ခန္ဓာဖြစ်စဉ်ဆိုတာက တကယ်တော့ ပဋိစ္စသမုပါဒ်ကို ပြောတာပါပဲ။ ခန္ဓာလက်ရှိမှာ ဘာဖြစ်နေလဲ ဆိုတာကို ပဋိစ္စသမုပါဒ်နဲ့ တိုက်ကြည့်ဖို့လိုပါတယ်။ ဒါဟာ လုပ်ဖို့လိုအပ်တဲ့ အဆင့်တဆင့်ပါပဲ။ တရားနာတာပဲ ဖြစ်ဖြစ် စာဖတ်တာပဲ ဖြစ်ဖြစ် လုပ်တဲ့အခါမှာ ရေးထားတဲ့စာကို ခန္ဓာနဲ့ တိုက်စစ်တဲ့ ကိစ္စက လုပ်ကို လုပ်ရမှာပါ။ အဲဒါက အရေးကြီးပါတယ်။ ကျနော်အများဆုံးတွေ့ရတာကတော့ သဒ္ဓါစရိုက်တွေများပါတယ်။ ပညာစရိုက်တွေလဲ ပါနိုင်ပါတယ်။ သူက သဒ္ဓါဆိုတဲ့ ယုံကြည်ခြင်းမှာ တကယ်မှန်ကန်တဲ့ ယုံကြည်ခြင်း ဖြစ်ဖို့ ဆိုတဲ့နေရမှာ တစ်အချက်က ရိုးသားဖို့ လိုပါတယ်။ ကိုယ့်ကိုကိုယ် ပြန်ညာနေတာ၊ ဆုပ်ကိုင် စရာမရှိတော့မှာ စိုးလို့ ယုံကြည်မှုကို ဖက်တွယ်ထားတာ စတာမျိုးတွေ မရှိဖို့ လိုပါတယ်။ ပြီးတော့ ဒီနေရာမှာ လိုတဲ့ ယုံကြည်ခြင်းဆိုတာက လိုက်နာရမယ့်သူမှန်သမျှရဲ့ ပြောသမျှ ယုံနေတာကို ပြောတာမဟုတ်ပါဘူး။ တချို့ကိစ္စတွေက ကိုယ်မသိတဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ ဥပမာ ကံအကြောင်း၊ ကံအကြောင်းသည် သဗ္ဗညုတဉာဏ်အရာ ဖြစ်ပါတယ်။ အဲဒီအတွက် ကံအကြောင်း ဘုရားဟော သလောက်သာ သိနိုင်ပါတယ်။ အဲဒီတော့ ကံအကြောင်းနဲ့ ပါတ်သက်တဲ့ ကိစ္စတွေမှာ ကောက်ချက်တွေ အတင်းမချကြဖို့ ဘယ်ဟာက ဘုရား ဟောအမှန်လဲ သိဖို့ ဒါတွေလိုအပ်ပါတယ်။ ဒါမှသာပဲ ဘာက အမှန်ဆိုတာမျိုး မှန်းဆနိုင်မှာပါ။ အဲဒီတော့ အဲလို ကိစ္စမျိုးကို မယုံကြည်ဘူးဆိုရင်တောင် မယုံကြည်တာကို လက်ခံလို့ ရပါတယ်။ သိမှ မသိနိုင်တာကိုး။ အဲဒီတော့ သဒ္ဓါလဲ ဗိုလ်ထိုက်တဲ့ထိ တက်ရတယ် ဆိုတော့ ဘယ်လိုမျိုးလဲလို့ စဉ်းစားမိမှာပါ။ တကယ်တော့ တက်ရမယ့် သဒ္ဓါက ခန္ဓာနဲ့ ပါတ်သက်တာတွေကို ပညာနဲ့ အမှန်မြင်လို့ ဖြစ်တဲ့ အရမ်းခိုင်မာ အားကောင်းတဲ့ သဒ္ဓါပါ။ ခန္ဓာနဲ့ ပါတ်သက်ပြီး အမှန်တွေပဲ ဆိုတာ သိမြင်လာမယ်။ အဲဒီကမှ ဘုရားဟော ဟုတ်မဟုတ်ပါ စဉ်းစားတတ်လာမယ်။ စသဖြင့် ပညာနဲ့ ယှဉ်ပြီးသွားရတဲ့ သဒ္ဓါမျိုးပါ။
