ကျနော်က မိဘတွေ အကြောင်းရေးတယ်၊ မိဘ ဆိုတာက အနန္တော အနန္တ ငါးပါးဆိုတာဟာ ဘုရားဟော မဟုတ်တဲ့ အကြောင်း ပြောတယ်။ ဒီလို ပြောတဲ့အထဲက ရည်ရွယ်ချက် နှစ်ချက်ကို ပြောပြပါမယ်။ ပထမ အချက်က သာသနာ ဆိုတာသည် အဆုံးအမ၊ အဆုံးအမ မှ မြတ်စွာဘုရားရဲ့ အဆုံးအမ။ ဒါကြောင့် အဆုံးအမ တွေ တိတိကျကျ မြတ်စွာဘုရား ဟောခဲ့တဲ့အတိုင်း ရှိသင့်တယ်။ မရှိရင် မရှိတာကို ပြောသင့်တယ်။ ဒါဟာ ဘယ် သတ္တဝါ မဆိုထက် အရေးကြီးတယ်။ ဘုရားပွင့်တယ် သာသနာနဲ့ ကြုံတယ် ဆိုတာ ဒုလ္လဘ မို့ ကိုယ် ကိစ္စပြီးရင် ဒါနဲ့ ပါတ်သက်တဲ့ ကိစ္စ စွမ်းသမျှ လုပ်ချင်တယ်။ အကုန်လုံးကို လိုက်တိုက်ခိုက်နေတာမဟုတ်ဘူး။ ကိုယ့် Page မှာ ကိုယ်ရေးတယ်။ ကျန်တာက ကြိုက်တာ သာလုပ်ကြ၊ ကျနော်ဘာမှ မပြောလိုဘူး။ သာသနာမှာ မပါတဲ့ အနန္တော အနန္တ ငါးပါးဆိုတာ ကို သာသနာထဲ ထည့်လိုက်တာ ဘုရားပါစပ်ငှားပြောတဲ့ ကိစ္စပဲ။ ဒီလိုကတော့ မလုပ်သင့်ဘူး။ မိဘ နဲ့ ဆရာကို ကြိုက်သလိုသာ ယဉ်ကျေးမှုအရ သတ်မှတ်၊ ပုထုဇဉ်ဆိုတာ ရူးပြီးသား ဘာမှ မပြောဘူး။ ကိုယ့်ရဲ့ ရူးချက်က သာသနာဖျက်မိတာ သာသနာသိက္ခာကျအောင် လုပ်မိတာ၊ ဘုရား သိက္ခာကျ အောင်လုပ်မိတာဆို မကောင်းဘူး။ မကောင်းတာမှ လုံးဝကို မကောင်းဘူး။ ဘာမှ လိုက်မလုပ်နိုင်ရင်တော့ ကျနော်က ပြောတာတော့ ပြောရမယ်လို့ ယူဆတယ်။ ဒါက တချက်။
နောက်တချက်က မေတ္တာဆိုတာကို အကောင်းမှတ်နေကြတယ်။ သားသမီး အချစ် မိဘ အချစ် ဒါတွေကို တရားအားမထုတ်ခင်တည်းက စဉ်းစားကြည့်တယ် မမှန်တာတွေ အများကြီး ဘယ်လိုမှ ယေဘုယျပြောလို့ မရ။ အမြဲမှန်တဲ့ အမှန်မဟုတ်ဘူး။ ဒီတော့ ဒါတွေနဲ့ အချိန်ကုန်နေပြီး အကျိုးထက် အပြစ်တွေ များနေတာကို မြင်ရတယ်။ အဲဒီ မေတ္တာက လောကီမှာတော့ ကောင်းတယ် ပြောကြမှာပေါ့၊ ခရစ်ယာန် ဆိုလဲ ဒါနဲ့ ဆွဲဆောင် ထားတာ။ လူတိုင်း ကြိုက်ကြတယ်။ ဒါပေမယ့် မှန်လားဆိုတော့ မေတ္တာ ဘယ်လောက်များများ (ဈာန်ကတော့ ကျနော် ဘာမှ မသိ၊ ပထမ ဈာန်လောက်ပဲ) မေတ္တာဈာန်မဟုတ်ရင် ကိလေသာလဲ မသက်သာဘူး။ ပုထုဇဉ်အတွက် တယောက်ကို တယောက် ချစ်လေလေ၊ အပိုင်တွေ လိုချင်လေလေ၊ မရလေလေ၊ ဒုက္ခတွေ များလေလေ မရ ရအောင် ကြိုးစားလေလေနဲ့ ပြသနာတွေ တက်နေကြတာ အများကြီးလို့ မြင်မိတယ်။ ကျနော့် စာဖတ်တဲ့သူတွေက တရားအားထုတ်တာအတွက် ဖတ်ကြတာဆိုတော့ တရားအားထုတ်သူက ချစ်ခြင်း မုန်းခြင်း ဟာ ဒုက္ခ ဖြစ်စေတယ်ဆိုတာကို သိစေချင်တယ်။ ဘယ်သူ့ကို ချစ်လို့တော့ ပြသနာ မရှိဘူး မထင်နဲ့ ချစ်သမျှ ဒုက္ခပေးဖို့ စုနေတာ။
ဘာလို့လဲ ဆိုတော့ ဘယ်လောက်ချစ်တယ် ပြောပြော၊ ကိုယ်လဲ မမြဲဘူး၊ သူလဲ မမြဲဘူး။ ဒါကို တွယ်တာနေရင် ဒုက္ခများလိမ့်မယ်။ ဆရာတော်ကြီးဟောသလို ဆိုကမ်းနာသစ်ပင် သွားဆွဲတော့ ဟိုက အမြစ်နဲ့ တကွ ကိုယ်ပေါ်ကျတယ် ဆိုတာ အဲဒီ ကိစ္စပဲ။ မဆွဲရင်တော်သေးတယ်။ ဆွဲရင် ပိုဒုက္ခရောက်တယ်။ ဒါကြောင့် ဒါကို သေသေချာချာ နားလည်ပြီး ချစ်ချင်တာတွေ အနားထားချင်တာတွေ ကိုယ့်စကား နားထောင် စေချင်တာတွေ လျော့သင့်တယ်။ ဘယ်သူ ကောင်းကျိုးမှ မဟုတ်ဘူး၊ ကိုယ့် ကောင်းကျိုးအတွက် ကိုယ် ဒါကို လျော့ရမှာ။ မလျော့ရင် လောဘ စိတ်တွေမို့ ဒီလောက်ကြီးတဲ့ လောဘနဲ့ သေကြတာ ပြိတ္တာပဲ များကြမှာပဲ။ အဲဒီကျမှ ငါကဖြင့် ချစ်လိုက်ရတာ ရှာလိုက်ရတာ အခုတော့ဖြင့် ပြိတ္တာ ဖြစ်ရပြီဆိုရင် နောက်ကျသွားပြီ။ ဘာမှ လုပ်လို့မရတော့ဘူး။ ကိုယ့်ဆုံးမခဲ့တဲ့ နမူနာ ပြခဲ့တဲ့အတိုင်း သားသမီးက ဆက်လျှောက်တော့ အတူတူ ပြိတ္တာ ဘဝ ဆုံကြရော။ အဲဒါကို မြင်တဲ့သူ ယုံတဲ့သူက မြင်နေတော့ အကုန်ပြသနာတက်လိမ့်မယ်လို့ ဆိုပြီး လျော့ဖို့ပဲ ပြောရမှာပဲ။ တွဲရက် တချက်က တရားအားထုတ်တဲ့ အခါမှာ မာနတွေကို လျော့ရတယ်။ မာနတွေနဲ့ဆို အရမ်းပြသနာ တက်တယ်။ အကြီးအကျယ် ပြသနာ တက်တာ။
