကြိုးစားရပါမယ်။ အဲဒီအခါမှာ အားလုံးဟာ အကြောင်းကင်းပြီး ဖြစ်တဲ့တရားမရှိ၊ တနည်း အားလုံးသည် သင်္ခါရ တရားများသာ ဆိုတာကို သဘောပေါက်သွားဖို့ပါ။ ဒီလို သဘောပေါက်ပြီ ဆိုရင်တော့ မှန်တယ် မှားတယ်၊ ချစ်တယ် မုန်းတယ်၊ အမှန်ကြံစည်တယ် အမှားကြံစည်တယ်၊ အမှန်သိတယ် အမှားသိတယ် စတဲ့ ဟာတွေ အားလုံးဟာ တကယ်တော့ သူတွေ ငါတွေ သတ္တဝါ တွေ မဟုတ်ပဲ သင်္ခါရ တရားများ သာ ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။

အဲဒီတော့မှသာ သင်္ခါရတရားများ ဆက်စပ် ဖြစ်ပျက်နေခြင်း သက်သက်သာ သတ္တဝါ မဟုတ် ဆိုတာကို သဘောပေါက်ပြီး သင်္ခါရ တရားများ အဆက်မပြတ် ဖြစ်နေရခြင်းရဲ့ ဒုက္ခ (စက်ဆုပ်စရာ အသုံးမကျတာ) ဆိုတဲ့ သဘောကို သိဖို့ပါပဲ။

ဒါဆိုရင် သင်္ခါရ ဒုက္ခကို သဘောပေါက်ပြီ ထင်ပါတယ်။ မရှင်းတာရှိလဲ မေးနိုင်ပါတယ်။ ကျေးဇူး တင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *