တရားအားထုတ်တဲ့ အခါမှာ ကျနော့်အတွက်တော့ ဘာကြောင့် ဘာကို လုပ်ရတယ် ဆိုတာ သိဖို့ရာက အရေးကြီးတဲ့ ကိစ္စပါ။ အဲဒီအတွက် အများကြီး ကြိုးစားခဲ့ရပါတယ်။ အဲဒါရဲ့ အဖြေကတော့ ဝိပ္ပလ္လာသ ဆိုတဲ့ တရားတွေပါပဲ။ ဝိပ္ပလ္လာသ ၁၂ ပါးဆိုတာ ရှိပါတယ်။
သညာ ဝိပ္ပလ္လာသ၊ စိတ္တ ဝိပ္ပလ္လာသ၊ ဒိဋ္ဌိ ဝိပ္ပလ္လာသ ဆိုတဲ့ သုံးမျိုးကို နိစ္စ၊ သုခ၊ အတ္တ၊ သုဘ ဆိုတဲ့ လေးမျိုးနဲ့ မြှောက်လိုက်တဲ့အခါမှာ ဝိပ္ပလ္လာသ ၁၂ ပါးဆိုတာ ဖြစ်လာတာပါပဲ။
ပုထုဇဉ်က သင်္ခါရတရားတွေ ဖြစ်တဲ့ ရုပ်နာမ် တွေပေါ်မှာ နိစ္စခေါ်တဲ့ မြဲတယ်လို့ ထင်ပါတယ်၊ သုခ ခေါ်တဲ့ ချမ်းသာတယ်လို့ ထင်ပါတယ်။ အတ္တ ခေါ်တဲ့ ငါဆိုတာ ရှိတယ်လို့ ထင်ပါတယ်။ သုဘ ခေါ်တဲ့ တင့်တယ်တယ်လို့ ထင်ပါတယ်။ (သညာ ဝိပ္ပလ္လာသပါ)။ အဲလိုပဲ စိတ်မှာ မြဲတယ်လို့ သိပါတယ်၊ ချမ်းသာတယ်လို့ သိပါတယ်၊ ငါ လို့ သိပါတယ်၊ တင့်တယ်တယ်လို့ သိပါတယ်။ (စိတ္တ ဝိပ္ပလ္လာသပါ)။ ဒိဋ္ဌိ အနေနဲ့ မြဲတယ်လို့ ယူဆပါတယ်။ ချမ်းသာမှုရှိတယ်လို့ ယူဆပါတယ်။ အတ္တရှိတယ်လို့ ယူဆပါတယ်။ တင့်တယ်မှု ရှိတယ်လို့ ယူဆပါတယ်။ (ဒိဋ္ဌိ ဝိပ္ပလ္လာသ ပါ)။
ဒီတော့ ပထမ မဂ်အတွက် ကြိုးစားတဲ့အခါမှာ အယူအနေနဲ့ မြဲတယ် ဆိုတဲ့အယူ၊ သုခ ဆိုတဲ့အယူ၊ အတ္တ ဆိုတဲ့ အယူ၊ သုဘ ဆိုတဲ့ အယူ ပျောက်သွားဖို့ လိုပါတယ်။ (ဒိဋ္ဌိ ဝိပ္ပလ္လာသမှာ စင်ကြယ်မှု လိုအပ်ပါတယ်)။ အဲဒီ အပြင် မြဲတယ်ဆိုတဲ့ အသိနဲ့ အထင်၊ အတ္တ ဆိုတဲ့ အသိနဲ့ အထင် (သညာ နဲ့ စိတ္တ ဝိပ္ပလ္လာသ) ပျောက်သွားဖို့ လိုပါတယ်။ အဲဒါကြောင့် ပထမ မဂ်မှာ အနိစ္စ ဆိုတဲ့ သဘောနဲ့ အနတ္တ ဆိုတဲ့ သဘောကို အမှန်အတိုင်း မြင်အောင် ကြိုးစား အားထုတ်ရပါတယ်။ အနိစ္စ နဲ့ ပါတ်သက်ရင် ဖြစ်ပျက်ကို ရှုမှတ်ဖို့ လိုသလို၊ အနတ္တ ဆိုတဲ့ သဘောနဲ့ ပါတ်သက်ရင် ရုပ်နာမ် ပရမတ် တရားတွေ ရဲ့ အနတ္တ ဖြစ်ပုံ (အတ္တ မဟုတ်ပုံ) တွေကို ဆင်ခြင်ဖို့ လိုပါတယ်။ အနိစ္စကို မြင်တဲ့ အခါမှာ တပါတည်း မမြဲတဲ့အတွက် မပိုင်တဲ့ အတွက် အနတ္တ ပဲလို့ တခါတည်း တွဲမှတ် သွားလို့ ရပါတယ်။ အနတ္တကို ပိုင်အောင် ဆင်ခြင်ရင်တော့ အနိစ္စကို ပြန်ပြီး ရှုမှတ်ရဦးမှာပဲ ဖြစ်ပါတယ်။
