ဒီအပိုင်းမှာလဲ ဝိပဿနာ အားထုတ်တာနဲ့ ပါတ်သက်ပြီး မိတ်ဆွေအတွက် ဖတ်စရာတွေရှိပါတယ်။
အဓိကအားဖြင့်ကတော့ သင်္ခါရ ဆိုတဲ့ တရားနဲ့ သင်္ခါရဒုက္ခ ဆိုတာကို မိတ်ဆွေအတွက် ဒီအပိုင်းမှာ ရှင်းပေးပါ့မယ်။ သင်္ခါရ ဆိုတာကတော့ အကြောင်းကြောင့် ဖြစ်သော အကျိုးတရား ဆိုတာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရား ဝါဒက အတ္တဝါဒ မဟုတ်တဲ့အတွက် မိတ်ဆွေဆိုတာကလဲ မရှိမသလို အရာအားလုံးဟာ ရုပ်တရား နဲ့ နာမ်တရားတွေသာ ဖြစ်ပါတယ်။ ဘာကြောင့် ရုပ်တရားလို့ ခေါ်လဲ ဆိုတော့ ရုပ်ဆိုတာဟာ သင်္ခါရတရားထဲမှာ ပါလို့ပဲ ဖြစ်ပါတယ်။ နာမ်ဟာလဲ သင်္ခါရတရားပဲ ဖြစ်ပါတယ်။ ရုပ်ရဲ့ အကြောင်းရင်းခံ ဆိုတာကတော့ ကံ၊ စိတ်၊ ဥတု၊ အဟာရ ပဲ ဖြစ်ပြီး နာမ်ရဲ့ အကြောင်းရင်းခံကတော့ အာရုံ နဲ့ ဒွါရ ထိပါးမှုပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ကံဆိုတာနဲ့ ပါတ်သက်လို့ သိထားဖို့အတွက် နည်းနည်းပြောချင်ပါတယ်။ ကံ ဆိုတာကတော့ စေတနာ ဆိုတဲ့ သင်္ခါရက္ခန္ဓာကြောင့် ဖြစ်တဲ့ သတ္တိလေး ဖြစ်ပြီး သူဟာ နောက်ဖြစ်လာမယ့် ရုပ်တရားကို အကျိုးပေးတတ်တဲ့သဘောရှိပါတယ်။ မိမိဟာ ကောင်းတဲ့ စိတ်အစဉ်တွေပဲ ဖြစ်နေမယ် ဆိုရင် ကောင်းတဲ့ ဘဝကို ရောက်မှာ ဖြစ်ပြီး မကောင်းတဲ့ စိတ်အစဉ်တွေ ဖြစ်ခဲ့ရင်တော့ မကောင်းတဲ့ ဘဝကို ရောက်မှာပဲ ဖြစ်ပါတယ်။ သတ္တဝါဆိုတာက တကယ်မရှိပေမယ့် မိတ်ဆွေက သတ္တဝါလို့ပဲ နားလည်ဦးမှာ ဖြစ်တဲ့အတွက် အဲဒီ ပညတ်ကိုပဲ သုံးပြီး ပြောရရင် သတ္တဝါတွေ နောက်ထပ် ဘဝကို ကူးတယ် ဆိုတာဟာ ကံရဲ့ အကျိုးပေးကြောင့်ပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် မိတ်ဆွေဟာ နတ်ဖြစ်မလား၊ လူဖြစ်မလား၊ တိရိစ္ဆာန်ဖြစ်မလား၊ ငရဲသားဖြစ်မလား၊ ချမ်းသာသောမိဘကနေ မွေးမလားဖြစ်မလား၊ ရုပ်ချောသူ ဖြစ်မလား၊ ရုပ်ဆိုးသူဖြစ်မလား၊ အမျိုးမြတ်မလား၊ အမျိုးယုတ်မလား ဆိုတဲ့ ပဋိသန္ဓေ အကျိုးပေးတွေကတော့ ကံကြောင့် ဖြစ်ရတာပဲ ဖြစ်ပါတယ်။ ကံ နဲ ပါတ်သက်ပြီး ပြောရရင်တော့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်ပြီး၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်တယ်လို့ပဲ ပြောရမှာပါ။ ကောင်းတာဆိုတာကတော့ သုစရိုက်ဆယ်ပါးပဲ ဖြစ်ပြီး၊ မကောင်းတာကတော့ ဒုစရိုက်ဆယ်ပါးပဲ ဖြစ်ပါတယ်။ တချို့သော အရာတွေကိုတော့ မိတ်ဆွေကိုယ်တိုင် ရှာဖွေကြည့်ဖို့ အတွက် ချန်ထားခဲ့ချင်ပါတယ်။ ဒီနေရာမှာ ပြောချင်တာက ပဋိသန္ဓေအခိုက်မှာ ရုပ်ကို အကျိုးပေးလိုက်တာကတော့ ကံဆိုတဲ့ သတ္တိလေးပဲ ဖြစ်ပါတယ်။ မိတ်ဆွေက ဒေါသနဲ့ သတ္တဝါ တကောင်ကောင် တဦးဦးကို သတ်လိုက်တဲ့အခါမှာ မကောင်းတဲ့ဘဝကို အကျိုးပေးစရာ ကံက သတ္တိလေး သန္တာန်မှာ ကိန်းသွားခဲ့ပြီး နောက်ထပ် အကျိုးပေးဖို့ အဆင်သင့်တဲ့အချိန်မှာ အကျိုးပေးမှာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ နားလည်ဖို့လိုတာက ကံကောင်းတယ် ဆိုတာဟာ ချဲပေါက်တာ၊ ထီပေါက်တာ၊ ဖဲနိုင်တာတွေ ဆိုတာနဲ့ မဆိုင်ပဲ အဲဒါတွေကတော့ ကျပန်းနံပါတ်တွေရဲ့ အကျိုးသတ္တိပဲ ဖြစ်ပါတယ်။ ကြီးပွားချမ်းသာမှု နဲ့ပါတ်သက်ရင် ကြီးပွားချမ်းသားပြီးသား မိဘတွေဆီမှာ မွေးဖွားလာတာက ကံကြောင့် ဖြစ်နိုင်ပေမယ့် မိတ်ဆွေ ဘဝမှာ ကြီးပွားချမ်းသာခြင်း ရှိမရှိဆိုတာကတော့ ကံနဲ့ မဆိုင်ပါဘူး။ သမ္ပဒါတရားလေးပါး ဆိုတဲ့ မိတ်ဆွေကောင်းရှိခြင်း၊ အလုပ်ကြိုးစားခြင်း၊ အလုပ်ကျွမ်းကျင်ခြင်း နဲ့ ရန်သူမျိုးငါးပါး မနှောက်ယှက်နိုင်အောင် တားဆီးနိုင်ခြင်း ဆိုတာတွေနဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် တရားအားထုတ်ရင် သီလတွေ လုံခြုံသွားပြီး ကံတွေကောင်းလာတယ် ဆိုတာဟာ ရုပ်ပေါ်မှာ အကျိုးပေးသာ ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ ဉာဏ်ရည်နဲ့ ကျန်းမာရေးအတွက် အထာက်အပံ့ပေးနိုင်သော ရုပ်တွေသာ ဖြစ်နိုင်ပြီး ကြီးပွားချမ်းသာခြင်းနဲ့တော့ မဆိုင်ဘူး ဆိုတာပါပဲ။ ဒီနေရာမှာ ဘုန်းဆိုတာ ဘုန်းကံကြီးတာလို့ အမျိုးမျိုးသုံးနေပေမယ့် လူသိများ ကြော်ကြားခြင်းဆိုတာကလဲ ကံနဲ့ မဆိုင်ပြန်ပါဘူး။ အဲဒါကတော့ ပါတ်ဝန်းကျင်လူအများရဲ့ ကိလေသာနဲ့ မိတ်ဆွေရဲ့ စိတ်ကူးတွေပေါ်ကနေသာ ဖြစ်လာတဲ့ အကျိုးရလာဒ် တခုဖြစ်ပါတယ်။ ဗုဒ္ဓဟာ ကမ္မဝါဒ (အရာရာတိုင်းဟာကံကြောင့်ဆိုတဲ့ဝါဒ) မဟုတ်ပါဘူး။ အနတ္တဝါဒသာ ဖြစ်ပါတယ်။ တရားအားထုတ်တဲ့ သူအနေနဲ့ကတော့ သံသရာမှာ လုပ်ခဲ့တဲ့ အပြစ်တွေအကုန်လုံးကျေပျက်သွားဖို့အတွက် တနည်းအားဖြင့် မဂ်ဖိုလ်ရတဲ့အခါ ကောင်းတဲ့စိတ်အစဉ်တွေသာ ဖြစ်တော့တာမို့ မကောင်းတဲ့ကံသတ္တိများအကျိုးပေးခွင့်မသာတော့ပဲ အပါယ်လေးပါးက အပြီးလွတ်ဖို့ အတွက် ကြိုးစားခြင်းဆိုလဲ မမှားပါဘူး။ ဒီတော့ ဒီနေရာမှာ ပြောချင်တာက မိမိရဲ့ စိတ်ဖြစ်တဲ့ နာမ်ကိုလဲ ကံက တိုက်ရိုက်အကျိုးမပေးနိုင်ပါဘူး။ ကံက ရုပ်ကိုသာ အကျိုးပေးပြီး (ရုပ်ဖြစ်ရတဲ့ အကြောင်းခံသည် ကံ၊ စိတ်၊ ဥတု၊ အဟာရ) ဖြစ်ပြီး ကောင်းမွန်တဲ့ ရုပ်ကြောင့် ခိုင်ခန့်တဲ့ စိတ်သဘောသတ္တိတွေတော့ ဖြစ်လာနိုင်ပါတယ်။ အဲဒီတော့ အရာရာကို ကံကို ပုံမချဖို့ အဓိက ပြောလိုခြင်းပါပဲ။ အရာရာ ကံကို ပုံချလိုက်ရင်တော့ မိတ်ဆွေရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေဟာ အောက်တန်းကို ကျသွားမှာ ဖြစ်ပါတယ်။
ဒီတော့ ပြောချင်တာကတော့ သင်္ခါရတရားအကြောင်းပါ။ ရုပ်ဟာ သင်္ခါရတရားဖြစ်သလို နာမ်ဟာလဲ သင်္ခါရတရားပါပဲ၊ ရုပ်ဟာ ကံ၊ စိတ်၊ ဥတု၊ အဟာရ ရဲ့ အကြောင်းကြောင့် ဖြစ်ရတာမို့ သင်္ခါရတရားလို့ ခေါ်တာဖြစ်ပြီး နာမ်ကတော့ အာရုံ ဒွါရကြောင့် ဖြစ်ရတာမို့ သင်္ခါရတရားလို့ ခေါ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ နာမ်ကြောင့် ရုပ်ဖြစ်ရတာကိုတော့ ရုပ်ဖြစ်ရခြင်းအကြောင်းထဲက စိတ် ကိုရည်ညွှန်းပါတယ်။ စိတ်ဆိုတာကတော့ နာမ်ပါပဲ။ ဥပမာ မိတ်ဆွေမှာ လက်လှုပ်ရှားလိုမှု ဆိုတဲ့ သဘောလေးဖြစ်မယ် အဲဒီကမှ စေတနာလေး ဖြစ်မယ် ဆိုရင် လက်မှာ လေရုပ်တွေ ပေါ်လာပြီး လက်ဟာ လှုပ်ရှားမှုဖြစ်တာပါပဲ၊ လက်လှုပ်ရှားမှုဖြစ်တဲ့အခါမှာ မြင်စိတ်ဆိုတာက အာရုံ ဒွါရတိုက်ခြင်းကြောင့် ဖြစ်ပြီး နောက်ထပ်လှုပ်ရှားလိုမှု ဖြစ် သို့မဟုတ် ရပ်တန့်လိုစိတ် ကိုင်လိုစိတ် ဖြစ် ဒီလို လည်ပါတ်နေပါတယ်။ ဒီတော့ ရုပ်နာမ် လောကကြီးဟာ တကယ်ဆိုရင် အကြောင်းကြောင့် အကျိုးဖြစ်၊ အကျိုးကပဲ အကြောင်းပြန်ဖြစ်ပြီး နောက်ထပ် အကျိုးကို ဖြစ်စေ၊ ဒီလိုလည်ပါတ်နေတာပါ။ ဒါကြောင့်လဲ သင်္ခါရ ကနေ သင်္ခါရ ဆိုပြီး သင်္ခါရတရားများ မဆုံးနိုင်အောင် လည်ပါတ်နေတယ်လို့ ပြောရင် မမှားပါဘူး။ အဓိက သိရမှာကတော့ အဲလို သင်္ခါရ တရားတွေ အဆက်မပြတ် လည်ပါတ်နေခြင်းဆိုတာကို သဘောပေါက်ပြီး ဒီလိုလည်ပါတ်နေခြင်းဟာ စက်ဆုပ်စရာလဲ ကောင်းတယ်၊ ဘာမှ အသုံးကျတာလဲ မရှိဘူးဆိုတာကို သိဖို့ပါ။ ဒါကိုတော့ သင်္ခါရ ဒုက္ခလို့ခေါ်ပါတယ်။
ဒါကို သိပြီဆိုရင် မိတ်ဆွေဟာ အရင်က အတ္တအယူနဲ့ ဘယ်လောက်ပဲ ကောင်းမွန်လှပါတယ် ဆိုတဲ့ တတ်သိနားလည်မှု၊ အများအကျိုးဆောင်မှု၊ အကောင်းဆုံးသော ကာမဂုဏ်ခံစားမှု ဆိုတာတွေကို သုခလို့ ထင်နေပေမယ့် တကယ်တမ်းမှာတော့ သံသရာမှာ သင်္ခါရတရားများ အဆက်မပြတ်လည်ပါတ်ခြင်းကလွဲလို့ ထူးခြားတဲ့ အဓိပ္ပါယ်မရှိဘူးဆိုတာကို သိဖို့ပါပဲ။ အများအကျိုးဆောင်မှု၊ လောကအကျိုးကို မပျက်စီးစေမှု ဆိုတာတွေက ကောင်းမွန်တဲ့ ကုသိုလ်တွေ ဖြစ်ပေမယ့် တကယ်တော့ သံသရာလည်စေတဲ့ သင်္ခါရတရားတွေသာ ဖြစ်တဲ့အတွက် မက်မောစရာ မဟုတ်ပါဘူး။ အဲလိုပဲ အဲဒီကရတဲ့အကျိုးဆိုတာကလဲ ပျက်စီးတတ်တဲ့ သင်္ခါရတရားသာ ဖြစ်တဲ့အတွက် မက်မောစရာ မဟုတ်ပါဘူး။ ဒီနေရာမှာ သင်္ခါရ တရားတွေဟာ အကြောင်းကြောင့် ဖြစ်တဲ့ အကျိုးအားလျော်စွာ ပျက်စီးတတ်တယ် ဆိုတဲ့သဘောက ပါပြီးသား ဖြစ်ပါတယ်။ အကြောင်းကလဲ သင်္ခါရတရားမို့ ပျက်စီးတတ်ပြီး၊ အကျိုးကလဲ သင်္ခါရတရားမို့ ပျက်စီးတတ်တာကြောင့် လောကဆိုတာက သတ္တဝါဆိုတာတွေ မရှိပဲ သင်္ခါရတရားတွေ ဖြစ်ပြီးပျက်နေတာသာ ရှိတာလဲ ဖြစ်ပါတယ်။ ဒီလို သင်္ခါရ တရားတွေ ဖြစ်ပြီး ပျက်နေခြင်းသာ ရှိတယ် ဒါဟာလဲ စက်ဆုပ်စရာ အသုံးမကျတာ သက်သက်သာ ဆိုတဲ့ ဉာဏ်အမြင်ပေါက်ရင်တော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တမှာ ဒုက္ခကို သဘောပေါက်ခြင်းပါပဲ။ ဒီလို သဘောပေါက်မှုမှာ မကျေနပ်မှုဆိုတဲ့ ဒေါမနဿ မပါပဲ တရားသူကြီးတယောက်က ဘက်မလိုက်ပဲ ဆုံးဖြတ်လိုက်သလိုမျိုး အရာရာဟာ ဒုက္ခသာ ဖြစ်တယ် ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ မဂ်ဉာဏ်ပါပဲ။ ဒီနေရာဟာ အင်မတန်ထူးခြားပြီး မိတ်ဆွေကို ရောက်စေချင်တဲ့ နေရာလဲ ဖြစ်ပါတယ်။
