တကယ်တော့ နီးနီးလေးနဲ့ ဝေးနေကြတာပါ။ လူတွေက လောဘ ဒေါသ ကို ရှောင်ကောင်းတဲ့ အရာမှန်းသိကြတယ်။ ရှောင်ဖို့လဲ ကြိုးစားတယ်။ အကုသိုလ်တရားတွေ မှန်းသိကြပါတယ်။ လောဘ ဒေါသ က အပါယ်ပို့တဲ့ တရားလို့ သိကြပေမယ့် တကယ်တမ်း အပါယ်ရောက်ရတာသည် မောဟဆိုတဲ့ ငရဲမျိုးစေ့ကြောင့်ပါ။ မောဟကို အပြတ်မဟုတ်တောင် ဒိဋ္ဌိနဲ့ ဝီစိကိစ္ဆာ ကွာလောက်တဲ့ထိ ရောက်ရင်ပဲ လောဘနဲ့ ဒေါသ ဖြစ်စေဦးတော့ အပါယ်မကျတော့ပါဘူး။ အဲဒါကြောင့်လဲ ဒိဋ္ဌိကို ငရဲမျိုးစေ့လို့ ခေါ်ကြတာပါ။
အဲဒီတော့ ဒိဋ္ဌိဆိုတာ ဘာလဲဆိုတော့ ရှင်းရှင်းလေးပါ။ ငါပဲ သူပဲ သတ္တဝါပဲလို့ ထင်မြင်မှုပါပဲ။ ရှင်ပုဏ္ဏမှန် ဥပမာနဲ့ ပြောရရင် တယောက်ယောက်က မှန်ရှေ့ ရပ်လိုက်တဲ့အခါ အရိပ်ဆိုတာ ပေါ်ပါတယ်။ အရိပ်ဆိုတာဟာ နဂိုရှိလားဆိုတော့ မဟုတ်ပါဘူး။ ကိုယ်ဆိုတဲ့ အဆင်းပေါ်မူတည်ပြီး ပေါ်တာပါ။ အဲဒီလိုပါပဲ ငါသူဆိုတာသည် နဂိုရှိမဟုတ်ပါဘူး။ ခန္ဓာငါးပါး မှာ ရုပ်ပေါ်မှာ ငါဆိုပြီး စွဲယူထားတာပါ။ ငါ့ရုပ်လှတယ်၊ ငါ အိုလာပြီ အစရှိသဖြင့်ပေါ့။ အဲလိုပဲ ဝေဒနာပေါ်မှာလဲ ငါနာတယ်၊ ငါ ပူတယ်၊ ငါ အေးတယ် အစရှိသဖြင့် စွဲယူပါတယ်။ သညာပေါ်မှာလဲ ငါမှတ်ထားတာပဲ၊ ငါမှတ်မိတာပဲလို့ ထင်တတ်ပါတယ်။ ဝိဉာဏ်ပေါ်မှာလဲ ငါသိတာ ငါတတ်တာ ဆိုတာမျိုးမှတ်ယူတတ်ပါတယ်။ အဲဒီလိုပဲ သင်္ခါရပေါ်မှာလဲ ငါပြုလုပ်တယ်လို့ ထင်ပြန်ပါတယ်။ ဒီလိုနဲ့ ခန္ဓာငါးပါးပေါ်မူတည်ပြီး မရှိတဲ့ ငါဆိုတဲ့ အတ္တကို ရှိသယောင်ထင်တတ်ပါတယ်။ မှန်မှာ အရိပ်ပေါ်သလိုပေါ့။ ငါဆိုတဲ့အထင်ဟာ ခန္ဓာငါးပါးကို မှီပြီး ပေါ်ပါတယ်။ အဲဒါကို အမှန်မမြင်မှု မောဟ လို့ ခေါ်ပါတယ်။
တကယ်တော့ လူတွေ သတ္တဝါတွေ အားလုံးရဲ့ တကယ်အရှိကို ပစ္စုပ္ပန်တည့်တည့်လေးမှာ ရပ်ကြည့်လိုက်ရင် အတ္တဆိုတဲ့ သဘော ငါ သူဆိုတဲ့ သဘော အမည်နာမတွေရော အားလုံးဖယ်လိုက်ရင် တကယ်ရှိနေတာက ခန္ဓာငါးပါး ဆိုတဲ့ ရုပ်၊ ဝေဒနာ၊ သညာ၊ ဝိဉာဏ်၊ သင်္ခါရ ဆိုတဲ့ တရားတွေပဲ ရှိနေပါတယ်။ ဒါကိုပဲ မှန်ထဲမှာ အရိပ်ပေါ်သလို ဘယ်သူပဲ ဘယ်ဝါပဲ ဘယ်လိုလူပဲ ဘာတွေ လုပ်ခဲ့တာပဲ အစရှိသဖြင့် ဝေဒနာ၊ သညာ၊ ဝိဉာဏ်၊ သင်္ခါရ တို့က ပုံဖေါ်ပေးလိုက်ပါတယ်။ ပြီးတဲ့နောက်မှာတော့ တကယ်မရှိတဲ့ အရိပ်တွေပေါ်မူတည်ပြီးပဲ ပြောဆို ဆက်ဆံကြပါတယ်။ ကွန်ပျုတာမှာဆိုရင် စာတွေ အဓိပ္ပါယ်တွေ အားလုံးပယ်လိုက်တဲ့အခါမှာ တကယ်ရှိနေတာသည် ထရန်စစ်စတာတွေ ဝမ်းတွေ ဇီးရိုးတွေလို့ တကယ့်အရှိကို မြင်ကြည့်သလိုပါပဲ။ သတ္တဝါဆိုတာရဲ့ တကယ့်အရှိသည် ခန္ဓာငါးပါးပါ။ သူ့ရဲ့အရိပ်ကိုသာ နာမည်တွေတပ်ပြီး ပြောနေကြတာပါ။ အဲဒီလိုအကျင့်က အားလုံးမှာ ဖြစ်နေကြလေတော့ အဲဒီထဲမှာပဲ လည်ပြီး သတ္တလောက ဆိုတာမျိုး မြင်ကြရတာပါ။ တကယ်မရှိတဲ့ အရိပ်တွေကို ပယ်လိုက်ရင်တော့ ခန္ဓာငါးပါး အကြောင်းကြောင့် အကျိုး ဖြစ်ပျက်နေခြင်းသက်သက် သင်္ခါရလောကကို မြင်မှာပါ။
သင်္ခါရလောကသည်သာ အတည်ယူရမယ့် လောကဖြစ်ပြီး သတ္တလောက ဆိုတာသည် အရိပ်များ ပညတ်ချက်များသာ ဖြစ်ပါတယ်။ တကယ်ရှိ အမှန်ရှိမဟုတ်ပါဘူး။ တကယ်ရှိ အမှန်ရှိသည် အကြောင်းကြောင့် ဖြစ်သော အကျိုးတရား သင်္ခါရ တရားများရဲ့ ဖြစ်ပျက်သာ ဖြစ်ပါတယ်။ ဒီသင်္ခါရတရားတွေကို ကြည့်လိုက်ရင် မြင်တယ် မြင်ပြီးပျက်ပါတယ်။ ကြားတယ် ကြားပြီးပျက်ပါတယ်။ သိတယ် သိပြီးပျက်ပါတယ်။ ခံစားတယ် ခံစားပြီး ပျက်ပါတယ်။ ပြုလုပ်တယ် ပြုလုပ်ပြီး ပျက်ပါတယ်။ မှတ်သားတယ် မှတ်သားပြီးပျက်ပါတယ်။ မှတ်မိတယ် မှတ်မိပြီးပျက်ပါတယ်။ ဘယ်အရာမှ တည်မြဲတယ်လို့မရှိ အမြဲ ပျက်နေပါတယ်။ အဲဒါကြောင့်လဲ သဗ္ဗေ သင်္ခါရာ အနိစ္စာလို့ ဟောခဲ့တာပါ။ အဲဒီလိုပါပဲ အရာအားလုံးမှာ အတ္တဆိုတာမရှိပဲ ဖြစ်ပြီးပျက်တဲ့ သဘောသက်သက်သာမို့ သဗ္ဗေ သင်္ခါရာ ဒုက္ခာ ဖြစ်သမျှသည် ဒုက္ခ စက်ဆုပ်စရာ အသုံးမကျတာ သက်သက်သာလို့ ဟောခဲ့တာပါ။
အရာအားလုံးဟာ သင်္ခါရတရားများသာ ဖြစ်တဲ့အတွက် အရိပ်ဆိုတာတကယ်မရှိတဲ့အတွက် တကယ်ရှိတဲ့ တရားများမှာ အတ္တဆိုတဲ့ သဘော၊ ပိုင်စိုးမှုရှိတဲ့ သဘောမရှိတာမို့ သဗ္ဗေ ဓမ္မာ အနတ္တာ လို့ ဟောခဲ့တာပါ။
အလွယ်ပြောရရင်တော့ အရိပ်ကို အမှန်ထင်မနေပဲ တကယ်ရှိ အမှန်ရှိကို သိအောင် ကြိုးစားခြင်းအားဖြင့် အမောဟ ဖြစ်နိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply