အပိုင်းတစ်မှာ လူသားပဓါနဝါဒ စွဲကိုင်လာပုံတွေကို ပြောထားပါတယ်။ ဒါပေမယ့် အကျိုးများလှတဲ့ ကိစ္စမဟုတ်လို့ ပြန်မဖတ်လဲ ရပါတယ်။ အပိုင်းတစ်မှာပါတဲ့ စာတချို့ကိုတော့ သိစေချင်လို့ ဆက်စပ်ပြောရမှာမို့ အနည်းငယ် ပြန်လည်ဖော်ပြပါရစေ။
“လောကကြီးမှာ လူသားတစ်ယောက် ဖြစ်ပြီဆိုရင် လူသားရဲ့ စွမ်းအားကို အပြည့်အဝ အသုံးချပြီး အမှန်တရား ရှာဖွေခြင်း၊ လူသားရဲ့ စွမ်းအားမှတပါး ဘာကိုမှ ယုံကြည်ကိုးကွယ်ခြင်း မရှိတဲ့ ဝါဒကို လူသားပဓါနဝါဒ၊ ဖြစ်တည်မှု ပဓါန ဝါဒလို့ခေါ်ပါတယ်။”
“……………”
“လူသားကသာ အဓိက လူသားကသာ ဘာသာကို ရွေးရမယ်။ လူရဲ့ ဆင်ခြင်တုံတရားကသာ အဓိက မိရိုးဖလာ ကိုးကွယ်မှုသည် သဘာဝမကျ ဆိုပြီး ကိုယ့်ဟာကိုယ် ဘာသာမဲ့ အဖြစ် သတ်မှတ်ပါတယ်။ ဘာသာတွေအပေါ် အတွေးအခေါ်တွေအဖြစ်မြင်ပြီး ဘာသာအတွေးအခေါ်တွေ မှန်သမျှဟာ လူသားတွေရဲ့ အသီးအပွင့်တွေအဖြစ်မြင်ပြီး အကုန်လုံးဟာ ရှိသင့်တဲ့ ကိစ္စ ထိန်းသိမ်းထားသင့်တဲ့ ကိစ္စလို့ မြင်ထားခဲ့ပါတယ်။”
ဒီလိုနဲ့ စင်္ကာပူကနေ မြန်မာပြည်ပြန်ပြီး စီးပွားရေးလုပ်ဖြစ်တယ်။ လိုအပ်သလောက် မအောင်မြင်ခဲ့ပေမယ့် သိန်းသုံးထောင်လောက်ရှိတယ်ဆိုရင် ဘာမှမမှားဘူးလို့ မြင်နိုင်သလို၊ သိန်း သုံးရာလောက်ပဲရှိရင် မှားတယ်လို့လဲ မြင်နိုင်တဲ့အခြေအနေ ရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အမှန်အမှားဆိုတာတွေနဲ့ ပါတ်သက်ပြီး ပြသနာစတက်တော့တာပါပဲ။ အမှန်တရားက ဘာလဲဆိုတာဟာ ကြီးကျယ်တဲ့ မေးခွန်းကြီး ဖြစ်လာခဲ့ပါတယ်။ အလုပ်လုပ်ခဲ့တဲ့ ငါးနှစ်လောက်မှာ ၃ နှစ်ကျော်လောက်က အောင်မြင်တဲ့ စီးပွားရေးဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ မူးယစ်ဆေးဝါး၊ လူမှုရေးကိစ္စတွေ ကြောင့် ပြသနာတက်ခဲ့ပြီး မူးယစ်ဆေးကြောင့် ဟီလူစနေးရှင်း၊ စိတ်အတက်အကျမြန်ရောဂါ နှစ်မျိုးစလုံး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရူးတဲ့သူဟာ သူရူးနေမှန်းမသိဘူးဆိုတဲ့ အတိုင်း နားထဲမှာ အသံကြားရတဲ့ ကိစ္စကို ရူးတယ်လို့ မထင်ပဲ အဖြေရှိလိမ့်မယ်ဆိုပြီး ထင်ရာဇာတ်လမ်းတွေ ဆင်ပြီးအဖြေရှာနေခဲ့မိပါတယ်။ ဒီလိုနဲ့ပဲ ပထမအိမ်ထောင်နဲ့ကွဲ ဒုတိယ အိမ်ထောင်နဲ့လဲ တနှစ်လောက်ပေါင်းပြီးကွဲ ထောင်ထဲကို အချုပ်ကျ။ ဒီကနေပြန်လွတ်၊ ကြိုးဆွဲချသတ်သေ၊ ကြိုးပြတ်ကျ၊ အလုပ်ပြန်လုပ်၊ ဘီယာသောက်၊ ရပ်ကွက်ထဲ ထင်ရာတွေလျှောက်လုပ်၊ တယောက်တည်းစကားတွေပြော၊ ရဲစခန်းရောက်၊ အဲဒီကမှ ရွာသာကြီး အရူးထောင်ရောက်၊ ဒီလိုနဲ့ အရူးထောင်က ထွက်ပြီး ပုံမှန်အခြေအနေပြန်ရောက်တဲ့ အခါမှာတော့ တခုခုတော့ မှားနေပြီဆိုပြီး အမှန်တရား ဘာလဲဆိုပြီး ရှာခဲ့ပါတော့တယ်။ လစ်ဘရယ်ဝါဒ ဖြစ်တည်မှု ပဓါနဝါဒ အရ မူးယစ်ဆေးသုံးတာက ပြသနာမဟုတ်ပါဘူး။ ကိုယ်ခန္ဓာကိုယ်ထဲကို ကိုယ်ကြိုက်ရာ ထည့်သွင်းသုံးစွဲခွင့်ရှိတယ်၊ ဥပဒေနဲ့တောင် မတားမြစ်သင့်ဘူးဆိုတာ လစ်ဘရယ်ရဲ့ ဝါဒပါပဲ။ အဲဒီအတွက် ကိုယ့်စံနှုန်းတွေနဲ့ ကိုယ်လုပ်ခဲ့တာတွေသည် မကောင်းကျိုးတွေ ဖြစ်စေတဲ့အတွက် တခုခုတော့မှားနေပြီဆိုတာဟာ ရှင်းရှင်းကြီး ပေါ်လာပါတော့တယ်။
အဲဒီမှာပဲ ဖြစ်တည်မှု ပဓါနဝါဒရဲ့ ပြသနာကို ဖြေရှင်းမပေးနိုင်ပုံတွေ အမှားအမှန်နဲ့ ပါတ်သက်ပြီး တိကျတဲ့ အဖြေမရှိပုံတွေ၊ လေ့လာခဲ့သမျှ ဗဟုသုတတွေဟာ တကယ်တမ်းမှာ အသုံးမကျတာတွေ အစရှိသဖြင့် အမှားတွေ တန်းစီပေါ်လာပါတော့တယ်။ ဒီတော့ ကုသိုလ် အကုသိုလ် ဆိုတဲ့ ကိစ္စဟာ ဖြစ်နိုင်တယ်၊ မှန်တယ်လို့ ယုံကြည်လာပါတယ်။ အကုသိုလ်အမှုမှာ အကျိုးပေးတွေ ရှိတယ်ဆိုပြီး မြင်လာပါတယ်။ ကံ ကံ၏ အကျိုးဆိုတာကို စပြီးလက်ခံလိုက်ပါတယ်။ ရှေ့ဘဝ နောက်ဘဝနဲ့ ပါတ်သက်ပြီးတော့ တကယ်ရှိသလားဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။ အရင်ကတည်းက ရှေ့ဘဝ နောက်ဘဝအကြောင်းဖတ်ဖူးထားတာ တွေနဲ့ သက်သေတွေ ရှိပေမယ့် လူတိုင်းနဲ့ ငြင်းခုန်နိုင်အောင် ပိုသေချာတဲ့ သက်သေပြချက်ကို ရှာတော့ အနောက်တိုင်းမှာ လုပ်ထားတဲ့ သုသေသန စာတမ်းဖတ်ပွဲ တခုကို Youtube မှာတွေ့ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒီအတိုင်းဆိုရင်တော့ ကိုယ်ဘယ်လောက်ပဲ ကြိုးစားတယ်ပြောပြော၊ အမှန်တရားရှာတယ် ပြောပြော အခုဘဝမှာတောင် ပြသနာ အကြီးအကျယ်တက်ခဲ့သေးတာ၊ ဒီအတိုင်းနေ၊ ဒီအတိုင်းသေသွားလို့ကတော့ နောင်ဘဝမှာလဲ ဒီလိုပြသနာ ကြုံနိုင်သေးတယ်လို့ ပြင်းထန်တဲ့ သံဝေဂ ဖြစ်ပြီး လွတ်လမ်းတော့ ရှာရတော့မယ်ဆိုပြီး တရားစနာဖြစ်ခဲ့ပါတယ်။ ပထမတော့ မဟာစည်ဆရာတော်ကြီးရဲ့ မဟာသတိပဌာနသုတ် နဲ့ ပါချုပ်ဆရာတော်ကြီး ရဲ့ နုပဿနာလေးမျိုး တရားကို စနာခဲ့ပါတယ်။ နားလည်ရင် ကိစ္စပြီးနိုင်တယ်ဆိုပြီး ဓမ္မာနုပဿနာနဲ့ စရှုဖို့ ကြံစည်ခဲ့ပါတယ်။ ဘယ်လိုမှ ရှုမရလေတော့မှ တဆင့်ခြင်းသွားရတော့မယ် ဆရာရွေးရမယ်လို့ စဥ်းစားမိပါတယ်။ အဲဒီတော့ ဆရာရွေးရင် ရဟန္တာဖြစ်ကြောင်း သေချာတဲ့ ဆရာကိုရွေးရမယ်ဆိုပြီး မိုးကုတ်ဆရာတော်ကြီး တရားတွေပဲ နာမယ်လို့ စဥ်းစားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ မိုးကုတ်ဆရာတော်ကြီး တရားတွေကို Youtube ကနေပဲ စပြီး နားထောင် နာယူခဲ့ပါတယ်။
တရားနာယူပုံ တရားအားထုတ်ပုံတွေကို မပြောတောပဲ အနတ္တဝါဒကိုလက်ခံလာပုံကိုပဲ ပြောပါတော့မယ်။ တရားအားထုတ်ပုံနဲ့ သိလာပုံ အဆင့်ဆင့်ကို သိချင်ရင်တော့ ဒီ page အစက အဆုံးဖတ်သာကြည့်ပါ။ ဒီနေရာမှာတော့ ဖတ်ခဲ့ဖူးသမျှ ဝါဒတွေရဲ့ ပြသနာကိုပဲ ပြောပါရစေ။ အနတ္တဝါဒကလွဲလို့ တခြားအယူဝါဒပေါင်းစုံဟာ အရေအတွက်များပေမယ့် အားလုံးတူညီတဲ့ အချက်က လူသားဆိုတဲ့ သဘော၊ အတ္တဆိုတဲ့ တနည်း သတ္တဝါဆိုတဲ့ အယူအဆပေါ်ကနေ ဖြစ်ပေါ်လာတဲ့ အယူအဆတွေပါ။ ဆိုလိုတာက အနတ္တဝါဒကလွဲလို့ ကျန်ဝါဒအားလုံးဟာ ပေးချက်ကို လုံးဝမသိပဲ၊ ပုဂ္ဂိုလ် သတ္တဝါရှိတယ်လို့ မှားယွင်းစွာ ယူဆပြီး တွေးခေါ်ထားကြတဲ့ အယူအဆတွေ ဖြစ်နေတာပါပဲ။ ကျန်ဝါဒ အားလုံးဆိုတာဟာ ကွန်မြူနစ်ဝါဒ အရင်းရှင်းဝါဒ ဖြစ်တည်မှုပဓါနဝါဒ ဆိုတာတွေက စလို့ တခြားဘာသာပေါင်းစုံ အကြုံးဝင်ပါတယ်။ သူတို့အားလုံးရဲ့ တူညီတဲ့ အမှားဟာ ပုဂ္ဂိုလ် သတ္တဝါ အတ္တ ဆိုတာပေါ် အခြေခံထားကြတာပါ။ အဲဒီဝါဒတွေ အားလုံးကြေပျက်သွားရခြင်းဟာ အစကတည်းကကို အယူအဆအမှားပေါ် အခြေခံထားတာကြောင့် မှန်ကန်တဲ့ အမှန်တရားဆီကို မရောက်နိုင်ကြတာပါ။
ဗုဒ္ဓဘာသာဟာ ဘာသာတရားလို့ တခြားဘာသာတွေနဲ့ တန်းတူသတ်မှတ်ပေမယ့် တကယ့် တကယ်တမ်းမှာတော့ သတ္တဝါနဲ့ ပါတ်သက်တဲ့ Theory of everything ပါပဲ။
သိပ္ပံပညာရှင်များက ဒြပ်တွေပေါ်မှာ Theory of everything ကိုရှာဖွေနေကြတာပါ။ ဒါပေမယ့် အဲဒါဟာ အနတ္တဝါဒနဲ့ ဝေဖန်လိုက်တော့ ဘာမှအရေးကြီးတဲ့ ကိစ္စမဟုတ်တော့ပါဘူး။ ဗုဒ္ဓဘာသာကတော့ ရှေ့ဘဝ၊ မွေးဖွားခြင်း၊ ဖြစ်တည်ခြင်း၊ သေဆုံးခြင်း၊ နောက်ဘဝ၊ သံသရာ၊ လောက နဲ့ လောကမှ လွန်မြောက်ရာ လွတ်မြောက်ရာ အထိကို ရှင်းပြနိုင်တဲ့ အရာအားလုံးရဲ့ အဖြေ အမှန်တရားပါ။ အရာအားလုံးကို အကြောင်းအကျိုး ဆိုတဲ့ စကားလုံးလေးနဲ့ပဲ ရှင်းပြသွားပါတယ်။ သတ္တဝါဆိုတာသည် တကယ်တော့ သတ္တဝါမဟုတ်ပဲ ရုပ်တရားနဲ့ နာမ်တရားဖြစ်သည်လို့ ရှင်းပြပါတယ်။ အလွယ်ကူဆုံးပြောရရင်တော့ အထည်ရှိပြီး သိတတ်တဲ့ သဘောမရှိတဲ့ ရုပ်တရားအစုနဲ့ အထည်လုံးဝမရှိတဲ့ နာမ်တရားအစုဆိုပြီး ခွဲခြားပြခဲ့ပါတယ်။ နာမ်တရားကို အကျယ်ဖြန့်လိုက်တဲ့အခါမှာတော့ ခံစားမှု သဘောအစု၊ သိမှုသဘောအစု၊ မှတ်သားမှုသဘောအစုနဲ့ စေ့ဆော်မှု သဘောအစုဆိုပြီး ခွဲခြားပြလိုက်ပါတယ်။ ဒီရုပ်နာမ်တွေရဲ့ အကျိုးပြုပုံတွေ အမျိုးမျိုးကိုတော့ ပဌာန်းကျမ်းနဲ့ ရှင်းပြထားပါတယ်။ ခန္ဓာငါးပါးရဲ့ ဖြစ်စဥ်နဲ့ သံသရာကိုတော့ ပဋိစ္စ သမုပါဒ်နဲ့ ရှင်းပြထားပါတယ်။ ကိုယ်တိုင်ဖတ်ရှုမှုက ပိုအကျိုးများမှာမို့ ဒီမှာ မရှင်းတော့ပါဘူး။