မာနမှာ အကြောင်းအကျိုး ဆီလျော်တဲ့ မာနနဲ့ တလွဲမာန ဆိုတာရှိတယ်။ ဒီတော့ ငါက မိဘပဲ ဘုရားနဲ့ တတန်းတည်းဆိုတဲ့ မာနက မဖြစ်သင့်တဲ့ မှားတဲ့ မာန၊ အပါယ်ချမယ့် မာန၊ မာနတွေ အရမ်းကြီးရင် အသူရကာယ် ဖြစ်တတ်တယ်။ ဒါလဲ မကောင်းပြန်ဘူး မဟုတ်လား။ နောက်ပြီး ဂုဏ်အရ ကိုယ့် အလေးအမြတ်ထားရမယ့် ရတနာ သုံးပါးကို ကိုယ့်မှာ ကိလေသာရော အကုသိုလ်တွေ ရော သံသရာ တလျှောက် ကျူးလွန်ထားတာ အပုံအပင်ရှိပါလျက်နဲ့ ငါတို့က သက်ရှိဘုရား ဆိုတော့ မသေမချင်းတော့ ပြောနေလို့ရတယ်။ ဒါပေမယ့် ဒါဟာ ကောင်းမယ့်ကိစ္စမဟုတ်တာ စဉ်းစားသင့်တယ်။ အဲဒီတော့ အဲလိုမာန မျိုးက ကိုယ့်ကို သားသမီးက ဖြစ်ဖြစ်၊ ကိုယ့်ထက် ငယ်သူက ဖြစ်ဖြစ် ပြောတဲ့အခါ မာန က ဝုန်းကနည်း ထ ကန့်ကွက်လိုက်တော့ ပြောတာကို နားမထောင်ချင်တော့ဘူး။ သံသရာမှာ ကြားရခဲတဲ့ စကားတွေ မာနကြောင့် လွတ်သွားရော။
ကောင်းတယ်ထင် ဆက်လုပ်ပေါ့။ တရားအားထုတ်တဲ့ အခါမှာ သိသင့်တာ တခုက သိမှုတွေ တိုးတက်လာလေလေ၊ ပညာကြောင့် ဖြစ်တဲ့ မာန ဆိုတာမျိုး ဖြစ်လာတယ်။ ဒါဟာ မကောင်းတဲ့ ကိစ္စမဟုတ်ဘူး။ သို့သော် အားထုတ်ဆဲမှာတော့ နားလည်မှု ကြိုးစားမှု ထိန်းသိမ်းမှု လိုတယ်။ အားထုတ်ပြီးရင်တော့ မာနက အကြောင်းအကျိုး အတိုင်း ဆီလျော်စွာ ဖြစ်တယ်။ ပုထုဇဉ် အမြင်မှာ မာန ကြီးလွန်းတယ် ထင်မယ်။ မကောင်းဘူး ထင်မယ်။ ကြည့် သူတို့ရဲ့ မှားယွင်းသော မာနကို ကျတော့ လုံးဝ ဂရုမစိုက် ငါက ကံကောင်းလို့ ဆိုတာမျိုးတောင် ပြောဦးမယ်။ ဒါပေမယ့် ပညာနဲ့ ထိန်းသိမ်းမှု အပါယ်ကျ အောင် အသူရကာယ် ဖြစ်အောင် အကျိုးမပေးတော့မဲ့ မာနကိုကျတော့ ဟာတွေ ဟင်တွေ အကြီးအကျယ်တွေ ဆိုတော့ ကိုယ့်ဆရာတို့ ရူးပုံက လက်ရော ခြေရော မြှောက်ရတော့မလိုပဲ။