ဒီလို သင်္ခါရတရားတွေပေါ်မှာ အဆက်မပြတ်ဖြစ်နေတဲ့ တွယ်ငြိစိတ်ကတော့ နိစ္စဆိုတဲ့ မှတ်သားမှု အသိ အယူ၊ အတ္တ ဆိုတဲ့ မှတ်သားမှု အသိ အယူ တွေပေါ်မှာ အခြေခံထားတာဖြစ်တာမို့ နိစ္စနဲ့ အတ္တအယူကနေလဲ မိတ်ဆွေ ကင်းလွတ်ဖို့လိုပါတယ်။ ဆိုရိုးရှိတာကတော့ အနိစ္စ၊ ဒုက္ခ၊ အနတ္တမှာ တခုခုကို အဆုံးထိမြင်ရင် ကိစ္စပြီးတယ် လို့ပြောပေမယ့် မြတ်စွာဘုရားလက်ထက်မှာ ကျွတ်တမ်းဝင်သွားသူ အများစုကတော့ အနိစ္စကို မြင်ပြီး ကျွတ်တမ်းဝင်သွားကြတာ များပါတယ်။ (ဒါကတော့ ဗဟုသုတပါ)။ မိုးကုတ်ဆရာတော်ကြီး ဟောလေ့ရှိတဲ့ ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မုန်း၊ ဖြစ်ပျက်ဆုံး ဆိုတာကတော့ ဒုက္ခကို အဓိကထားပြီး ရှုသွားပြီး မဂ်ဖိုလ်ကျတာကို ပြောတာလဲ ဖြစ်ပါတယ်။ အောင်လံဆရာတော်ရဲ့ မဟာပလ္လင်စတာတွေတော့ ဒုက္ခကို စက်ဆုပ်စရာ အသုံးမကျခြင်းသက်သက်သာ ဆိုတဲ့ တရားသူကြီး ဆုံးဖြတ်တာမျိုး မဟုတ်ပဲ ဒေါမနဿပါ ပါနေတဲ့ မခံသာမှုကို သည်းညည်းခံခြင်းကနေသွားတာမို့ မဂ်ဖိုလ်အတွက် အကျိုးမပေးဘူးလို့ပဲ အတိအလင်း ပြောပါရစေ။ အတ္တမဟုတ်ကြောင်းကို ဆင်ခြင်တဲ့နည်းနဲ့သွားဖို့ ဦးမောင်မောင် အယူအဆတွေကလဲ မှားယွင်းမှုသက်သက်သာ ဖြစ်ပါတယ်။ တရားအားထုတ်တယ် ဆိုတာဟာ စိတ်ကူးထဲမှာ ရုပ်နာမ်တွေကို ပုံဖော်ပြီး စိတ်ကူးအာရုံကို ရှုမှတ်ရတာမဟုတ်ပဲ မှတ်သားစိတ်၊ မှတ်မိစိတ်၊ ပုံဖော်လိုစိတ်၊ စတာတွေ မျက်စိနဲ့ မြင်ရတဲ့ တပါးသူရဲ့ ရုပ်နာမ် ခန္ဓာတွေကို လက်တွေ့ကျကျ သတ္တဝါမဟုတ်ကြောင်း နားလည်အောင် ကြိုးစားရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အာရုံ မှာထင်တဲ့ အရိပ်ပေါ်မှာ အတ္တမဟုတ်မှန်းသိရင် ကိစ္စပြီးပြီဆိုတဲ့ ဦးမောင်မောင်ရဲ့ အယူတွေကလဲ မှားယွင်းနေတယ် ဆိုတာကို တပါတည်းပြောချင်ပါတယ်။
ဒီလောက်ဆိုရင်တော့ မိတ်ဆွေအနေနဲ့ တရားအားထုတ်တဲ့ ကိစ္စရော မဂ် ဖိုလ် ဆိုတာ ဘယ်လို၊ ဘယ်လိုကျရမယ် ဆိုတာနဲ့ ပါတ်သက်လို့ရော အတော်ကြီးရှင်းလင်းသွားပြီ ထင်ပါတယ်။ မိတ်ဆွေ လုပ်ရမယ့် အလုပ်ကို အတိုချုပ်ပြောရင်တော့ မိမိရဲ့ ရုပ် သို့မဟုတ် ဝေဒနာ သို့မဟုတ် ဝိဉာဏ် သို့မဟုတ် သညာ၊ သင်္ခါရ တို့အပေါ်မှာ အနိစ္စအချက်၊ ဒုက္ခအချက်၊ အနတ္တအချက်ကို