ဒါကတော့ မြတ်စွာဘုရားက ရဟန်းတွေကို ဟောခဲ့တဲ့ အဆုံးအမပါ။ ဒါကြောင့်လဲ မြတ်စွာဘုရားက ရဟန်းတွေကို အမျိုးသမီးတွေကို ရှောင်ဖို့ အထူးတိုက်တွန်းခဲ့တာပါ။ အဲဒီတော့ တရားအားထုတ်သူတွေ အနေနဲ့လဲ ဒါကို အတုယူပြီး တရားအားထုတ်ချိန်မှာတော့ တတ်နိုင်သလောက် ဒီကိစ္စ (မေထုန်) ကို ရှောင်တာ ကောင်းပါတယ်။ မောဟကို အားပေးစေတဲ့ အမှုထဲမှာပါလို့ပါ။ ဒါပေမယ့် အဲဒီလို တရားအားထုတ်ပြီးလို့ သောတာပန် ဖြစ်သွားရင်တော့ စည်းကမ်းက တမျိုးပြောင်းသွားပါပြီ။ ဒီတော့ ဒါနဲ့ပါတ်သက်ပြီး အထူးသဖြင့် သောတာပန်ဖြစ်အောင် အားထုတ်နေတဲ့ အမျိုးသား ဥပါသကာ များအတွက် ငါသာ သောတာပန် ဖြစ်ပြီးသွားရင် ဒီ မေထုန် ကိစ္စက ဘယ်လို ဖြစ်သွားမလဲ၊ ရှောင်သွားရမှာလား၊ မကောင်းမှုလို့ စိတ်ထဲ ခံစားရမှာလား အစရှိသဖြင့် မေးခွန်းတွေ ကို ဒီနေ့ ဖြေပေးချင်ပါတယ်။ အမျိုးသမီး ဥပါသိကာ များကို မရည်ရွယ်ပါ။ ရဟန်းတော်များနဲ့လဲ ဘာမှ မဆိုင်ပါ။ အရှက်အကြောက်ကြီးသော အမျိုးသမီး ဥပါသိကာများလဲ ဆက်မဖတ်ပါနဲ့။ တရားအနေနဲ့ အကြောင်းတိုက်ဆိုင်ရင် ဒီလိုကိစ္စမျိုးကို မြတ်စွာဘုရားတောင် ဟောကြားရတာ ရှိပါတယ်။ သိလိုလျှင် ဘိက္ခုနီ ဝိနည်းကို ဖတ်ကြည့်ပါ။
အဲဒီတော့ တရားအကျိုးကို မျှော်လင့်ပြီး ပြောရမှာပါပဲ။ ကျနော် တရားအားထုတ်တဲ့အချိန် ခြောက်နှစ်ခွဲခန့် အတွင်းမှာ ပိုက်ဆံလဲ အင်မတန်ချို့တဲ့ (အစားအသောက်နဲ့ နေထိုင်ဖို့ကလွဲပြီး ဘာမှ မရှိ) ကိုယ့်ရဲ့ စိတ်တွေ အကုန်လုံးကလဲ တရားပေါ်မှာပဲ အာရုံစိုက်နေတာ ဖြစ်တဲ့အတွက် တပါးသော အမျိုးသမီးနဲ့ ကိစ္စတွေ လုံးဝ ကင်းရှင်းခဲ့ပါတယ်။ ဘာ ပါတ်သက်မှုမှ မရှိခဲ့ပါဘူး။ တရားကိုသာ အချိန်ပြည့် အာရုံစိုက်ပြီး လုပ်ခဲ့ပါတယ်။ အဲလိုနဲ့ ကျနော် ကလျာဏ မိတ္တကောင်းရဲ့ အကူအညီနဲ့ မဂ် ကျသွားတဲ့အခါမှာတော့ ပင်ပန်းခဲ့သမျှ အမောပြေခဲ့ပါတယ်။ အဲဒီအကြောင်းကိုလဲ စာဖတ်နေကြ မိတ်ဆွေများကို ပြောပြလိုက်တဲ့အခါမှာတော့ ကျနော့်ဆီကို ပိုက်ဆံ ပို့ပေးချင်လို့ပါဆိုပြီး တောင်းဆိုလာသူတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ ကိုယ်ပိုင် ဘဏ်အကောင့်လဲမရှိတော့ ကျနော့် အိမ်က ကေပေးအကောင့်ပေးလိုက်ပါတယ်။ အဲလိုနဲ့ ပိုက်ဆံတွေ အတော်များများ ဝင်လာတယ်ပဲ ဆိုပါစို့။ ကျနော်လဲ ဘာမှ တောင်းဆိုတာ မဟုတ်ပဲ ရောက်လာတဲ့ ပိုက်ဆံတွေပါ။ ကျန်ခဲ့တဲ့ သုံးနှစ်ကျော်က ပိုက်ဆံ ၃ သိန်း၊ ၄ သိန်းလောက် ဆိုတော့ ကိုယ့်အတွက် ဘာမှ မသုံးပဲ နေလာတာ ကြာပြီလဲ ဖြစ်တော့ အင်မတန် ပိုလျံနေခဲ့ပါတယ်။ ဒီနေရာမှာတော့ အမျိုးသားများကိုပဲ စဉ်းစားကြည့်စေချင်တာပေါ့။ ဥပမာ ယောက်ျားတယောက်က အမျိုးသမီးနဲ့ လုံးဝ ကင်းရှင်းတဲ့ ကိစ္စတခုကို ခြောက်နှစ်ကျော်လောက် လုပ်ခဲ့ပြီးသွားပြီး အဲဒီအလုပ်ကလဲ ပြီးသွားပြီ ပိုက်ဆံတွေလဲ ရှိလာပြီဆိုရင် ဘာစိတ်ကူး ပေါ်မယ် ထင်ပါသလဲ။ အားလုံး သဘောတူနိုင်တဲ့အတိုင်း အမျိုးသမီး ကိစ္စက စိတ်ကူးပေါ်လာတာပေါ့။ အဲဒီမှာ ထပ်စဉ်းစားပါတယ်။ သူရာမေယျရ က မဂ်နဲ့ ယှဉ်တဲ့ (မဂ္ဂပစ္စယောမှာပါတဲ့) သီလမဂ္ဂင် သုံးပါး ထဲမှာ မပါလို့ ဖောက်နိုင်ပေမယ့်။ ကာမေသု ဆိုတာက လုံးဝကို မပေါက်တော့ဘူးလို့ ဘုရား အာမခံထားတဲ့ ကိစ္စပါ။ သတ်မှု၊ ခိုးမှု၊ ကာမေသု၊ မုသား က မဂ္ဂင်ရှစ်ပါးထဲက သီလမဂ္ဂင်သုံးပါးထဲမှာ ပါပါတယ်။ အဲဒီတော့ ဘာသာမဲ့ ဘဝ ကလာတဲ့ ကိုးလို့ကန့်လန် ကျနော်က စဉ်းစားတာက အဲလို ပြည့်တန်ဆာ လုပ်စားတဲ့ အမျိုးသမီးတွေထဲမှာ ယောက်ျားရှိလျက်နဲ့ လုပ်စားတဲ့ အမျိုးသမီးတွေလဲ ပါနိုင်တယ်။ ကိုယ်က အဲလို သွားလိုက်လို့ ရှိရင် ကာမေသု ပေါက်မလားလို့ စဉ်းစားမိပါတယ်။ အဲဒီမှာ ဘာတွေးမိလဲ ဆိုတော့ သီလမဂ္ဂင်နဲ့ ပြည့်စုံတဲ့ သီလက ကိုယ်စောင့်စရာမလိုဘူး။ သင်္ခါရ လောက ဖြစ်တဲ့အတွက် သင်္ခါရလောက က ကိုယ်သီလမပေါက်ဖို့ တာဝန်ရှိတယ်။ သူ့ဟာသူ အကြောင်းအမျိုးမျိုးနဲ့ အဲလိုမဖြစ်အောင် သင်္ခါရတရားတွေကပဲ တားဆီးသွားမယ်လို့ ယုံကြည်ပြီး အဲဒီကိစ္စကို စမ်းသပ်ဖို့ သွားခဲ့ပါတယ်။ ဒီနေရာမှာ ကာမေသုနဲ့ပါတ်သက်လို့ အယူလွဲနေတာလေး နည်းနည်း ရှင်းပြချင်ပါတယ်။ ကာမေသုထဲမှာ အခပေး၍ ယူသော မိန်းမ ဆိုတာ ပါပါတယ်။ အဲဒါကို မသွားလာရဘူးလို့ တချို့က ထင်နေကြပါတယ်။ တကယ်က အဲလိုမဟုတ်ပါဘူး။ သူများ အခပေး၍ ယူထားသော မိန်းမကို မသွားလာရဘူးလို့ ပြောတာပါ။ ကိုယ်အခပေးယူထားတဲ့ မိန်းမနဲ့တော့ သွားလာအပ်ပါတယ်။ အဲဒီတော့ ဒါကို ကောင်းကောင်းနားလည်တဲ့ သီလဗ္ဗတ ပရာမာသ ပါယ်ပြီးသွားတဲ့ သောတာပန်မှာ အဲဒီကိစ္စက အင်မတန်ကိုပဲ ရှင်းလင်းပေါ့ပါးပါတယ်။ ဘာစိတ်ဖိစီးမှုမှ မရှိပါဘူး။ အဲဒီတော့ အတိုပြောရရင် သွားလာခဲ့တယ်ပဲ ဆိုပါစို့။
ထူးခြားချက်က သောတာပန် ဖြစ်သွားတဲ့အခါမှာ ဂုဏ်ဆိုတာသည် အဓိပ္ပါယ်မရှိဘူး ရုပ်နာမ် ဖြစ်ပျက်သက်သက်သာ ဖြစ်တဲ့အတွက် ဂုဏ်ဆိုတာသည် ပုထုဇဉ်တို့ ရှုးနှမ်းခြင်း သဘောဆိုတာကို သိတဲ့အတွက် အဲလို ကိုယ်နဲ့သွားလာတဲ့အမျိုးသမီးပေါ်မှာ နှိမ့်ချ မြင်မှု မရှိပါဘူး။ အကုန်လုံး ရုပ်နာမ် ရုပ်နာမ် တူတူပဲ ဆိုတာကို သဘောပေါက်ပြီး ကောင်းမွန်စွာပဲ စကားပြောဆို ဆက်ဆံပါတယ်။ နောက်တချက်ကတော့ အခပေးပြီးတဲ့ နောက်ပိုင်းမှာ အချိန်အတိုင်းအတာ တခုထိ ကိုယ့်ရဲ့ မိန်းမလို့ပဲ သဘောထားတာကြောင့် ကိုယ်ယူထားတဲ့ အမျိုးသမီးနဲ့ ဆက်ဆံသလိုမျိုးပဲ ယဉ်ယဉ်ကျေးကျေး တန်ဖိုးထားပြီး လေးလေးစားစားပဲ ဆက်ဆံတတ်ပါတယ်။ (အနောက်တိုင်းက ဂျန်တဲမန်း စိတ်ထားထက်တောင် ပိုကောင်းမလား မပြောတတ်ပါဘူး)။ လိင်မှုဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေ ကျနော့်မှာ အပြည့်ရှိတဲ့အတွက် ကျန်းမာရေးအရ လိုက်နာစရာတွေ အပြည့်လိုက်နာပြီးသားပါ။ အဲဒီနောက် အမျိုးသား ဥပါသကာချင်း ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အရင်ပုထုဇဉ်ဘဝက မကောင်းတဲ့ကိစ္စကို လုပ်နေတယ် အစရှိသဖြင့် Guilt တွေ ရှိတတ်တဲ့အတွက် ခံစားရတာ သိပ်မကောင်းတတ်ပေမယ့်၊ သောတာပန် ဘဝမှာတော့ ဒါဟာ တရားနဲ့ အညီနေထိုင်တာပဲ တရားနဲ့အညီ ခံစားတာပဲ သီလစင်ကြယ်စွာနဲ့ နေထိုင်တာပဲ ဆိုတာမျိုး စိတ်ရှိနေတဲ့အတွက် အရင်ထက် အများကြီး ပိုအဆင်ပြေတယ်လို့ပဲ ပြောပါရစေ။
အဲဒီတော့ ဒါနဲ့ပါတ်သက်ရင် ဒီလောက်ပါပဲ။ လိင်မှုရေးရာ ကိစ္စဆိုတာက တကယ်တော့ လူသားတွေရဲ့ မွေးရာပါ သဘာဝပါ။ ဒါနဲ့ပါတ်သက်ပြီး ကာမဂုဏ်မှာ မှားယွင်းစွာ ကျင့်ခြင်းဆိုတဲ့ သူတပါး အမျိုးသမီးကို နှောက်ယှက်ခြင်း၊ အုပ်ထိန်းသူရှိတဲ့ သားပျိုသမီးပျို နဲ့ မှားယွင်းခြင်း ဆိုတာတွေကတော့ သောတာပန် အတွက် လုံးဝကို ယောင်လို့တောင် စိတ်ကူး မဖြစ်တဲ့ ကိစ္စတွေပါ။
အဲဒီမှာ ဒီကိစ္စနဲ့ပါတ်သက်ပြီး ကျနော်က အရိယာများနဲ့ စကားပြောဆိုတဲ့ ချက်ထဲမှာ ပြောပြလိုက်တဲ့အခါ ကျနော့်ကို အမျိုးသမီး အရိယာတယောက်က သူများလှုတဲ့ ပိုက်ဆံနဲ့ အဲလိုလုပ်တာမကောင်းဘူးပြောလို့ အခုထိ သူနဲ့ ကျနော် အဆက်အဆံ မလုပ်ဖြစ်တော့ပါဘူး။
ဒီနေရာမှာတော့ ဒီကိစ္စနဲ့ပါတ်သက်ပြီး ကျနော့်ရဲ့ ငွေကြေး စီမံ ခန့်ခွဲပုံလေးကို နည်းနည်းပြောချင်ပါတယ်။ ကျနော်က စာရေးမှုနဲ့ အသက်မွေးသူ ဖြစ်ပါတယ်။ တနည်းအားဖြင့် စာရေးဆရာပါ။ ကျနော့်အနေနဲ့ ရဟန်းမဟုတ်တဲ့အတွက် အလှူခံပြီး အသက်မွေးမှု မလုပ်ပါဘူး။ ရှင်းရှင်းလင်းလင်း စာမူခ ပဲယူပါတယ်။ ဒါပေမယ့် သောတာပန် ဖြစ်အောင် တရားအားထုတ်နေသူမှ စလို့ ရဟန္တာအထိဟာ အလှူခံထိုက်တယ်လို့ မြတ်စွာဘုရားက ဟောထားလေတော့ ကျနော့်ဆီကို ငွေကြေးဝင်လာတဲ့အခါမှာ သုံးမျိုး သုံးစား ဝင်လာလေ့ရှိပါတယ်။ ပထမ တမျိုးကတော့ စာမူခ ပေးတာပါဆိုပြီး ဝင်လာတဲ့ငွေကြေးပါ။ ဒုတိယတမျိုးကတော့ လိုရာသုံးပါဆိုတဲ့ ငွေကြေးပါ။ တတိယ တမျိုးကတော့ လှူတာပါဆိုတဲ့ ငွေကြေးပါ။ အဲဒီမှာ ကျနော့်ရဲ့ စီမံ ခန့်ခွဲပုံကတော့ လှူတာပါဆိုတဲ့ ငွေကြေးကို အင်တာနက်ဖိုး မီတာခ ဝိပဿနာ ပြန့်ပွားရေး လူ ရဟန်းများ အရိယာ ဖြစ်ရေး ဆိုတဲ့အထဲကို အကုန်လုံး သုံးပါတယ်။ လိုရာသုံးပါ ဆိုတဲ့ ခေါင်းစဉ်အောက်က ငွေကြေးကိုတော့ ကျနော့် အစားအသောက်၊ အဝတ်အစား နဲ့ မိဘကို ထောက်ပံမှု၊ တရားဟော တရားပြ ကိစ္စတွေမှာ သုံးပါတယ်။ စာမူခ ပါဆိုတဲ့ ငွေကြေးကိုတော့ တခြားကိစ္စ (လိင်မှုဆိုင်ရာ ကျန်းမာရေးကိစ္စအပါအဝင်) မှာ သုံးပါတယ်။
ဒီနေရာမှာ ကျနော်က ဘုရားလက်ထက်က ဝိသာခါ နဲ့ ရှင်ပုဏ္ဏတို့ကို အားကျသူ ဖြစ်ပါတယ်။ ဝိသာခါလို့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်သလို နေတဲ့ life style နဲ့ ရှင်ပုဏ္ဏလို့ သူများတရားရအောင် ဟောတဲ့သူ ဆိုတဲ့ ဘဝမျိုးနဲ့ နေထိုင်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ စာမူခ ဆိုတာက ဘုရားတရားတော်တွေကို ဟောတာဖြစ်တဲ့အတွက် ဘုရားနဲ့ပဲ ဆိုင်ရမယ်ဆိုတဲ့ အထင်မှားကိုလဲ နည်းနည်းရှင်းပြချင်ပါတယ်။ အဲဒါကတော့ စာရေးဆရာ တယောက် မှာ စာမူခ ဆိုတာကို ခွဲခြမ်းစိတ်ဖြာကြည့်မယ် ဆိုရင် က ကြီး ခခွေး စတဲ့ စကားလုံးတွေကို မှတ်သားတတ် နားလည်တတ် စာရေးသားတတ်မှု ဆိုတာက