သံသရာ ဆိုတာ ရှည်လွန်းတယ် မြတ်စွာဘုရားတောင် အစကို မပြောနိုင်ဘူး။ ဘယ်လို စလဲ ဘယ်သူမှ မသိဘူး။ အဝိဇ္ဇာလို့တော့ ပြောမှာပေါ့။ ဒါပေမယ့် ပုထုဇဉ်အတွက်တော့ ငါဘယ်လိုစလဲ သိချင်ရင် အဖြေမရှိဘူး။ အတ္တ မရှိတာကို သိမှ အဲဒီ ကိစ္စတွေ က ငြိမ်းသွားမှာ။ နိဗ္ဗာန်မြင်မှ အေးမှာ။ သံသရာ အဆုံး နိဗ္ဗာန်တဲ့။ အဲဒီတော့ မာန ကြောင့် လောဘကြောင့် ဘုရားဟောကို အတင်းတွေ ပါယ်ချင်နေပြီဆိုရင် အကုသိုလ် အတုန်းအခဲကြီး ဖြစ်နေပါ ပေါ့လားလို့တော့ စဉ်းစားသင့်တယ်။ အဲဒီတော့ ကျနော်လဲ မိဘပဲ ဝတ္တရားက တော့ ကျနော်လဲ ဘာမှ မပြောဘူး သားသမီး ဝတ် မိဘဝတ်၊ ဒါတွေ လုပ်ချင်သလောက်လုပ်၊ မပိုစေနဲ့။ ချစ်သမျှ တနေ့ ဒုက္ခရောက်ဖို့ ဆိုတာ မမေ့ ပါနဲ့။ သေရာ ညောင်စောင်းကို ရောက်ဖို့ အသက်ကြီးသူတွေက မလိုတော့ဘူး။ ဒီအချိန်မှာမှ ပြောမယ့်သူ ရှိလျက်နဲ့ မလျောဘူးကွာ ဆိုလဲ ကျနော်က ဟုတ်ကဲ့ပဲ ပြောလိုက်တော့မှာပေါ့။
မေတ္တာက ကောင်းပါတယ် ဆိုတဲ့ လူတွေကို နည်းနည်း ပြောပြမယ်၊ ခင်ဗျား မေတ္တာ အားကြီးလွန်းတော့ ကောင်းစေချင်ရော၊ ကောင်းစေချင်တော့ အလုပ်တွေ လုပ်ရော အကုန်လုံးကို ခင်ဗျား ဘယ်လို Handle လုပ်မလဲ၊ အကုန်လုံး ရှုပ်ကုန်မှာ။ အကုန်လိုက်ပူနေရရင်တော့ ခင်ဗျား တယောက်တည်း ဒုက္ခရောက်နေပြီပေါ့။ အဲဒါကြောင့် အတ္တ မရှိဆိုတာကို သိဖို့ က ပထမဆုံး လိုတဲ့ ကိစ္စ အဲဒါပြီးတော့ ဆရာတော်ကြီး ပြောသလို ပဲ ကျွမ်းထိုး နေနေ။
အဲဒီအချိန်က ခင်ဗျား အေးအေးဆေးဆေး နေလုပ်ချင်တာလုပ် ခင်ဗျား ဘယ်သွားမလဲ ခင်ဗျား သိနေပြီ၊ အကြမ်းဖျင်းပေါ့။ ဘယ်ဘုံဘာညာကတော့ ကိုယ်သွားချင်တာပဲ ရှိတာ ရောက်မရောက်မသိဘူး။ လူပြည်တော့ ပြန်မလာတော့ဘူး။ တော်ပြီ။ အဲဒီတော့ မသေမချင်း ဖြစ်မှာပေါ့။ အကျိုးရှိမယ် ထင်တဲ့ ကိစ္စတွေကို အဲလို အချက် တချက် မကတဲ့ အကြောင်း ထောက်ပြီး ရေးဖို့ ကြိုးစားတယ်။ လိုက်ပြီး အကုန်ကြံစည် သလားဆိုတော့ အဲလိုလဲ မဟုတ်ဘူး။ ရေးဖို့ စိတ်ကူးပေါ်လာတယ် ရေးသင့်တယ် ရေးလိုက်တယ်။ ဒါမျိုးတွေလဲ အများကြီးရယ်။ ဆိုတော့ နားလည်မှု ရှိစေချင်တယ်။ ရတနာ သုံးပါးနဲ့ သွားမရှုပ်နဲ့၊ ကိုယ့်မှာ သီလ သမာဓိ ပညာ ဘယ်လောက် ရှိလဲ ဒါကို စဉ်းစားရမယ်။ ကိုယ့်ထက် သာတဲ့သူဆီက နားထောင်ဖို့ စဉ်းစားရမယ်။ ဘာမှ ရိုသေ နေစရာ မလိုဘူး။ သူရေးတယ် ဘာကြောင့်လဲ မှန်လား စဉ်းစားရင် တော်ပြီ၊ ဒီလောက်ပဲ။ အိုကေပါ။ သေချာ စဉ်းစားပါ။ သေရာ ညောင်စောင်း မရောက်မချင်း စဉ်းစားနိုင်တယ်။ ရောက်ရင်တော့ ဖြစ်ပျက်ကို မှတ်နိုင်အောင်သာ ကြိုးစား ထားပေတော့။ အတ္တာ ဟိ အတ္တနော နာထော ဆိုတဲ့အတိုင်း မိမိကိုယ့်သာ ကိုးကွယ်ရာ။ အဲဒါက ဘာကို ပြောတာလဲဆိုတော့ ဆရာတော်ကြီးက ဝိပဿနာဉာဏ် မဂ်ဉာဏ် ကို အားကိုးပါလို့ ပြောထားတာလို့ ရှင်းပြတယ်။
အားတဲ့အချိန် ဆိုရင် ဆရာတော်ကြီးတရား များများ နာစေချင်တယ်။ တခြား တရားတွေ နာလို့ ကိလေသာ တိုးမှာ စိုးလို့ ဆရာတော်ကြီး တရားပဲ နာပါလို့ ပြောတာ။ ကျနော်တို့ ဆယ်တန်းမှာ ၉ ဘာသာ တုန်းက အောင်ခဲ့တာ ဆယ်တန်း ကိုးဘာသာတောင် (ပါးပါးလေးတွေ) တစ်နှစ်သင်ရတာ၊ တရားအားထုတ်တာကို သုံးရက်လောက် လုပ်ကြည့်ပြီး အဆင်မပြေပါဘူးဆိုရင်၊ အားထုတ်မှုနဲ့ မျှော်လင့်မှု မျှတတယ် ထင်သလား။ သံသရာလွတ်ကြောင်း သာသနာနဲ့ ကြုံတဲ့အချိန်မှာ သာသနာအကြောင်း လေ့လာဖို့ တစ်နှစ်တောင် အချိန်မပေး နိုင်ဘူး။ သားသမီးတွေ ချစ်လို့မဝသေးဘူးဆိုရင်တော့ ဘယ်သူမှ ဘာမှ မတတ်နိုင်ဘူး။ နောက် ဘုရားတွေ ကလဲ ခလုတ်တိုက်သွားမှာပဲ။ သံသရာ သစ်ငုတ် ဆိုတာမျိုးက လုံးဝ ကောင်းတာ မဟုတ်ဘူး။ ဘုရားအလောင်းတောင် ငရဲ ကျသေးတယ် အကြိမ်ကြိမ်။ လောကီဆိုတာ အဲလို ကြောက်ဖို့ကောင်းတယ်။ ကောင်းတယ် ထင်တာတွေ လုပ်ရင်း အပါယ်ချည်းကျတာ။ အလိုလို အမှန်ကို သိလို့ကတော့ အကုန် နိဗ္ဗာန်ရောက်ကုန်မှာပေါ့။ အဲလိုမရဘူး အရိယာ စကား နားထောင်ခြင်းနဲ့ နှလုံးသွင်းမှန်ခြင်း မရှိရင် မလုပ်ရင် ဘယ်လိုမှ မရဘူး။ ကိုယ့်ဟာကိုယ် ရနိုင် လောက်တာ မဟာပုရိသ ပဲရှိတယ်။
ဘုရားအလောင်း အထင်မကြီးနဲ့ အကောင်းပြောတာ။ ဂေါတမ မြတ်စွာဘုရား နဲ့ စိဏမာန ကြားဖူးတယ် မဟုတ်လား။ ပြသနာ ဘယ်က စလဲ သိလား။ ဘုရားအလောင်းဘဝ မှာ အရက်သမား ဖြစ်ခဲ့တယ်။ စိဏမာန က ရသေ့မ သူတော်စင်မ လုပ်နေတာ။ ဘုရားအလောင်းက သူငယ်ချင်းတွေနဲ့ အရက်သောက်ရင်း ဒီမိန်းမကို သေရည်အိုး ရွက်ခိုင်းပြီး သူ့နောက်လိုက်အောင် လုပ်ခိုင်းမယ် ဆိုပြီး သူငယ်ချင်းတွေနဲ့ အလောင်းအစား လုပ်တာ။ ပြီးတော့ အဲဒါ အောင်မြင်အောင် လုပ်ပြီး (အဲဒီ အမျိုးသမီးကို ဖျက်စီးပြီး) သေရည်အိုးထမ်းခိုင်း ပြီး သူငယ်ချင်းတွေကို ပြတာ စိဏမာန လဲသိရော မကျေတော့ဘူးတွေ ဖြစ်ကုန်တာ။ အဲဒါကြောင့် ပြောတာ သံသရာ ဆိုတာ ကြောက်ဖို့ကောင်းတယ်။ နှလုံးသွင်းလေး တချက်မှားလိုက်တာနဲ့ ဒုက္ခတွေ များတော့တာပဲ။ အဲဒီတော့ လူဆိုတာ လူ့သံယောဇဉ် မဖြတ်ပဲ နိဗ္ဗာန်မရောက်ဘူးတဲ့၊ ဒါကြောင့် သံယောဇဉ် အကုန်လုံးကို ဖြတ် တစ်နှစ်လောက် အချိန်ပေးပြီး လုပ်တော့၊ ကိုယ့်အတွက်က ညောင်စောင်းက စောင့်နေပြီ။ ဘယ်ရောက်မလဲ ဘယ်လောက်သိလဲ ဘယ်လောက် သေချာလဲ ကိုယ့်ဟာကိုယ် စဉ်းစား။ ကျနော်ကတော့ တခြားလမ်း မမြင်ဘူး။ ဆိုတော့ ဆုံးဖြတ်မှုက ကိုယ့်ကို နိဗ္ဗာန်လား၊ ဒီအတိုင်းဆက်သွားမလား စီရင်လိမ့်မယ်။
အဲဒီအချိန်မှာ ဘုရား စကားကို သေချာနားထောင်မယ် ဆိုတဲ့ အကာအကွယ်မရှိရင် လည်တာကနေ ထွက်ကို ထွက်နိုင်မှာ မဟုတ်ဘူး။ အပါယ် ကို ဘယ်လောက် ကျကြလဲ ဆိုတာတော့ ဘုရားဟောအတိုင်း တသိန်းသေလို့ တယောက် သုဂတိ မရောက်ဘူး ဆိုတာယုံ။ ပန်းလှူရင် ရပါတယ် ဆိုလဲ ခင်ဗျားတို့သဘော။ ကျနော်လဲ မပြောတတ်ဘူး။ ဟုတ်ချင် ဟုတ်မယ် မဟုတ်ချင် မဟုတ်ဘူး။ ခန္ဓာနဲ့တော့ သွားမစမ်းတော့ဘူး။ ဘုရားပြောတဲ့အတိုင်း အားထုတ်လိုက်တာပဲ ကောင်းတယ်လို့ ပြောရင်း ရပ်ပါရစေ။ ကျေးဇူးပါ။


Leave a Reply