အထပ်ထပ်အခါခါ မြင်အောင် ကြိုးစားပြီး တရားသူကြီးတယောက်လို ဆင်ခြင်ပြီး ဆုံးဖြတ်ချက်ချပေးနေဖို့ပါပဲ။ ဒီလို ဆုံးဖြတ်ချက်ချပေးနေတာတွေဟာ မိတ်ဆွေအတွက် နစ်နစ်နဲနဲ ဆုံးဖြတ်နိုင်လေလေ သညာက ကောင်းမွန်စွာ မှတ်ယူလေလေ ဖြစ်တာမို့ မှတ်သားမှုတွေပြောင်းလာပြီး သညာဝိပ္ပလ္လာသ၊ စိတ္တာဝိပ္ပလ္လာသ၊ ဒိဋ္ဌိ ဝိပ္ပလ္လာသ တွေကနေ ကင်းလွတ်ပြီး နောက်ဆုံး လောကမှာ တခုခုကတော့ သုခ ဖြစ်လိမ့်မယ် ဆိုတဲ့အယူ ကုန်သွားတဲ့အခါ မိတ်ဆွေအတွက် မဂ်ဖိုလ် ဆိုက်ရောက်လာမှာပါပဲ။ ဒီလိုပြောတဲ့အခါ နိဗ္ဗာန်ကတော့ ဒုက္ခပဲလားဆိုရင်တော့ မဟုတ်ပါဘူး။ နိဗ္ဗာန်ဆိုတာက ရုပ်နာမ်ကနေ ကင်းလွတ်တဲ့ တရားဖြစ်ပြီး ဒီတရားကတော့ သင်္ခါရတရားမဟုတ် ဝိသင်္ခါရတရား (အကြောင်းကြောင့် ဖြစ်ခြင်းမဟုတ်) ဖြစ်တဲ့အတွက် ခိုင်မြဲပါတယ်။ ခိုင်မြဲတာ ဖြစ်တဲ့အတွက် ချမ်းသာပါတယ်။ ဒါပေမယ့် သူကလဲ တရားတခုသာ ဖြစ်ပြီး ဘယ်သူ့အတွက် ဘယ်သူ့နိဗ္ဗာန်ဆိုတာမျိုး ကွဲပြားခြားနားမှု မရှိတာ ဖြစ်တဲ့အတွက် အတ္တမဟုတ်ပါဘူး။ အနတ္တ တရားပါပဲ။ မိတ်ဆွေ အနေနဲ့ အနှစ်ချုပ် မှတ်ချင်ရင်တော့ သဗ္ဗေ သင်္ခါရာ အနိစ္စာ (သဗ္ဗေ- အလုံးစုံသော၊ သင်္ခါရာ- သင်္ခါရတရားတို့သည်၊ အနိစ္စာ – မမြဲ)ဆိုတာရယ်၊ သဗ္ဗေ သင်္ခါရာ ဒုက္ခာ (သဗ္ဗေ- အလုံးစုံသော၊ သင်္ခါရာ -သင်္ခါရတရားတို့သည်၊ ဒုက္ခာ -စက်ဆုပ်စရာ အသုံးမကျတာတွေသာ ဖြစ်သည်) ဆိုတာရယ်၊ သဗ္ဗေ ဓမ္မာ အနတ္တာ(သဗ္ဗေ အလုံးစုံသော၊ ဓမ္မာ – သင်္ခါရ၊ ဝိသင်္ခါရ တရားတို့သည်၊ အနတ္တာ – အတ္တမဟုတ်ကြကုန်)ဆိုတာ မှတ်သားထားနိုင်ပါတယ်။ ဒီသုံးချက်ကို အတိအကျနဲ့ ဉာဏ်ပေါက်ပြီဆိုရင် မိတ်ဆွေဟာ မဂ်ဖိုလ် ကျပြီးသူ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဝိသင်္ခါရ ဆိုတဲ့ နိဗ္ဗာန်တရားဟာ မိတ်ဆွေ အရာရာမှာ သုခ မရှိဘူးဆိုတာကို ဆုံးဖြတ်ချက် အပြီးကျတဲ့အချိန်မှသာ နားလည်နိုင်တဲ့ တရားဖြစ်လို့ပါပဲ။ ဒီတော့ ဒါကို နားလည်အောင် ဦးတည်ချက်ထားပြီး ကြိုးစားစေလိုပါတယ်။
နောက်အပိုင်းမှာတော့ အတ္တဝါဒ ဆီကို တစေ့တစောင်း ပြန်သွားမှာ ဖြစ်တာမို့ ဆက်ပြီး ဖတ်ဖို့ ဖိတ်ခေါ်ပါရစေ။


Leave a Reply