နောက်ဆုံး ဘုရားလို့ မယုံတဲ့ လက်မခံတဲ့ သူတွေကိုတောင် ခန္ဓာအကြောင်း ကိုယ်တိုင် စစ်ဆေးလို့ ရတဲ့ ကိစ္စမို့ လူတိုင်း ကျင့်ကြံနိုင်တဲ့တရားတွေ ပါပဲ။ ထားပါတော့ တရားအားထုတ်နေသူတွေကို နည်းနည်းပြောချင်လို့ပါ။ အဲဒါကတော့ ဆရာတော်ကြီး (မိုးကုတ်ဆရာတော်ကြီး) ဟောလေ့ရှိတဲ့အတိုင်းပါပဲ၊ နားက တရားနာ၊ ဉာဏ်က ခန္ဓာလှည့်ဆိုတဲ့ ကိစ္စပါပဲ။ အတိုပြောရင်တော့ တရားနာတဲ့အချိန် စာဖတ်တဲ့အချိန်မှာတည်းက ဖတ်တဲ့စာအတိုင်း ခန္ဓာမှာ ဟုတ်မဟုတ် စစ်ဆေးကြည့်တာမျိုး လုပ်ဖို့ လိုတာပါပဲ။ အဲဒါ ဉာဏ်က ခန္ဓာလှည့်ဆိုတဲ့ ကိစ္စပါ။ အဲဒါ လုပ်ဖို့ လိုပါတယ်။ အစမှာ ပြောခဲ့တဲ့ အတိုင်း ခန္ဓာဖြစ်စဉ် ဆိုတဲ့အကြောင်းကို ဆက်ပြောသွားပါ့မယ်။ ကိုယ်တိုင်လဲ ခန္ဓာမှာ ဖြစ်စဉ်အတိုင်း ဟုတ်မဟုတ် စစ်ဆေးကြည့်ပါ။ ဟုတ်တယ် ဆိုတော့မှ ဟုတ်တယ်လို့ နှလုံးသွင်းမှု လုပ်ပါ။ အဲဒါက တရားနာ တရားစာဖတ်တဲ့ အလေ့အကျင့် ပုံစံ အမှန်ပါပဲ။ ပြီးရင်တော့ ကိုယ်ပိုင် အားတဲ့အချိန်မှာ ပြောခဲ့တရားတွေကို ခန္ဓာမှာ လှည့်ပြီး စစ်ဆေးကြည့်ပါ။ အဲလို လုပ်မှသာလျှင် တရားက ကိုယ်မှာ ကျန်ခဲ့မှာပါ။ ဆိုလိုတာက သတ္တဝါဆိုတာ တကယ်တော့ သန္တာန်ကိုပဲ ပုံစံတမျိုးနဲ့ သုံးထားတဲ့ စကားပါ။ တကယ်ရှိနေတာက တရားတွေ ဖြစ်ပျက်နေတဲ့ အစဉ်တန်း (သန္တာန်) ပါပဲ။ အဲဒီ သန္တာန်မှာ အမှန်မြင်မှု အနိစ္စ၊ ဒုက္ခ၊ အနတ္တ ကို မြင်မှု ဆိုတာမျိုးသည် မဖြစ်ခဲ့ဖူးပါဘူး။ အမြဲဖြစ်နေတာက သက္ကာယ ဆိုတဲ့ သတ္တဝါမဟုတ်တဲ့ ခန္ဓာငါးပါးပေါ်မှာ မောဟကြောင့် သတ္တဝါဟု မှားယွင်းစွာ သိမြင်မှု ဖြစ်နေတာပါ။ အဲဒါကိုပဲ ဒိဋ္ဌိ ကိလေသာ လို့ခေါ်တာပါ။ အဲဒီကိလေသာက ဘယ်လောက်ထိ အားကောင်းနေလဲဆိုတော့ ကိုယ့်ဟာကိုယ် သတ္တဝါ ဆိုပြီး အမှားယူဆထားတယ်၊ သတ္တဝါလို့ ကိုယ့်ဟာကိုယ် အမှားသိထားတယ်၊ သတ္တဝါလို့ ကိုယ့်ဟာကိုယ် အမှားထင် ထားတယ် ဆိုတာမျိုး သုံးဆင့် ခံနေတာပါ။ ခန္ဓာငါးပါးမှာ ပါတဲ့ တခုစီဟာ သတ္တဝါမဟုတ်ဘူး၊ အဲဒီအတွက် သတ္တဝါဆိုတဲ့သဘော ဟာ မရှိဘူးဆိုတာ သိဖို့လိုနေတာပါ။ ဒါနေရာမှာလဲ ပထမအဆင့် အယူ အနေနဲ့ စပြီး စင်ကြယ်ဖို့လိုပါတယ်။ အဲဒီအတွက် လိုအပ်တာကတော့ နာမရူပ ပရိစ္ဆေဒ ဉာဏ်ပါ။ နာမ်ရုပ်ပဲ သတ္တဝါမဟုတ် ဘူး။ ငါဆိုတာ မရှိဘူး။ ရုပ်နာမ်ပဲ လို့ သိတာဟာ အယူစပြီး စင်ကြယ်စေပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဟောဟော ကိုယ့်ဟာကိုယ် ကိုယ်လို့ သိနေတာပဲ ဆိုတာက အမှားသိခြင်းပါ။ ဒါကို ပြေလည်ဖို့က ခန္ဓာဖြစ်စဉ်ကို ခန္ဓာနဲ့ တိုက်ပြီး လေ့လာ (အကြောင်းအကျိုးသိမ်းဆည်းသိသောဉာဏ်) အကြောင်းအကျိုးတွေကို စမ်းစစ်ပြီး အကြောင်းအကျိုးမှ တပါး တခြားမရှိ အနတ္တ ဆိုပြီး သဘောပေါက်ဖို့ လိုပါတယ်။ အဲလိုပဲ စိတ္တာနုပသနာ အနေနဲ့ စိတ်တွေဟာ ဖြစ်ပြီးပျက်နေတာပဲ ဆိုတာကို သေသေချာချာ သိအောင်လုပ်ပါ။ ခန္ဓာက သိတဲ့ထိ လုပ်ဖို့ လိုပါတယ်။ (ယထာဘူတဉာဏ်)။ ဒီနေရာကတော့ အကြာဆုံးပါပဲ။ အရေးကြီးဆုံးက ဖတ်မယ်၊ ခန္ဓာနဲ့ တိုက်ကြည့်မယ် ဆိုတာလုပ်ဖို့ အရေးကြီးပါတယ်။ လုပ်နေသမျှ မှန်ကန်တဲ့ ပညာ၊ သဒ္ဓါဖြစ်နေသမျှ ရှေ့ကို တိုးနေတာပါပဲ။ ဒီလို လုပ်တာဟာ မဂ္ဂင်ငါးပါး ဖြစ်တဲ့ သမ္မာ ဝါယမ၊ သမ္မာ သင်္ကပ္ပ၊ သမ္မာ ဒိဋ္ဌိ၊ သမ္မာ သတိ၊ သမ္မာ သမာဓိ တို့နဲ့ ပြည့်စုံနေတာပါပဲ။ ကျန်တာတွေ မစဉ်းစားပါနဲ့။ တရားတွေကို ခန္ဓာမှာ တိုက်ပြီး စစ်ပါ။ ခန္ဓာမှာ ဖြစ်တဲ့ တရားတွေကို နာမည်တပ်ကြည့်ပါ။
အဲဒီတော့ ခန္ဓာဖြစ်စဉ်အကြောင်း ပြောပါ့မယ်။ ဒီနေရာမှာ ကျနော်တို့က ပဋိစ္စသမုပါဒ်ကို ကျော်ပြီး ပြောလို့မရပါ ဘူး။ ပဋိစ္စသမုပါဒ်ထဲက လက်ရှိမှာ ဖြစ်နေတဲ့ အကြောင်းအရာ က သဠာယတန (မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်၊ အာရုံခံခြောက်ပါး) ကြောင့် ဖဿ (သင်္ခါရက္ခန္ဓာ) ဖြစ်၊ ဖဿ ကြောင့် ဝေဒနာ (သုခ၊ ဒုက္ခ၊ ဥပေက္ခာ) ဖြစ်၊ ဝေဒနာကြောင့် တဏှာ (လိုချင်မှု)၊ မာန(ထောင်လွှားမှု)၊ ဒိဋ္ဌိ (ငါသူ ဟု သိမှု၊ ထင်မှု၊ ယူမှု)၊ ဒီနေရာမှာ အဲဒီ သုံးခုဟာ ပေါင်းပြီးလဲ ဖြစ်တတ်ပါတယ်။ တခုခု ကိုလိုချင်တယ်၊ လူမို့ လိုချင်တာပေါ့ ဆိုတာမျိုးက တဏှာနဲ့ ဒိဋ္ဌိပါ။ ဆိုတော့ အဲဒီ သုံးခုကြောင့် ဥပါဒါန် ဆိုတဲ့ အပြင်းအထန်လိုချင်မှု ဖြစ်တာပါပဲ။ ဆရာတော်ကြီးကတော့ ဥပါဒါန်ဆိုတာ တဏှာအကြီးစားပါပဲလို့ ဟောထားပါတယ်။ အဲဒီနောက် ဥပါဒါန်ကြောင့် ကံ (ကာယကံ၊ ဝစီကံ၊ မနောကံ) ဆိုတာ ဖြစ်တာပါပဲ။ ဒီနေရမှာ အဲဒီကံကြောင့်ပဲ ဘဝထပ်ဖြစ်ဦးမှာမို့ ကမ္မ ဘဝလို့ သုံးထားတယ်လို့ ယူဆရပါတယ်။ အဲဒီတော့ ကျနော်တို့ နေ့တဓူဝ လည်နေတာ အဲဒီ သဠာယတနကနေ ကံ အထိပါပဲ။ အဲဒါဟာ အဆက်မပြတ် ဖြစ်ပျက်နေတာပါ။
မြင်သာအောင် ဥပမာပေးရရင်၊ ခြင်တကောင်က လာကိုက်တယ် ဆိုပါစို့၊ ခြင်က အသားကို ထိုးလိုက်တော့ ကိုယ် ဆိုတဲ့ သဠာယတနမှာ လာထိတွေ့မှုကြောင့် ဖဿ ဖြစ်တာပါပဲ။ အဲဒီတော့ ဒုက္ခဝေဒနာ ဖြစ်တာပေါ့။ အဲဒီတော့ ဒုက္ခဝေဒနာကြောင့် လိုချင်တာရဲ့ ပြောင်းပြန် မလိုချင်မှု ဒေါသ ဖြစ်တာပါပဲ။ တနည်းအားဖြင့် သက်တောင့်သက်သာ ဖြစ်မှုကို လိုချင်မှုလို့လဲ ပြောနိုင်ပါတယ်။ ငါ့အသားကို လာကိုက်တယ် ဆိုတာမျိုး ဖြစ်သွားတာပါပဲ။ အဲဒီအခါ ဥပါဒါန်ကံက တောက်လျှောက်တွေဆက်ပြီး ခြင်ကို ရိုက်တယ် ဆိုတဲ့ ကာယကံ မြောက်တဲ့ထိ ဖြစ်သွားတာပါ။ အဲလို ဖြစ်နေတဲ့ တောက်လျှောက်မှာလဲ ငါလက်ကို မမယ် ကိုက်တဲ့စီ ဖြည်းဖြည်းချင်းသွားမယ် စသဖြင့် စသဖြင့်နဲ့ (သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ မာန ဒိဋ္ဌိ၊ ဥပါဒါန်၊ ကံ) ဆိုတာမျိုး ဆက်ပြီး ဖြစ်နေတာပါပဲ။ ဥပမာ လက်ကို မြှောက်ချင်တဲ့ ဥပါဒါန်ကြောင့် စေ့ဆော်မှု စေတနာ ဆိုတဲ့ ကံ (သင်္ခါရက္ခန္ဓာ) လေးက ဖြစ်ပြီး ပျက်သွားတာပါ။ အဲဒီအခါ စိတ်ကြောင့် ဖြစ်တဲ့ ရုပ်ဆိုတဲ့ သဘောမျိုးနဲ့ ရုပ်မှာ ထောက်ပံ့မှုတွေ ဖြစ်လာပြီး လက်က လှုပ်တာပါ။ ဒါကို မျက်စိက မြင်တာပါ။ အဲဒီအခါမှာလဲ ငါလက်ပဲ လို့ သလဲ သိ၊ ထင်လဲထင်၊ ယူလဲ ယူဆ တာမျိုး ဖြစ်တာပါ။ ဒါကို ဒိဋ္ဌိလို့ ခေါ်တာပါ။ အဲဒီ ဒိဋ္ဌိကြောင့်ပဲ ငါ့လက်ကို မြှောက်ချင်တယ် ဆိုတဲ့ ဥပါဒါန် ထပ်ဖြစ်၊ ပြီးတော့ စေ့ဆော်မှုဖြစ်၊ ပြီးတော့ လှုပ်ရှားမှု ဖြစ်၊ စသဖြင့် စသဖြင့် ဒီ ခြောက်မျိုးမှာပဲ လည်နေတာပါ။ ဒါကတော့ ဆရာတော်ကြီး ဟောတာကို ခန္ဓာမှာ တိုက်ကြည့်ပြီး တွေ့တဲ့အတိုင်း ပြောတာပါ။