အနတ္တဝါဒကို အဓိက ပေါ်လွင်စေတာကတော့ ရုပ်နာမ်သည် သင်္ခါရတရားများဖြစ်သည်ဆိုတာပါပဲ။ ဆိုလိုတာကတော့ အတ္တဆိုတာသည် အစကတည်းက မရှိပဲ ငါသူဆိုတဲ့ အတ္တဆိုတာသည် စိတ်ရဲ့ ဖန်ဆင်းမှုသာ ဖြစ်တယ်ဆိုတာပါပဲ။ ရုပ်နဲ့ နာမ်သည် အကြောင်းကြောင့် ဖြစ်သော အကျိုးတရားများသာ ဖြစ်ပါတယ်။ ရုပ်သည် ကံ စိတ် ဥတု အဟာရတို့ပြုပြင်ခြင်းကြောင့် ဖြစ်ပျက်နေပြီး၊ နာမ်သည် အာရုံနှင့် ဒွါရပေါ်မူတည်ပြီး ဖြစ်ပျက်နေခြင်း ဖြစ်ပါတယ်။ အဲဒီအတွက် ပုဂ္ဂိုလ် သတ္တဝါ ငါ သူ ဆိုတာ မရှိ အကြောင်းကြောင့် ဖြစ်သောအကျိုးတရားများ သင်္ခါရတရားများသာလို့ ရှင်းပြထားပါတယ်။ ယခုလက်ရှိမှာတင် ကိုယ့်ခန္ဓာကိုယ် စစ်ဆေးပြီး အကြောင်းအကျိုး ဖြစ်ပျက်နေပုံကို စမ်းစစ်နိုင်ပါတယ်။ စမ်းစစ်ကြည့်တဲ့ အခါမှာလဲ ရုပ်ကိုလဲ ငါလို့ခေါ်မရ၊ နာမ်ခန္ဓာလေးပါးကိုလဲ ငါလို့ ခေါ်မရ ဆိုတာတွေ့ရပါလိမ့်မယ်။ သိခြင်းဆိုတာသည်လည်း အကြောင်းကြောင့် ဖြစ်သော အကျိုးတရားဖြစ်ပြီး၊ ဖြစ်ပြီးလျှင် ပျက်တတ်တဲ့ သဘောရှိပါတယ်။ မှတ်သားမှု၊ ခံစားမှု၊ စေ့ဆော်မှုတို့သည်လည်း ထို့အတူပါပဲ။ အဲဒီတော့ ရုပ်နာမ်ရဲ့ လက္ခဏာ ကို သဗ္ဗေ သင်္ခါရာ အနိစ္စာ (သင်္ခါရတရားတိုင်းသည်ပျက်တတ်သည်)၊ သဗ္ဗေ သင်္ခါရာ ဒုက္ခ (သင်္ခါရတရားတိုင်းသည် စက်ဆုပ်စရာ အသုံးမကျတာသာဖြစ်သည်)၊ သဗ္ဗေ ဓမ္မာ အနတ္တာ ( သင်္ခါရတရားများရော၊ လွတ်မြောက်ရာ နိဗ္ဗာန်တရားရော တရားများအားလုံးသည် ပုဂ္ဂိုလ်သတ္တဝါမဟုတ် အတ္တမဟုတ်) လို့ ရှင်းပြထားပါတယ်။ ဒါတွေကို သိမြင်ခြင်းဟာ အမှန် သိမြင်ခြင်း ဖြစ်ပြီး လောကမှ လွန်မြောက်နိုင်သော တခုတည်းသော လမ်းသည် အမှန်ကြိုးစားအားထုတ်ခြင်း၊ အမှန်ကြံစည်ခြင်း၊ အမှန် သတိရှိခြင်း၊ အမှန်တည်ကြည်ခြင်း နဲ့ အမှန်သိမြင်ခြင်းဟူသော မဂ္ဂင် အကျင့်ဖြစ်သည်ဆိုပြီး ရှင်းပြထားပါတယ်။ ဒီလမ်းကို ကိုယ်တိုင်ကျင့်သုံးပြီး ကိုယ်တိုင်လွတ်မြောက်နိုင်ပါကြောင်း ပြောရင်းပဲ နိဂုံးချုပ်ပါရစေ။ ကျေးဇူးတင်ပါတယ်။


Leave a Reply