စနေနေ့ မနက် ၁၀ နာရီလောက်ဆိုရင် မိသားစုနဲ့ဖြစ်ဖြစ်၊ မိတ်ဆွေတွေနဲ့ဖြစ်ဖြစ် လက်ဖက်ရည်ဝိုင်းလေး ထိုင်ရင်း စကားစမြည်ပြောနေတတ်တဲ့ အချိန်ပါ။ စကားပြောနေရင်းနဲ့ပဲဖြစ်ဖြစ်၊ လက်ဖက်ရည်သောက်နေရင်းနဲ့ပဲဖြစ်ဖြစ် ကိုယ့်စိတ်က မနက်ဖြန်သွားစရာရှိတာတွေဆီ ရောက်သွားလိုက်၊ မနေ့ကဖြစ်ခဲ့တာတွေဆီ ရောက်သွားလိုက်နဲ့ ဟိုဟိုဒီဒီ လွင့်နေတတ်ပါတယ်။
အဲဒီလိုဖြစ်တိုင်း “ငါ့စိတ်တွေ လွင့်နေပြီ၊ ငါ စိတ်မငြိမ်ဘူး” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာမျိုး၊ စိတ်ကို အတင်းဆွဲချုပ်တာမျိုး လုပ်စရာ မလိုပါဘူး။
တကယ်တမ်းတော့ အဲဒီလို ဟိုဟိုဒီဒီ သိနေ၊ တွေးနေတဲ့ အရာဟာ “ငါ” လည်း မဟုတ်သလို၊ အကောင်အထည်ရှိတဲ့ အရာလည်း မဟုတ်ပါဘူး။ အကြောင်းတိုက်ဆိုင်လို့ ခဏလေး ပေါ်လာပြီး ပြန်ပျက်သွားတဲ့ “ဝိဉာဏ်” (သိစိတ်) သက်သက်သာ ဖြစ်ပါတယ်။
အတိတ်ကို လှမ်းတွေးလိုက်တဲ့အခါ သိလိုက်တဲ့ ဝိဉာဏ်လေး ဖြစ်လာပြီး ပြန်ပျက်သွားတယ်။ အနာဂတ်အတွက် ကြိုတွေးလိုက်တဲ့အခါ နောက်ထပ် ဝိဉာဏ်အသစ်လေး ထပ်ဖြစ်လာပြီး ပြန်ပျက်သွားတယ်။ ဒီလို လျင်မြန်စွာ ဆက်တိုက် ဖြစ်ပျက်နေတဲ့ သဘောတရားကိုပဲ “ငါ့စိတ်တွေ လွင့်နေတယ်” လို့ အစွဲနဲ့ သွားပြီး ပိုင်ရှင်လုပ်နေကြတာပါ။
ဒါကြောင့် လက်ဖက်ရည်ဝိုင်းမှာ ထိုင်နေရင်း စိတ်တွေလွင့်နေရင် အဲဒီ ဝိဉာဏ်လေးတွေကို အတင်းလိုက်ဖျောက်မယ့်အစား “ဪ… ဖြစ်ပေါ်လာပြီး ပြန်ပျက်သွားတဲ့ နာမ်သဘောတရားလေးတွေပါလား” လို့ အရှိကို အရှိအတိုင်း ပေါ့ပေါ့ပါးပါးလေး လေ့လာကြည့်လိုက်ပါ။ ဒါဟာ နေ့စဉ်ဘဝထဲက လက်တွေ့ စိတ္တာနုပဿနာပါပဲ။
အားလုံးပဲ အစွဲကင်းကင်းနဲ့ အေးချမ်းတဲ့ စနေနေ့ မနက်ခင်းလေးကို ဖြတ်သန်းနိုင်ကြပါစေ။

Leave a Reply