မိတ်ဆွေတို့အနေနဲ့က ပထမ မဂ်ကို ရည်ရွယ်ပြီး တရားအားထုတ်သူတွေ ဖြစ်တာမို့ သိသင့်တာလေးတွေ နည်းနည်း ပြောပါ့မယ်။ ပထမ မဂ်မှာ အဓိက ကျတဲ့အချက်က (ကျနော် ဖြစ်တဲ့ပုံစံမို့ တခြားသူတွေနဲ့ တူချင်မှ တူပါလိမ့်မယ်။) ကျနော့်အတွက်တော့ တရားတွေကို တစ်ခုချင်းစီ မြင်လာတာပါပဲ။ ရုပ်နဲ့ ပါတ်သက်ရင်တော့ ဓမ္မသင်္ဂဏီ ရုပ်ပိုင်းက အများကြီး အထောက်အပံ့ ပေးပါတယ်။ အဲဒီ ရုပ်နဲ့ ပါတ်သက်ပြီး တလွဲရေးထားတာတွေ သူတို့ဟာသူတို့ အမှားအချင်းချင်း ငြင်းခုန်နေကြတာတွေ အများကြီးပါ။ အဋ္ဌာကလာပ်ဆိုတာမျိုးဟာ ဓမ္မသင်္ဂဏီနဲ့ ကွဲလွဲနေပါတယ်။ ဓမ္မသင်္ဂဏီကပဲ အားကိုးစရာ ဖြစ်ပါတယ်။ ရုပ်ဆိုတာ အထည်မရှိဘူးဆိုတာမျိုး အယူအဆ၊ ရုပ်ဆိုတာ ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘောလေးကိုသာ ပြောတယ်ဆိုတဲ့ အယူအဆ။ အဲဒီအယူ အဆတွေ အကုန်လုံးဟာ မဂ်ဖိုလ် အတွက် အနှောက်အယှက်တွေချည်းပါပဲ။ အဲဒီကနေမှ စိတ်ကို ရှုသူမို့ စိတ်ဖြစ်ပျက်ကို မြင်ရာကနေပြီးတော့ ရုပ်အပေါင်းစုမှာ ရှိတဲ့ ရုပ်တခုချင်းစီဟာ သတ္တဝါမဟုတ်၊ ကိုယ်မဟုတ်ကြောင်း ရုပ်တရားသာ ဖြစ်ကြောင်း။ ရုပ်တရားဟာ ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘောရှိကြောင်း သိလာခဲ့ပါတယ်။ အဲလိုပဲ ဒေါသ၊ မောဟ၊ လောကဘ အစရှိတဲ့ တရားတွေ အပေါ်မှာ ကျိုးကြောင်းဆင်ခြင်ရင်း ပဌာန်းတရားအတိုင်း အကြောင်းအကျိုး ဖြစ်နေတဲ့ ရုပ်နာမ်တွေပဲ ဆိုပြီး သဘောပေါက်လာခဲ့ပါတယ်။ အဲဒီ စိတ်တွေဟာလဲ ဖြစ်ပြီးပျက်တာ အပြင်ဘာမှ မထူးဘူးဆိုတာလဲ သဘောပေါက်လာပါတယ်။ အဲဒီ စိတ်တခုချင်းစီကလဲ ငါမဟုတ်၊ သတ္တဝါမဟုတ် ဆိုတာကို သဘောပေါက်လာပါတယ်။
အဲဒီတော့ ငါဆိုတဲ့ သဘော၊ သတ္တဝါဆိုတဲ့သဘောဟာ ခန္ဓာငါးပါးမှာ မရှိကြောင်း၊ အစကတည်းကကို မရှိတဲ့ တရားဖြစ်နေကြောင်း အမှန်မြင်လာပါတော့တယ်။ ဒီအမြင်ဟာ အနတ္တကို အဆုံးထိမြင်၊ အနိစ္စကို အဆုံးထိမြင်၊ ဒုက္ခ ဆိုတာကို သဘောပေါက်သွားပြီး မဂ်ကျတယ်လို့ ပြောရမယ့် နိဗ္ဗာန်ကို မြင်တဲ့အခါမှာတော့ စင်ကြယ်သွားပြီ ဖြစ်ပါတယ်။ လောကရော လောကအလွန် (လောကုတ္တရာရော) အားလုံးမှာ သတ္တဝါဆိုတာမရှိ သတ္တဝါဆိုတဲ့ သဘောက ဘယ်တုန်းကမှ မရှိ၊ တရားများ ဖြစ်ပျက်နေခြင်းသာ၊ သတ္တဝါဆိုတဲ့ အထင်သည်လည်း မှားယွင်းစွာထင်မြင်မှုဆိုတဲ့ တရားတစ်ခုသာ ဖြစ်ကြောင်း သဘောပေါက်ခဲ့ပါတယ်။ အဲဒီမှာ အဲဒီမှားယွင်းစွာ ထင်မြင်မှုကြီးဟာ သံသရာ တစ်လျှောက်လုံး ရှိနေခဲ့ရာကနေပြီးတော့ ပျောက်ကွယ်သွားပါတော့တယ်။
အဲဒါကတော့ ပထမ မဂ် ဆိုတဲ့ ကိစ္စပါပဲ။ အဓိက သိဖို့ လိုတဲ့အချက်က ခန္ဓာငါးပါးနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တပါပဲ။ ပထမ မဂ် ဆိုတာ အမှန်တရားကို မဖောက်မပြန် သိတာ ဖြစ်ပြီး၊ အဲလို သိဖို့အတွက်က သညာသိ သိစရာရှိတာတွေ သိအောင်လုပ်ပြီး၊ လိုအပ်တဲ့ ရှုမှတ်မှုပြုတဲ့အခါမှာ အမှန်သိမှု ဆိုတာဖြစ်လာမှာပဲ ဖြစ်ပြီး၊ တကယ်တမ် ကြိုးစား အားထုတ်မယ် ဆိုရင် ဘာမှ မရစရာ အကြောင်းမရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သတ္တဝါ မရှိတာသည် အမှန်တရား ဖြစ်နေလို့ပါပဲ။ အမှန်တရားကို လက်ခံတတ်တဲ့ စိတ်ရှိဖို့တော့ လိုပါတယ်။
မဂ်ကျပြီးမှ ဒေါသတွေ ကြီးလာတယ် ထင်တဲ့သူတွေ အတွက်ပါ။ သူတို့ပေါ်မှာတော့ ဒေါသ ဖြစ်တာ အမှန်ပါပဲ။ ဒီအဆုံးအမထဲ ဝင်လာပြီး အကျိုးခံစားပြီး အဖူးမျှော်ခံ အပူဇော်ခံပြီး ဒီဘာသာရဲ့ အနှစ်သာရကို ဖျက်စီးနေတဲ့ သူတွေပေါ် ဘယ်လို သဘောထားသင့်သလဲ ဆိုတာကိုတော့ မိတ်ဆွေများပဲ စဉ်းစားကြည့်ပါ။ တရားတွေ အကုန်လုံးဟာ အနတ္တမို့ ဘယ်တရားကမှ ကိုယ်မဟုတ်ဘူးဆိုတာ သိပါတယ်။ ဘယ်တရားကိုမှလဲ စွဲမထားပါဘူး။ ဒါပေမယ့် ကြိုးစားအားထုတ်ခြင်း (ဝီရိယ)၊ အမျှော်အမြင်ရှိခြင်း အကြောင်းကို သိခြင်း ဆိုတဲ့ (ပညာ) ဆိုတဲ့ တရားတွေဟာ အကျိုးပြုတဲ့ တရားတွေမို့ ကိုယ်လဲ လွတ်ပြီမို့ ဖြစ်သင့်တယ်လို့ ယူဆပါတယ်။
မိတ်ဆွေများကတော့ သာသနာ သန့်စင်ရေး ပြန့်ပွားရေးဆိုတာတွေနောက် မလိုက်ပါနဲ့ဦး မိတ်ဆွေတို့ရဲ့ အဲဒီကိစ္စနဲ့ ပါတ်သက်တဲ့ ဥပါဒါန်တွေ မစင်သေးသမျှ မိတ်ဆွေတို့ စိတ်ထဲ အဆင်မပြေဘူးဆိုတဲ့ ခံစားမှုမျိုး ဖြစ်မှာပါ။ အဲဒါကိုလဲ ကျနော်သိပါတယ်။ မိတ်ဆွေတို့က ကျနော်စာတွေ ထိုက်သင့်သလောက် ဖတ်ပြီးပြီဆိုရင် တရားအားထုတ်ဖို့ လုံလောက်နေပါပြီ။ ကျနော့်ဘက်က စာဖတ်နေကြသူများအတွက် သင်္ခါရုပေက္ခာဉာဏ်အထိ ရေးပေးပြီးပါပြီ။ ရလိုသူများ အနေနဲ့ကတော့ မေးစရာရှိတာ မေးပါ။ အားထုတ်စရာ ရှိတာ အားထုတ်ပါ။ တချို့ကိစ္စတွေကိုတော့ တချို့သော ပရိတ်သတ်တွေအတွက် ရေးတယ်လို့ သဘောထားပေးပါ။ မှားယွင်းတဲ့ ဥပါဒါန်တွေကိုတော့ ရှင်းသင့်တာ ရှင်းရမှာမို့ သည်းခံတော်မူကြပါလို့ပဲ ပြောရမှာပါပဲ။


Leave a Reply