အဲဒီတော့ ပစ္စုပ္ပန် ခန္ဓာ ဖြစ်စဉ်ဆိုတာဟာ ဒီခြောက်ခု (သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ မာန ဒိဋ္ဌိ၊ ဥပါဒါန်၊ ကံ) ဖြစ်နေတာပါပဲ။ ဒါကို တခုစီ မြင်ပြီဆိုရင်တော့ အဲဒီ တခုစီဟာ သတ္တဝါ မဟုတ်ဘူးဆိုတာကို မှန်မမှန် စမ်းစစ်ကြည့်ပါဦး။ သေသေချာချာ ကြည့်လာတဲ့အခါမှာ သတ္တဝါလို့ ပြောလို့ရတဲ့ တရား တခုမှ မရှိတာကို သိလာပါလိမ့်မယ်။ တရားတခုစီဟာ သူ့ရဲ့ သဘောအတိုင်း နောက်တစ်ခုကို အကျိုးပေး သွားတာပါပဲ။ ဖြစ်နေတာကတော့ အဲဒါပါပဲ။ အခုစာကို ဖတ်နေတာလဲ အဲဒီ ခြောက်ခု လည်နေတာပါပဲ။ အဲဒါကိုပဲ သေသေချာချာ သတိထားပြီး တည်ကြည်တဲ့စိတ် စူးစိုက်တဲ့စိတ်နဲ့ မကြည့်တဲ့အခါကျတော့ ဒီ ငါ သူ ဆိုတဲ့ ဒိဋ္ဌိ က အာသေဝနာ ပစ္စည်း သဘောမျိုးနဲ့ ထပ်ခါ ထပ်ခါ ဖြစ်နေတာပါပဲ။ ကိလေသာတွေဆိုတာ အဲလိုမျိုးတွေပါပဲ။
အရေးကြီးဆုံးဖြစ်တဲ့ အချက်ကတော့ စိတ်တွေဟာ သတ္တဝါမဟုတ်မှန်း ခွဲခြမ်း စိတ်ဖြာပြီး သိဖို့ပါပဲ။ အဲဒါကြောင့်လဲ ခန္ဓာငါးပါးနဲ့ ပါတ်သက်ပြီး ပါတဲ့ တရားတွေအကြောင်း (ရုပ်ကလွဲလို့) ပိဋိကတ်ထဲကနေ တင်ပေးထားပါသေးတယ်။ စိတ်ဟာ သတ္တဝါမဟုတ် တရားများသာ ဖြစ်ကြောင်းကို သိလာရင် အဲဒီ သတ္တဝါ ဆိုတဲ့ အထင်ကြီးကနေ လွတ်ဖို့အတွက်၊ ကိုယ့်ကိုကိုယ်လဲ ရှုပါ၊ ပြီးရင်တော့ သူများတွေကို ရှုကြည့်ပါ။ သတ္တဝါ မဟုတ်တဲ့ ရုပ်နာမ်တွေ အဆက်မပြတ် ဖြစ်ပျက်နေတာကိုပဲ တွေ့ပြီး လောကမှာရော လောကအလွန်မှာပါ သတ္တဝါ ဆိုတာ မရှိပါလား ဆိုတာကို သိသွားရင်၊ ဘယ်တုန်းကမှလဲ မရှိခဲ့ဘူးဆိုတာကို သိသွားရင် အများကြီး အဆင်ပြေလာမှာပါ။ အဲဒီအခါကျမှသာ သိခြင်းသည်လည်း စိတ်ကလေးတချက် ဖြစ်ပျက်သာ ဆိုပြီး နားလည် သွားရင် ထူးခြားလာပါလိမ့်မယ်။
ဒီစာကလဲ တရားအတွက် အထောက်အကူပြုမယ် ယုံကြည်ပါတယ်။ တရားကို အမြဲတမ်း ခန္ဓာမှာ တိုက်ကြည့်ပါ။ ဘယ်သူပြောပြော လက်မခံပါနဲ့၊ မှန်မှ လက်ခံပါ။ ခန္ဓာမှာ အမှန်ကို တွေ့ရပါလိမ့်မယ်။ အရေးကြီး တာက သတိအားကောင်းဖို့ပါပဲ။ သတိအားကောင်းကောင်းနဲ့ အာရုံစူးစိုက်ပြီး ခန္ဓာမှာ တိုက်စစ်တဲ့ အလုပ်ကြိုးစား မယ်ဆိုရင်တော့ ဒီခရီး မဝေးပါဘူး။ ကျေးဇူးတင်ပါတယ်။

Leave a Reply