သံသရာ ဆိုတာဟာ ခန္ဓာဖြစ်စဥ်ကိုပဲ သံသရာလို့ ခေါ်တာပါ။ ခန္ဓာဖြစ်စဥ် ဆိုတာကတော့ နာမ်ရုပ် -> သဠာယတန (မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်) -> ဖဿ (ထိတွေ့မှု) -> ဝေဒနာ -> တဏှာ၊ မာန၊ ဒိဋ္ဌိ -> ဥပါဒါန် -> ကမ္မဘဝ ဆိုပြီး လည်နေတာကို ခေါ်တာပါ။ အဲဒီသံသရာ ဆိုတာမှာ နာမ်ရုပ်က ဝိပါကဝဋ်၊ တဏှာ မာန ဒိဋ္ဌိ နဲ့ ဥပါဒါန်က ကိလေသာဝဋ်၊ ကမ္မဘဝ က ကမ္မဝဋ်ပါ။ လူတွေဟာ ဝိပါက ဝဋ်ဆိုတဲ့ ခန္ဓာငါးပါးကြီးကို အကောင်းထင်နေကြပါတယ်။ လူ့ဘဝ ရောက်လို့ ဒါနလေး ပြုနိုင်တာ၊ သီလလေးစောင့်ထိန်း နိုင်တာဆိုပြီး ခန္ဓာငါးပါးကြီးကို အမွှန်းတင်ပြီး မကောင်းမှုရှောင်မယ် ကောင်းအောင်နေမယ် ဒါဆိုရင်တော့ နောင်ဘဝ ကောင်းစားမယ် ဆိုတာမျိုးနဲ့ နေကြတာ များပါတယ်။ ဒီလိုနေတဲ့ နေရာမှာလဲ အများအားဖြင့် ဒါနမှုလောက်ပဲ လုပ်ဖြစ်ကြတာ များပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သီလစောင့်ထိန်းရတာသည် ထင်သလောက် မလွယ်ကူလို့ ပါပဲ၊။ တနေ့တနေ့ ငါးပါးသီလထဲက ဘယ်နှစ်ပါးများ လုံသလဲလို့ စဥ်းစားကြည့်ပါ။ သီလစောင့်ထိန်းတယ်ဆိုတာ ထင်သလောက် လွယ်ကူမနေပါဘူး။ သူတပါးအသက်ကို မသက်ရဘူးဆိုတဲ့ နေရာမှာ ခြင်ကိုက်လို့ ရှိရင်တော့ ရိုက်မိကြတာပါပဲ။ ကိုယ့်ကို ခြင်ကိုက်တာ သည်းညည်းခံနိုင်ပါတယ်ဆိုတဲ့ သူတောင်မှ သားငယ် သမီးငယ် ရှိလို့ သူတို့ကို ခြင်ကိုက်ပြီဆိုရင် ဖြင့် သွေးပြောင်းပြန်စီးလောက်အောင် ဒေါသ ဖြစ်တယ် မရှောင်နိုင်ဘူး ဆိုပြီး ရိုက်သတ်မိတာပါပဲ။ ဒါဟာ ကိလေသာဝဋ်နဲ့ ကမ္မဝဋ် လည်တဲ့သဘောပါပဲ။ ကမ္မဝဋ် လည်ပြီဆိုတာနဲ့ နောင်ဝိပါကဝဋ်ဆိုတဲ့ ခန္ဓာငါးပါးက ကျိန်းသေနေတော့ တာပါပဲ။ ကာမေသု ကျပြန်တော့လည်း ငယ်ရွယ်စဥ်မှာ သမီးရည်းစား သဘာဝ အတွေ့ကို မလွန်ဆန်နိုင်လို့ ဆိုပြီး ဖြစ်ခဲ့ကြသူ များပါတယ်။ မုသား စကားဆိုတာကတော့ ရယ်ပွဲဖွဲ့ ပြီးတော့ကို ပြောနေတတ်ကြတာမျိုးပါ။ အရက်သေစာ မူးယစ်ဆေးဝါးကလဲ မရှောင်နိုင်တဲ့သူ များပါတယ်။