အဲဒါကြောင့် ဖြစ်ပျက် ရှုမှတ်မှုဟာ မရှိမဖြစ် လိုအပ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ သင်္ခါရတရားတွေရဲ့ အနိစ္စနဲ့ အနတ္တ ဖြစ်ပုံကို မြင်တော့မှပဲ သင်္ခါရ တရားတွေရဲ့ စက်ဆုပ်စရာ အသုံးမကျပုံ ဒုက္ခ ဆိုတာကို သဘောပေါက်မှာပါ။ အဲဒါဟာ မဂ်ကိစ္စအတွက် အရေးအကြီးဆုံး ကိစ္စပါပဲ။ သုဘ ဆိုတဲ့ အယူကနေ အသုဘ ဆိုတဲ့ အယူကို ပြောင်းရတယ် ဆိုပေမယ့် အဲဒီအတွက်တော့ အထူးတလည် ရှုမှတ်ခဲ့ရတာ မရှိပါဘူး။
တရားအားထုတ်သူ အနေနဲ့ ပထမဆုံး အယူတွေကို စင်ကြယ်အောင် ကြိုးစားရပါတယ်။ ရုပ်တွေဟာ ဖောက်ပြန် ပျက်စီးနေပြီး၊ နာမ်တရားတွေဟာ ဖြစ်ပြီး ပျက်နေပါတယ်။ အဲဒါကြောင့် သင်္ခါရနယ်မှာ မြဲတယ် ဆိုတာ ဘာမှ မရှိပါဘူး။ မမြဲ ပျက်စီးနေတဲ့ ရုပ်နာမ် တရားတွေသာ ရှိပါတယ်။ ဒါကို သိရင် အနိစ္စ ဆိုတဲ့ အယူ စင်ကြယ် တာပါပဲ။ ဒါပေမယ့်လည်း နိစ္စ ဆိုတဲ့ အသိနဲ့ အထင် ကတော့ မြဲတယ်လို့ သိနေတုန်း ထင်နေတုန်းပါ။ အဲဒါကို ပျောက်ဖို့ အတွက်ကတော့ ဖြစ်ပျက်ကို စိတ်သထက် စိတ်အောင် ရှုမှတ်ပေးရပါတယ်။ အဲဒီအခါကျတော့မှသာ ရုပ်နာမ်ဟာ ဖြစ်ပျက် သက်သက်သာ ဆိုပြီး အသိ နဲ့ အထင်တွေပါ ပျောက်သွားမှာပါ။ ဒီကိစ္စက တခါတလေမှာ တချို့အတွက် နှစ်နဲ့ချီပြီးတောင် ကြာတတ်ပါတယ်။ အနိစ္စကို အရမ်းမြင်နေပြီ အသိနဲ့ အထင်ပါ ပျောက်နေပြီ ဆိုရင်တော့ အနတ္တကို ဆက်ရှုမှတ်ဖို့ပါပဲ။ ကျနော် ပြောခဲ့ သလိုပါပဲ အနိစ္စ ကနေ အနတ္တကို မမြဲတဲ့အတွက် မြဲတဲ့ ငါဆိုတာ မရှိဘူး ဆိုတာကနေ သွားလို့ရပါတယ်။ ဒါမှ မရရင်တော့ ရုပ်နာမ် ပရမတ်တရားတွေ တခုစီကို လေ့လာ ပြီး တခုစီရဲ့ အတ္တ မဟုတ်ပုံ တနည်း ငါမဟုတ်၊ သတ္တဝါ မဟုတ်ပုံကို ဆင်ခြင် ပြီး၊ ဆင်ခြင်ဉာဏ်ရဲ့ အတ္တမဟုတ်ပုံ သတ္တဝါမဟုတ်ပုံကိုပါ သိရင်တော့ သင်္ခါရုပေက္ခာ ဉာဏ်ဆီကို တက်လှမ်း နိုင်ပါတယ်။
ဒီလောက် ဆိုရင်တော့ ပထမ မဂ်အတွက် လုပ်ရမယ့် အလုပ်ကို သဘောပေါက်ပြီ ထင်ပါတယ်။ ကျေးဇူးတင် ပါတယ်။

Leave a Reply