ဝိပသနာ ဉာဏ်စဉ်တွေနဲ့ ပါတ်သက်ပြီး ကျနော် ကျော်ဖြတ်ခဲ့ရပုံကို ပြောပြချင်လို့ပါ။

ပထမဆုံး ဉာဏ်ကတော့ နာမရူပ ပရိစ္ဆေဒ ဉာဏ်ပါ။ အဲဒီဉာဏ်ကိုတော့ ၂၀၀၆-၇ ဝန်းကျင်မှာ နိုင်ငံခြားမှာ သွားအလုပ်မလုပ်ခင်မှာ မဟာစည်မှာ ဘုန်းကြီးဝတ်ပြီး တရားအားထုတ်မယ် ဆိုပြီး လုပ်ခဲ့ပါတယ်။ အဲဒီမှာ မဟာစည်ဆရာတော်ကြီးရဲ့ ဝိပဿနာ လမ်းညွှန် စာအုပ် (စာအုပ်နာမည် မမှတ်မိ) ပါးပါး လေးကို လက်ကိုင်ထား ပြီး ဆရာမရှိပဲ အားထုတ်ခဲ့ပါတယ်။ စာအုပ်ကသာ ဆရာလို့ ဆိုနိုင်ပါတယ်။ အဲဒီမှာ ကျနော် ဖောင်းပိန်ကို ရှုမှတ် ခြင်းအားဖြင့် သမာဓိ နည်းနည်း ရလာခဲ့ပါတယ်။ ကျနော်က ဝင်လေထွက်လေကို လုံးဝ မရှုမှတ်တတ်ပါ။ ဖောင်း ပိန်ကကျတော့ ကျနော့်အတွက် အများကြီး အဆင်ပြေပါတယ်။ အဲလိုနဲ့ သမာဓိလေး နည်းနည်း ရလာတော့ တရက်မှာ တရားထိုင်နေရင်းနဲ့ ခြေထောက်ကျင်လာတော့ စိတ်ထဲမှာ ရုပ်ရှင်ကြည့်တဲ့အခါတော့ ခြေထောက် မကျင်ဘူး တရားအားထုတ်တော့မှ ခြေထောက်ကျင်တယ် ဆိုတော့ စိတ်က နှစ်စိတ် တပြိုင်တည်း မဖြစ်နိုင်တာ ပဲလို့ သဘောပေါက်ခဲ့တယ်။ အဲဒီမှာပဲ ထုံကျင်မှုနဲ့ ပါတ်သက်ပြီး စဉ်းစားမိတာက ကြမ်းပြင်ဆိုတာလဲ ရုပ်ပဲ၊ ခြေထောက်ဆိုတာလဲ ရုပ်ပဲ၊ အဲဒီတော့ ကြမ်းပြင်နဲ့ ခြေထောက် ထိတဲ့အခါ လူ့ရဲ့ ခန္ဓာကိုယ် အနှံအပြားမှာ ရှိနေတဲ့ အာရုံကြောတွေ ကို ထိတဲ့ အခါ လူမှာ လျှပ်စစ်ဓါတ်ရှိနေတာမို့ အဲဒီ လျှပ်စစ်ဓါတ် အရ ဦးနှောက်ဆီ သွားမယ်။ အီလက်ထရွန်ဆိုတာလဲ ရုပ်ပဲ။ အဲလိုနဲ့ ဦးနှောက်ရောက်တဲ့အခါမှ ထုံတယ် ကျင်တယ် ဆိုတဲ့ သဘော နာမ်တရား ပေါ်လာတာပဲ ဆိုပြီး သဘောပေါက်လိုက်မိတယ်။ အဲဒီမှာ တဆက်တည်း တကယ်တော့ ရုပ်နဲ့ နာမ်ပဲ ဆိုတာကို သဘောပေါက်လိုက်တော့ ငယ်ငယ်တည်းက ငါက ဘယ်လို ဆိုပြီး ထိန်းသိမ်းလာတာတွေ အကုန်လုံး ဟာ ဘာအဓိပ္ပါယ်မှ မရှိတော့တာကို ပြင်းထန်စွာ သဘောပေါက်လိုက်မိတယ်။

အဲဒီနောက်ပိုင်းမှာတော့ ရှိသမျှ ကုန်သွားတဲ့ ရည်ရွယ်ချက်တွေ အကုန်ကုန်သွားတဲ့ သဘောဖြစ်သွားပြီး ရှိုက်ကြီး တင်ငိုလိုက်မိတယ်။ ငိုစ ကလေးပဲ မှတ်မိပြီး ကျန်တာကတော့ လုံးဝ မမှတ်မိပါ။ တရားသိမ်းတဲ့ အချိန်ကျမှ သတိ ပြန်ရပါတယ်။ ဘေးမှာ ဝိုင်းအုံကြည့်နေတယ်လို့ ထင်ပေမယ့် စိတ်ထဲမှာ ဗလာ ဖြစ်နေပါတယ်။ တည်တည်ကြည်ကြည်ပဲ ထပြီးတော့ စင်္ကြလျှောက်ရင်း လေးညှင်းသွားခံလိုက်ပါတယ်။ စိတ်က အတော်လေး အေးချမ်းနေတဲ့ သဘောလေးကို သတိထားမိပါတယ်။

အဲဒါကတော့ နာမရူပ ပရိစ္ဆေဒ ဉာဏ်ရခဲ့ပုံပါပဲ။ အဲဒီနောက် စင်္ကာပူမှာ အလုပ်သွားလုပ်ပြီး ဘာသာမဲ့သဘော ပြန်ခံယူ လိုက်ပါတယ်။ အဲဒါကတော့ သေရင် ဘာဖြစ်တယ် ဆိုတာကို သိတဲ့သူဟာ သေသူပဲ ရှိတယ်။ သေသူကလဲ သေသွားပြီးပြီ၊ အဲဒီတော့ နောက်ဘဝ ဆိုတာရှိချင်ရှိမယ် မရှိချင် မရှိဘူး။ မရှိဘူးဆိုရင် ဘာလုပ် မှာလဲ ဆိုတဲ့အတွေးနဲ့ ဗုဒ္ဓဘာသာကို စွန့်ခွာခဲ့တာပါ။

နောက်ထပ် ၁၀ နှစ်လောက်အကြာမှာ ဗုဒ္ဓဘာသာကို ပြန်လေ့လာ ဖြစ်တာက အဲဒီ ဘာသာမဲ့နေတဲ့ အချိန်တုန်းက နားထောင်ခဲ့ရတဲ့ နောက်ဘဝ နဲ့ သက်ဆိုင်တဲ့ တက္ကသိုလ် သုသေတန စာမ်းဖတ်ပွဲကို ကြည့်ပြီး နောင်ဘဝ ရှိတယ် ဆိုတာကို ယုံကြည်ခဲ့ပါတယ်။ အဲဒီအခါမှာတော့ ဘဝ ဆိုတာကို လုံးဝ မလိုချင်တော့တာမို့ တရားဖက်ကို တစိုက်မတ်မတ် လုပ်ခဲ့တာပါပဲ။

ဒီမှာတင် ခဏ ရပ်ထားလိုက်ပါဦးမယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *