ပထမ မဂ်မှာ ကုန်သွားတဲ့ ကိလေသာကတော့ ဒိဋ္ဌိ နဲ့ ဝီစိကိစ္ဆာပါ။ ဒီနှစ်ခု ကုန်သွားတာနဲ့ အေးချမ်းသွားတဲ့ အေးချမ်းမှုဟာ ပြောမပြတတ်အောင်ပါပဲ။ ငါပဲ သူပဲ သတ္တဝါပဲ ဆိုတဲ့ အထင်မရှိတော့တဲ့ နောက်မှာ အားလုံးပေါ်မှာ တန်းတူညီမျှ သဘောထားလာတတ်ပါတယ်။ သင်္ခါရတရားတွေရဲ့ အကြောင်းအကျိုး ဆက်စပ် ပုံတွေကိုသိတဲ့အတွက် ထူးပြီး မခံစားတော့ပါဘူး။ ဒါတွေအားလုံးဟာ အတ္တ ဆိုတဲ့ သဘောမှ လွန်မြောက် လာခဲ့ မှ ရရှိမယ့် အကျိုးကျေးဇူးတွေပါ။

အတ္တ ဆိုတဲ့ သဘောဟာ တကယ်တော့ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဒါပေမယ့် တခုခုကို မြင်လိုက်တယ် အဲဒီအပေါ်မှာ ငါမြင်တယ် ဆိုတဲ့သဘောက ကပ်နေပါတယ်။ အဲလိုပဲ တခုခု ပြောတယ် ငါပြောတယ် ဆိုတဲ့ သဘော၊ တခုခုကို သိတယ် ဆိုရင် ငါသိတယ် ဆိုတဲ့ သဘောတွေ နဲ့ အတ္တရဲ့ ချယ်လှယ်ခြင်းကို အမှန်မသိခြင်း အားဖြင့် ခံနေရပါတယ်။

တကယ်တော့ အတ္တဆိုတဲ့ သဘောဟာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ငါပဲ သူပဲ ဆိုတာဟာ မရှိခဲ့ပါဘူး။ အကြောင်း တိုက်ဆိုင်တဲ့အခါမှာ စွဲစွဲမြဲမြဲ ငါလို့ မှတ်ယူးထားတဲ့အတွက် ဖြစ်တဲ့ ကိလေသာပါ။ ဒီကိလေသာ ဟာ အရိယာ စကားကို နားမထောင်ဖူးသူ မနာယူဖူးသူတို့မှာ ခိုင်မြဲစွာ စွဲမြဲနေပါတယ်။ အဲဒီ ဒိဋ္ဌိ ကိလေသာက အပါယ်ကို ပို့တဲ့ ကိလေသာပါ။ ဒိဋ္ဌိက အင်္ဂလိပ်လိုတော့ Misconception လို့ ခေါ်ပါတယ်။ လွဲမှားစွာ ကောက်ချက်ချ ခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။ ရုပ်နာမ် ဖြစ်ပျက် ကို မမြင်ပဲ မှားယွင်းစွာနဲ့ တည်မြဲနေတဲ့ ငါအဖြစ် မှားယွင်းစွာ ကောက်ချက် ချတာပါ။ အဲလို ဖြစ်ပျက်ကို မသိတဲ့အတွက် ဖြစ်ရတာမို့ ဖြစ်ပျက်ကို မြင်သထက် မြင်အောင် ကြိုးစားရပါတယ်။

အတ္တရဲ့ ချယ်လှယ်မှုကို လွတ်တာကတော့ အတ္တဆိုတဲ့ Misconception ဟာလဲ အနတ္တ တရားသာ ဖြစ်ပြီး အတ္တ ဆိုတာ ဘယ်တုန်းကမှ မရှိတာဆိုတာကို သဘောပေါက် သိမြင်သွားတဲ့အခါ မှာ လွတ်တာပါ။ အဲဒီလို အနတ္တ နဲ့ အနိစ္စကို မြင်မှသာ ဒုက္ခ ဆိုတဲ့ သင်္ခါရတရားတွေအားလုံးဟာ စက်ဆုပ်စရာ အသုံးမကျသော ဒုက္ခ ဆိုတာကို သဘောပေါက် နားလည်လာမှာပါ။

ဒါတွေဟာ ပထမ မဂ်ရဲ့ ကိစ္စတွေပါပဲ။ တကယ်တမ်းတော့ ကြိုးစားမယ် ဆိုရင် ပထမ မဂ်ဟာ မခက်ပါဘူး။ ကြိုးစားတော်မူကြပါ။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *