ဒီနေ့ တနင်္ဂနွေ မနက် ၁၀ နာရီ။ တစ်ပတ်လုံး ပင်ပန်းလာသမျှ ခန္ဓာကိုယ်ကို အနားပေးတဲ့ အချိန်ပါ။ ဒါပေမဲ့ ခန္ဓာကိုယ်က အိပ်ရာပေါ်မှာ၊ ဆိုဖာပေါ်မှာ ငြိမ်နေပေမယ့် ခင်ဗျားရဲ့ စိတ်က တကယ် အနားရပြီလား ဆိုတာကို ဉာဏ်နဲ့ ပြန်လေ့လာကြည့်ပါ။
လူတော်တော်များများဟာ အနားယူနေရင်းနဲ့ မနေ့က ဖြစ်ခဲ့တဲ့ ပြဿနာတွေကို ပြန်တွေးပြီး ဒေါသထွက်နေတတ်ကြတယ်။ ပြီးသွားတဲ့ အတိတ်ဆိုတာ ပြန်ပြင်လို့မရတဲ့၊ ချုပ်ငြိမ်းသွားပြီဖြစ်တဲ့ နာမ်တရား အဟောင်းတွေ သက်သက်ပါ။ မရှိတော့တဲ့ အရာကို “ငါ့ကိစ္စ၊ ငါ့အတိတ်” ဆိုပြီး သွားစွဲလမ်းနေရင် ပူလောင်မှုပဲ ရပါမယ်။
တချို့ကျတော့လည်း မနက်ဖြန် တနင်္လာနေ့ အလုပ်ထဲမှာ ဘာတွေဆက်ဖြစ်မလဲ ဆိုပြီး ရောက်မလာသေးတဲ့ အနာဂတ်အတွက် ကြိုတင် ပူပန်နေတတ်ကြတယ်။ တကယ်တမ်း အနာဂတ်ဆိုတာ အခု ပစ္စုပ္ပန်မှာ ခင်ဗျားကိုယ်တိုင် ဖန်တီးတွေးတောနေတဲ့ အတွေး (သင်္ခါရ) တွေသက်သက်သာ ဖြစ်ပါတယ်။ မဖြစ်လာသေးတဲ့ အရာကို ပူပန်နေခြင်းဟာလည်း မောဟကြောင့် ဖြစ်လာတဲ့ အပိုဆောင်း ဒုက္ခတစ်ခုပါပဲ။
အစစ်မှန်ဆုံး အနားယူခြင်းဆိုတာ “အခု ပစ္စုပ္ပန် တည့်တည့်” မှာ ရှိနေဖို့ပါပဲ။
အတိတ်ကို လွှတ်ချလိုက်ပါ။ အနာဂတ်ကို ခဏ မေ့ထားလိုက်ပါ။ အခု လက်ရှိ ကြုံတွေ့နေရတဲ့ ရုပ်နဲ့ နာမ်ရဲ့ ဖြစ်ခြင်း ပျက်ခြင်း (ဖြစ်ပျက်) ကိုပဲ ဉာဏ်နဲ့ စောင့်ကြည့်လိုက်ပါ။
ကော်ဖီသောက်နေရင် လျှာနဲ့ အရသာ တိုက်မိပြီး ဖြစ်လာတဲ့ ခံစားမှုကို သိလိုက်ပါ။
အတွေးတစ်ခု ဝင်လာရင် “ဪ… တွေးတဲ့စိတ် (ဝိဉာဏ်လေး) ပေါ်လာပါလား” လို့ သိလိုက်ပါ။
အဲဒီ ဝိဉာဏ်လေး ပေါ်လာပြီး ချက်ချင်း ပြန်ချုပ်ငြိမ်းသွားတာကို အရှိကိုအရှိအတိုင်း လေ့လာကြည့်ပါ။
“ငါ” မပါဘဲ သူ့သဘောသူဆောင်နေတဲ့ ရုပ်နာမ် ယန္တရားသက်သက်ပါလား လို့ သိမြင်သွားတဲ့ စက္ကန့်ဟာ ခင်ဗျားရဲ့ စိတ် အငြိမ်းချမ်းဆုံး အနားရသွားတဲ့ အချိန်ပါပဲ။ ပစ္စုပ္ပန်တည့်တည့်မှာ ဉာဏ်ကပ်ထားခြင်းဟာ သံသရာရဲ့ ပူလောင်မှုတွေထဲကနေ အစစ်မှန်ဆုံး ထွက်ပြေး အနားယူခြင်း ဖြစ်ပါတယ်။
အမှန်တရားသည်သာ လွတ်မြောက်ရာ ဖြစ်သည်။
ထက်အောင်


Leave a Reply