ဒါကို ပြောခြင်းဟာ အပြစ်တင်လိုတဲ့ စိတ်နဲ့ ပြောတာ မဟုတ်ပါဘူး။ သီလမလုံနိုင် ကြတော့တာကို သတိထားစေချင်လို့ပါ။ အဲဒီတော့ အများအားဖြင့် ဘာလုပ်ဖြစ်သလဲ ဆိုရင်တော့ ဒါနတော့ တတ်နိုင်သလောက် လုပ်ကြပါတယ်။ ဒါကတော့ သာဓုခေါ်ထိုက်တဲ့ ကိစ္စပါ။ ဒါပေမယ့် သူတော်ကောင်းကြီးများကတော့ နောင်ဘဝ ဝဋ်ကို တောင်းတပြီး လှူတဲ့ အလှူမျိုးကို သာဓုမခေါ်နိုင်ဘူးလို့ကို အတိအလင်း ပြောဆိုကြပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင်တော့ သံသရာရဲ့ ဆိုးရွား ယုတ်မာပုံကို ရှင်းရှင်းကြီးမြင်ကြလို့ ပါပဲ။ အကြားအမြင်နည်းသူများက သံသရာဆိုတာ ကောင်းမှုတွေလုပ်ပြီး ခံစားစရာလို့ မြင်တတ်ပေမယ် တကယ်တမ်းကျတော့ အင်မတန် ကြောက်ဖို့ကောင်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ ကောင်းမှု၊ မကောင်းမှုကို သိခြင်းဆိုတာကိုက မပိုင်တဲ့ အနတ္တတရား ဖြစ်နေလို့ပါ။ ကျနော်တို့ရဲ့ သိမှုဆိုတာသည် ငယ်စဥ်က စပြီး တွေ့ကြုံ လာရတဲ့ ပါတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုက အဓိက ဖြစ်နေလို့ပါပဲ။ ငယ်စဥ်ကတည်းက သူတော်ကောင်းတွေ ကြားထဲ ကြီးပြင်းလာရင်၊ သာသနာနဲ့ ကြုံခွင့်ရရင်တော့ ကောင်းမှု၊ မကောင်းမှုဆိုတာကို သိခွင့် ရပါတယ်။ ဒီနေရာမှာတောင် သိခွင့်ရတာပဲ ရှိပါသေးတယ်။ အမြဲဆိုသလို တိုးပွားနေတဲ့ ကိလေသာတွေရဲ့ အစွမ်း (ကိလေသာဝဋ်) ကြောင့် စိတ်အလိုလိုက်ပြီး မကောင်းမှု လုပ်မိတာမျိုး မရှောင်သာလို့ မကောင်းမှုလုပ်မိတာမျိုး ဒီလိုမျိုး အနှောက်အယှက်တွေက ကြုံရပါသေးတယ်။ အနတ္တ တရားကို ဉာဏ်မပေါက်ထားရင် အတ္တဆိုတဲ့ အယူမှားကြီးနဲ့ ပူပန်မှုတွေနဲ့ ဘဝကူးသွားရတဲ့ ကိစ္စဟာ အင်မတန် ကြောက်ဖို့ကောင်းပါတယ်။ အဲဒါကို ဝိနိပါတိက ဘေးလို့ ခေါ်ပြီး ပုထုဇဥ်တိုင်း သေခါနီးမှာ ကြုံကြရပါတယ်။ ဝိနိပါတိကဘေး ဆိုတာကတော့ အပါယ်လေးပါးကို ပရမ်းပတာ ကျရောက်တတ်တဲ့ ဘေးကို ဆိုလိုတာပါ။ ဒီဘေးဟာ ပုထုဇဥ်မှန်သမျှနဲ့ ဆက်စပ်တဲ့ ဘေးပါပဲ။ ဒါနတွေ ဘယ်လောက်လုပ်ထား လုပ်ထား သီလတွေ ဘယ်လောက်လုပ်ထား လုပ်ထား သေခါနီး နှလုံးသွင်းမှားလိုက်တာနဲ့ အပါယ်ကျဖို့ ဆိုတာ အင်မတန်လွယ်ကူပါတယ်။ လုပ်ထားတဲ့ ဒါန၊ သီလက အဟောသိကံ ဖြစ်သွားတာတော့ မဟုတ်ပါဘူး။ အကျိုးပေးခွင့်မသာလို့ အကျိုးမပေးလိုက်နိုင်တာပါ။ ဒါနဆိုတာမျိုးက တကယ်ကို အားမကိုးထိုက်တဲ့ တရားမျိုးပါ။ ဘာကြောင့်လဲဆိုတော့ သူ့အကျိုးပေးက ပေါများခြင်းအကျိုးကို ပေးတာမို့ပါ။ အစားအသောက် ပေါများတဲ့ ခွေးဘဝ၊ ဝက်ဘဝ ဆိုတာမျိုးက ဒါန အကျိုးပေးခြင်းပါပဲ။ ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ မစားရ ဝခမန်းဆိုသလို ဘယ်သူ့ကို ဘယ်လို ဒါနလုပ်လိုက်ရင်တော့ စကြဝတေးမင်း ဘယ်နှစ်ဘဝ ဆိုတာမျိုးကိုပဲ အားကျပြီး အဲလိုဖြစ်မယ်လို့ပဲ ယုံကြည်လိုက်ချင်ကြပါတယ်။ တကယ်တမ်းမှာတော့ မြတ်စွာဘုရား ဟောခဲ့တဲ့အတိုင်း သုဂတိရောက်သူဆိုတာ လက်သည်းခွံပေါ်က မြေမှုန်လောက် ရှားပါတယ်။ အပါယ်ကျသူကတော့ ပထဝီ မြေကြီးလောက် များပါတယ်။ အဲဒီလို ဖြစ်ရခြင်းဟာ ပြောခဲ့တဲ့ အတိုင်း ဝိနိပါတိက ဘေးကြောင့်ပါပဲ။ အဓိက ပြောချင်တာကတော့ ဒါနက တကယ်ကို အားကိုးစရာ ကိစ္စမဟုတ်မှန်း သိစေချင်တာပါ။
ဒီတော့ ဒါနအပြင် သီလစောင့်ထိန်းဖို့ လိုပါတယ်။ သီလစောင့်ထိန်းတာ ရှည်ကြာတဲ့သူအဖို့ကတော့ သေခါနီးမှာ ကိုယ်သီလ ဖြူစင်မှုပေါ် စိတ်ထားနိုင်ရင်ဖြင့် ကောင်းရာသုဂတိရောက်ဖို့ အခွင့်အလမ်းများ ပါတယ်။ သီလရဲ့သဘာဝကလဲ စောင့်ထိန်းတာ ကြာလေလေ အားကောင်းလေလေ ဆိုတဲ့ သဘောရှိလေတော့ သီလကတော့ နှစ်ရှည်လများ စောင့်ထိန်းထားမယ်ဆိုရင် အကျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် သီလလောက်နဲ့လဲ တင်းတိမ် နေဖို့ကတော့ မသင့်ပြန်ပါဘူး။ ဘာကြောင့်လဲ ဆိုရင်ဖြင့် တစ်အချက်က သီလကလဲ ပုထုဇဥ်မှန်သမျှ ကြုံရမယ့် ဝိနိပါတိကဘေးကို မတားနိုင်လို့ပါပဲ။ နှစ်အချက်ကတော့ ကျနော်တို့ဟာ သာသနာနဲ့ ကြုံခွင့်ရလို့သာ သီလရဲ့ကောင်းကျိုးကို သိနေကြရတာပါ။ သာသနာပ ရောက်သွားမယ်၊ တခြားသော ဘာသာဝင် ဖြစ်သွားမယ်ဆိုရင် သူတပါး အသက်သတ်တာ အပြစ်မရှိဘူး။ တိရိစ္ဆာန်အသက်ကို သတ်ရင် အပြစ်မရှိဘူး ဆိုတဲ့ အယူမျိုး ယူမိသွားရင် အပါယ်ကျိန်းသေ ကျရမယ့် သဘောဖြစ်နေလို့ပါပဲ။ အကြောင်းအကျိုးတွေ ကံတွေကို ပယ်မိတဲ့ နိယတ မိစ္ဆာဒိဋ္ဌိမျိုး ဖြစ်သွားမိလို့ကတော့ အပါယ်ကို တန်းနေတာပါပဲ။ ဒီတော့ တဘဝစာ မကြည့်ပဲ နောက်တဘဝ ကျော်လောက် ကြည့်မယ်ဆိုရင်တောင် သီလနဲ့ မလုံလောက်တာ သဘောပေါက်သင့် ပြီဖြစ်ပါတယ်။ ဒီထက် ပိုဆိုးတာကတော့ ဘုရားမပွင့်တဲ့ သုညကမ္ဘာတွေ ဆိုတာ အင်မတန်ရှည်လျှားပါတယ်။ သံသရာက မလွတ်ရင်ဖြင့် အဲဒီလို ရှည်လျှားတဲ့ သုညကမ္ဘာတွေမှာ လူဖြစ်လာလိုက် အပါယ်မှာ အကြာကြီးသွားနေလိုက်၊ လူပြန်ဖြစ်လိုက် အပါယ်ကျသွားပြန်လိုက်နဲ့ သံသရာ ခရီးဆိုတာဟာ ဒုက္ခ ဒေါမနဿ တွေနဲ့ ပြည့်နှက်နေတော့ မှာပါပဲ။ အဲဒါကြောင့်လဲ မိုးကုတ်ဆရာတော်ကြီးက သံသရာက မလွတ်ရင် လူပြည်၊ နတ်ပြည်ဆိုတာဟာ ခဏ လာလည်သလောက်ပဲ ရှိပါတယ်။ အပါယ်လေးဘုံသည်သာ ကိုယ့်အိမ် ကိုယ့်ယာ မှတ်ပါလို့ ဆုံးမတော်မူခဲ့တာပါ။ မိတ်ဆွေတို့ ကျနော်တို့ဟာ အပါယ်မှာ ဆုံခဲ့ကြဖူးသူတွေပါ။ အဲဒါဟာ တကယ့်ကို သေချာတဲ့ ကိစ္စပါပဲ။ အဲဒီတော့ လူ့ဘဝ ရောက်တုန်းမှာ၊ သာသနာနဲံ ကြုံတုန်းမှာ၊ ထောင်နိုင်တဲ့နား၊ သိနိုင်တဲ့ ဉာဏ် ရှိနေတုန်းမှာ သံသရာက လွတ်ကြောင်းကို ရှာဖွေခြင်း၊ ဘဝမှာ ကျန်သေးတဲ့ အချိန်တွေကို တရားအားထုတ်ခြင်းနဲ့ ကုန်ဆုံးစေခြင်း ဆိုတာဟာ အသက်ထက်ပိုပြီး အရေးကြီးတယ် ဆိုတာကို သိစေချင်ပါတယ်။ ဒီတော့ သံသရာက လွတ်မြောက်အောင် ကြိုးစားခြင်းသည်သာလျှင် လူ့ဘဝရဲ့ တန်ဖိုး ဆိုတာကို သေသေချာချာကြီး သဘောပေါက်ပြီး အရေးကြီးတဲ့ အရိယာ အဖြစ်သို့ရောက်အောင် ကြိုးစား အားထုတ်ကြစေချင်ပါတယ်။ ဒီခေတ်အခါမှာ ဒုက္ခတွေ များသလို တရားနဲ့ ပါတ်သက်ပြီး သိခွင့်ရဖို့၊ ဝိပဿနာ တရားကြားနာခွင့် ရဖို့ဆိုတဲ့ အထူးအခွင့်အရေး ကြီးနဲ့ ပြည့်စုံနေကြပါပြီ။ လုပ်သင့်တယ်ဆိုတာ သိဖို့နဲ့ သံသရာကို ကြောက်တတ်ဖို့ သာ အဓိက အရေးကြီးပါတယ်။
လူ့ဘဝဟာ အင်မတန် တန်ဖိုးရှိပါတယ်။ သို့သော် တကယ်တမ်း တန်ဖိုးရှိတာကတော့ သာသနာနဲ့ ကြုံရတဲ့ လူ့ဘဝကသာလျှင် တန်ဖိုး တကယ်ရှိတာပါ။ သာသနာနဲ့ မကြုံရ ဝိပဿနာတရားများ မနာကြားရ ရင်တော့ ဝိပါကဝဋ် ခန္ဓာငါးပါးကြီးပဲ ပြန်ရနေဦးမှာပါ။ ခန္ဓာရတာ ကောင်းတယ် ခံစားရတယ် စံစားရတယ်လို့ တချို့ က ထင်ပါလိမ့်မယ်။ တကယ်ပဲ ကောင်းသလား စမ်းစစ်ကြည့်ပါ။ နတ်ဘဝပဲ ဖြစ်ဖြစ် လူ့ဘဝပဲ ဖြစ်ဖြစ် ခန္ဓာရပြီ ဆိုတာနဲ့ တွယ်တာရသူ၊ ခင်မင်ရသူ ဆိုတာတွေ ရှိလာတော့ တာပါပဲ။ အဲဒီလို တွယ်တာ ခင်မင်ရသူတွေ ရှိလာတာနဲ့ ချစ်သောသူနဲ့ ကွေကွင်းရခြင်း ဒုက္ခ၊ မချစ်မနှစ်သက်သောသူနဲ့ အတူနေထိုင်ရခြင်း ဒုက္ခ၊ အိုခြင်း ဆင်းရဲ၊ နာခြင်း ဆင်းရဲ၊ သေခြင်း ဆင်းရဲဆိုတာတွေဟာလဲ ခန္ဓာရသူတိုင်း အတွက် တပါးတည်း ပါလာတဲ့ ကိစ္စတွေပါပဲ။ တန်ဖိုးရှိတဲ့ လူ့ဘဝ ဆိုတာဟာ ကြုံရတဲ့ ဒုက္ခတွေ ပေါ်မှာ အမှတ်သည်းခြေကြီးဖို့ လွတ်မြောက်ရာလမ်းကို ရှာဖို့ လိုပါတယ်။ ဘဝ တစ်ခုဖြစ်ပြီဆိုတာနဲ့ လိုချင်မှု လောဘ၊ ပျက်စီးစေလိုမှု ဒေါသ၊ တွေဝေမိုက်မဲမှုဆိုတဲ့ မောဟ ဆိုတာတွေဟာ ဟိတ်တွေ အနေနဲ့ထူထောင်လိုက်တာပဲ ဖြစ်ပါတယ်။ ဟေတု ပစ္စယောလို့ ခေါ်ပါတယ်။ ပြီးတော့ မွေးကတည်းက မိဘများက အမှားတွေ သင်တော့တာပါပဲ။ ဒါကတော့ဖြင့် မင်းအဖေပဲ မင်းအမေပဲ မင်းလက် မင်းခြေပဲ အစရှိသဖြင့် မိဘတွေဟာ ဒိဋ္ဌိဆိုတဲ့ အယူမှားတွေ သင်ကြတော့ တာပါပဲ။ ဒီထဲမှာပဲ ကာမာသဝ၊ ဘဝါသဝ၊ ဒိဋ္ဌာသဝ၊ အဝိဇ္ဇာသဝ ဆိုတဲ့ အာသဝတွေရဲ့ နှစ်မြုပ်မှုကြောင့် ပညာသင်၊ စီးပွားရှာ၊ အိမ်ထောင်သားမွေး ဘဝမှာပဲ ကျင်လည်ကြရပါတယ်။ ပြောခဲ့သလိုပဲ ချစ်ခင်သူတွေနဲ့ ကွေကွင်းရခြင်း၊ မချစ်မနှစ်သက်သူနဲ့ ပေါင်းသင်းရခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတရားတွေဟာ လောကဓံတရား ဆိုတာတွေနဲ့အတူ မလွှဲမရှောင်သာ ကြုံကို ကြုံရတဲ့ ကိစ္စတွေပါ။ လူပဲ အချိန်တန်သေတာပဲ မတတ်နိုင်ဘူး၊ သေသောသူ ကြာရင်မေ့ပဲ ဆိုပြီး အမှတ်သည်းခြေ မရှိတဲ့ စိတ်နဲ့ လွတ်လမ်းကို ရှာဖွေမယ်၊ ရှာဖွေသင့်တယ်ဆိုတဲ့ စိတ်မရှိဘဲ အလူးလူး အလိမ့်လိမ့်နဲ့ အဖန်ဖန်သေတဲ့ လမ်းကိုပဲ လူတိုင်းရွေးသွားကြတာ တွေ့ရပါလိမ့်မယ်။ သေခြင်းတရားရဲ့ ရှေမှောက်မှာ ရှာဖွေခဲ့သမျှသော လောကီ အသိဉာဏ်ပညာတွေ၊ ဂုဏ်ဒြပ်တွေ၊ ရာထူးတွေ၊ အာဏာတွေ၊ စည်းစိမ် ဥစ္စာတွေဟာ ဘာမှကို အသုံးမကျတဲ့ ကိစ္စတွေ ဖြစ်ကုန်တော့မှာကို ကြိုတင်ပြီး သိသင့်ပါလျက်နဲ့ အမေ့မေ့ အလျော့လျော့ မောဟနဲ့ အသက်ရှင်ရတာဟာ လူဖြစ်ရင်လဲ လူဖြစ်ရှုံးတာပါပဲ။ နတ်ဖြစ်ရင်လဲ နတ်ဖြစ်ရှုံးတာပါပဲ။