မြတ်စွာဘုရားနဲ့ မဆိုင်ပဲ ကျနော် ငယ်စဉ်ကတည်းက မြန်မာစာ အင်္ဂလိပ်စာ သင်္ချာ အစရှိသဖြင့်တွေကို မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်း၊ တက္ကသိုလ် စတာတွေမှာ သင်ကြားလာမှုနဲ့ ဆိုင်ပါတယ်။ အဲဒီတော့ ကျနော် သုံးချင်ရာ သုံးတဲ့ စာမူခ ဆိုတာက မြတ်စွာဘုရားရဲ့ တရားတော်တွေပေါ်က ရတဲ့အကျိုးအမြတ်ကို သုံးတာ မဟုတ်ပဲ ကျနော့်ရဲ့ စာပေးရေးသားတတ်မှု ဆိုတဲ့ အတတ်ပညာ ပေါ်က ရတဲ့ ပိုက်ဆံကို သုံးတာလို့ ပြောချင်ပါတယ်။ အဲဒါကြောင့် ကျနော့်ရဲ့ ကာမဂုဏ်ကိစ္စကို ကျနော်သင်ကြားထားတဲ့ စာပေ အတတ်ပညာပေါ်ကနေ ရတဲ့ပိုက်ဆံ နဲ့ သုံးတာဟာ အင်မတန် အကျိုးအကြောင်းဆီလျှော်ပြီး ဘာပြသနာမှ မရှိလို့ ယူဆပါတယ်။ လူတိုင်းကလဲ ကာမဂုဏ်တွေ ရဖို့အတွက်ပဲ ကျောင်းတွေတက် ပညာတွေသင်ပြီးကြိုးစားခဲ့ကြတာလဲ ဖြစ်ပါတယ်။
ဒါဆိုရင်တော့ မိတ်ဆွေတို့ နဲ့ ကျနော် နောက်ထပ် ဒီကိစ္စနဲ့ပါတ်သက်ပြီး ဘာမှ ထပ်ပြီး ရှင်းပြစရာ မလိုတော့ဘူးထင်ပါတယ်။ ကျနော့်ရဲ့ အယူအဆ အရကတော့ အသက်ဆယ်နှစ်ကျော် ကတည်းက သိပ္ပံနည်းကျ အိမ်ထောင်သည် ဘဝ အစရှိတဲ့ ဆရာဝန်များရေးတဲ့ စာတွေကို ဖတ်ထားသူပီပီ၊ လိင်ကိစ္စဆိုတာက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိစ္စ မှန်ကန်သော စိတ်ထားအတွက် အထောက်အကူပေးသော ကိစ္စ အဖြစ်ပဲ ရိုးရိုးလေး မြင်ပါတယ်။ တရားဟောလို့ ဒါတွေရှောင်ရမယ် ဆိုတာ အဓိပ္ပါယ်မရှိပါ။ ဒါကို အပြစ်ကြီးတခုလို မြင်ပြီး အင်မတန် စက်ဆုပ်ရွံရှာစရာကောင်းတယ်လို့လဲမြင် ကိုယ်လဲ မရှောင်နိုင်ဆိုတဲ့ သူတွေကတော့ စိတ်ကျန်းမာရေးမကောင်းပဲ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ကြီးနဲ့ အသက်ရှင်ကြရတဲ့ အင်မတန် သနားစရာကောင်းတဲ့သူများဖြစ်တယ်လို့ နားလည်ပါတယ်။ အတိအကျသိချင်ရင်တော့ သားဖွားမီးယပ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ဆရာဝန်များကို မေးကြည့်ကြပါ။
ဒီလောက်ဆိုရင် လုံလောက်ပြီလို့ထင်ပါတယ်။ ဒီစာကို ဖတ်ပြီး တရားအားထုတ်တဲ့အလုပ် သောတာပန် ဖြစ်အောင် လုပ်တဲ့အလုပ်ကို လုပ်တော့မယ်လို့ ဆုံးဖြတ်ကြမယ့် အမျိုးသား ဥပါသကာ များကိုလဲ သာဓုခေါ်ပါတယ်။ အားလုံးပဲ ကျေးဇူးတင်ပါတယ်။


Leave a Reply