ဒီနေရာမှာ ပြောခဲ့တဲ့အတိုင်း မရဏာနုဿတိ ဆိုတာ အရေးပါလာပါတော့တယ်။ မြတ်စွာဘုရား သာဓုခေါ်တဲ့ မရဏာနုဿတိဟာ မျက်စိတမှိတ်အတွင်း သေသွားနိုင်တယ်လို့ ဆင်ခြင်ခြင်းပါ။ သက်တမ်းစေ့ နေရမယ်လို့ ထင်နေတာ၊ အသက်ကြီးရင်တော့ သေမှာပဲ ဆိုပြီးဆင်ခြင်မှုမျိုးကို မြတ်စွာဘုရားက သာဓုမခေါ်ပါဘူး။ အချိန်မရွေး သေသွားနိုင်တယ်ဆိုတာကို ဆင်ခြင်မိဖို့က အလွန်ပဲ အရေးကြီးပါတယ်။ အချိန်မရွေး သေသွားနိုင်တယ်လို့ ဆင်ခြင်တဲ့အခါမှာ ကိုယ်တယောက်တည်းကို မဆင်ခြင်ပါနဲ့ ကိုယ်ချစ်ခင်ရသူတွေရော ကိုယ်ရော အချိန်မရွေး သေနိုင်တယ်လို့ ဆင်ခြင်အပ်ပါတယ်။ ဒီလိုဆင်ခြင်တဲ့အခါမှာ ကိုယ်ချစ်ခင်သူတွေ သေရင် ကြုံရမယ့် သောကတွေ ပရိဒေဝ တွေ ခံနိုင်ရည်ရှိပြီလား ကိုယ်ရော သေဖို့ အဆင်သင့် ဖြစ်ပြီလား။ ဝိနိပါတိကဘေးကရော လွတ်ပြီလား။ အကုန်ငရဲသွားကြမယ် ဆိုတဲ့သဘောကို လက်ခံနိုင်ပြီလား စမ်းစစ်ကြည့်ပါ။ ငရဲကျလောက်တဲ့ လောဘ၊ ဒေါသတွေနဲ့ လွန်ကျူးထားမှုတွေ မရှိဘူးဆိုရင်တောင် မသိခြင်းမောဟ ကြောင့် တိရိစ္ဆာန်ဘဝ ရောက်သွားရင် သုဂတိပြန်ရောက်ဖို့ ဆိုတာဟာ အင်မတန် ခဲယဥ်းပါတယ်။ ဘာကြောင့်လဲဆိုတော့ တိရိစ္ဆာန်ဘဝမှာလဲ မောဟနဲ့ပဲ သေဖို့ များတဲ့အတွက်ကြောင့်ပါပဲ။ ကိုယ်က သူတပါးအသက်ကို သတ်စားရတဲ့ တိရိစ္ဆာန် ဖြစ်ခဲ့ရင်လဲ အကုသိုလ်တွေနဲ့ ငရဲပဲ ကျပါဦးမယ်။ ကိုယ်က အစားခံရတဲ့ ဘဝမျိုးဆိုလဲ တိရိစ္ဆာန်နဲ့ ငရဲပဲ ရွေးစရာ ရှိပြန်ပါဦးမယ်။ အဲဒါကြောင့် သံသရာဆိုတာ အင်မတန် ကြောက်ဖို့ကောင်းတဲ့ အကြောင်း၊ လက်ရှိရထားတဲ့ လူ့ဘဝဆိုတာ အင်မတန် တန်ဖိုးရှိပြီး တရားအားထုတ်မှုနဲ့ အချိန်ကုန်ဆုံးမှုကသာလျှင် တန်ဖိုးထားရာ ရောက်ကြောင်း၊ ဒီလို လူ့ဘဝရောက်ခိုက်မှာ မရဏာ နုဿတိကို ဆင်ခြင်ပြီး သံသရာက လွတ်လမ်းကို ရှာဖွေသင့်တဲ့ အကြောင်း ရေးသားလိုက်ရပါတယ်။ အသိ သတိ တို့နဲ့ ဆင်ခြင်တော်မူကြပါ။ ကျေးဇူးတင်ပါတယ်။


Leave a Reply