ဒိဋ္ဌုပါဒါန် ဆိုတာဟာ အယူ အမျိုးမျိုးကို ဆိုလို တာ ဖြစ်ပါတယ်။ အခု တွင်ကျယ်နေတဲ့ အနန္တော အနန္တငါးပါး ဆိုတဲ့ စကားကြောင့် ငါတို့ဟာ ရတနာ သုံးပါးနဲ့ တတန်းတည်း လို့ မှတ်ယူ ထားတာဟာ ဒိဋ္ဌုပါဒါန်ပါ။ ဒါဟာ ဘာကြောင့် ဖြစ်တာလဲ ဆိုတော့ သံဃာ ရတနာ လို့ ကိုယ်မှားယွင်းစွာ မှတ်ယူထားတဲ့ ပုထုဇဉ် ရဟန်းများက ဟောတာကို မှန်တယ်ဆိုပြီး သဒ္ဓါတရားနဲ့ ယုံကြည်စွာ နှလုံးသွင်းခဲ့လို့ပါ။

ဟောတဲ့ ရဟန်းတွေက ပုထုဇဉ်တွေမို့ ဘုရား မပညတ်တာကို မပညတ်အပ်ဘူး ဆိုတဲ့ အကြောင်းနဲ့ ပါတ်သက်ပြီး လေးလေးနက်နက် နားမထောင်တဲ့ ကိစ္စကတော့ ပြသနာ အားလုံးရဲ့ အစပဲ ဖြစ်ပါတယ်။

အဲဒီတော့ သုတဝါ အရိယာ သာဝကော ဆိုတဲ့အတိုင်း အရိယာ ရဲ့ သာဝကများ အနေနဲ့ကတော့ ပုထုဇဉ် ဖြစ်သော်လည်း မှန်ကန်တဲ့ အယူတော့ ရှိဖို့လိုပါတယ်။

အနန္တော အနန္တ ငါးပါး ဆိုတာနဲ့ ပါတ်သက်ပြီး နည်းနည်း ပြောပါရစေ။ မိဘ နဲ့ ဆရာ ဆိုတာဟာ ဘုရားနဲ့ တဂိုဏ်း တည်းဆိုတဲ့အယူအဆပါပဲ။ အဲဒီတော့ ဘုရားနဲ့ တဂိုဏ်းတည်းလို့ ပြောနိုင်တာက အရိယာ သံဃာ များပါဝင်တဲ့ ရတနာသုံးပါးသာ ဖြစ်ပါတယ်။ ဘာကြောင့်ဒီလို ပြောရလဲ ဆိုတော့ အရိယာ သံဃာများရော မြတ်စွာဘုရားပါ တူညီတဲ့ အချက်က လောကုတ္တရာ တရားများ ဖြစ်နေခြင်းပါ။ လောကုတ္တရာ တရား ဆိုတာ ကိုးပါး ရှိပါတယ်။ မဂ်လေးတန် ဖိုလ်လေးတန် နဲ့ နိဗ္ဗာန် ပါ။ ဒါကြောင့်လဲ ရတနာ သုံးပါးဟာ အလေးအမြတ် ပြုအပ်တာ ဖြစ်ပါတယ်။

ဒါပေမယ့် မိဘ နဲ့ ဆရာမှာ ဘုရားနဲ့ တူတာ ဘာရှိလဲ ဆိုတာကို ရှာကြည့်မယ် ဆိုရင်တော့ မေတ္တာ တရား တို့ ကျေးဇူး တရား တို့ စတာတွေကို ပြောချင် ပြောနိုင်ပါလိမ့်မယ်။ ဒီတော့ ဒါကိုပဲ ခွဲခြမ်း စိတ်ဖြာ လေ့လာကြည့်ရ အောင်ပါ။ မိဘ မေတ္တာ ဆိုတာဟာ ဒိဋ္ဌိ ဦးစီးတဲ့ မေတ္တာ ဖြစ်ပါတယ်။ ဒိဋ္ဌိ ဆိုတာ ကိလေသာပါ။ ဘုရား ရဟန္တာ များဆိုတာ ကိလေသာ ကင်းစင်သူတွေပါ။ အောက်ဆုံး မဂ်က စလို့ ဒိဋ္ဌိ ကိလေသာ ကင်းစင်တာပါ။ ဒါကြောင့် ကိလေသာ ဦးစီးတဲ့ အချစ် မေတ္တာ ဆိုတဲ့ တရားတွေကို ဘုရား ရဟန္တာ တို့မှာ ဖြစ်တဲ့ မေတ္တာ နဲ့ နှိုင်းယှဉ်လို့ မရပါဘူး။

အဲဒီတော့ ကျေးဇူးတရားကို ထပ်ကြည့်ရအောင်ပါ။ မိဘ နဲ့ ဆရာ ဆိုတဲ့ နေရာမှာ လောကုတ္တရာကို ကျေးဇူး မပြုတဲ့ ဆရာဆိုရင် မိဘ ဆိုရင် အားလုံးဟာ လောကီကျေးဇူးတရားတွေပါ။ မိဘ တွေက မွေးပေးတဲ့ ကျွေးတဲ့ စောင့်ရှောက်တဲ့ ကျေးဇူးရှိပြီး ဆရာတွေကတော့ လောကီပညာကို သင်ပေးတဲ့ ကျေးဇူးရှိပါတယ်။ လောကုတ္တရာ ကိုကျေးဇူးပြုတဲ့ မိဘ ဆရာ ဆိုရင်လဲ လောကုတ္တရာ တရားဆိုတာဟာ မြတ်စွာဘုရား ရဲ့ ကျေးဇူးသာ ဖြစ်တဲ့ အတွက် ထည့်သွင်းစဉ်းစားလို့ မရပါဘူး။ အဲဒီတော့ လောကီ ကို ကျေးဇူးပြုတဲ့ လောကီ ကျေးဇူးတရား နဲ့ သံသရာက လွတ်အောင် လုပ်ပေးတဲ့ မြတ်စွာဘုရားရဲ့ ကျေးဇူး တရားဆိုတာဟာ မနှိုင်းသာ မယှဉ်သာတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

အဲဒီတော့ ဘုရား ရဟန္တာ များပါဝင်တဲ့ ရတနာ သုံးပါးမှာ မိဘ နဲ့ ဆရာ ဆိုတာဟာ တူညီတာ ဘာမှ မရှိဘူး ဆိုတာကို သဘောပေါက်ဖို့ လိုပါတယ်။ ဒါဆိုရင် တဂိုဏ်းတည်း ဆိုတဲ့ အယူအဆကို စွန့်ဖို့သာပဲ ရှိပါတော့ တယ်။

အဲဒါ ဆိုရင် ငါတို့ သားသမီးကို ကျွေးမွေး စောင့်ရှောက်ခဲ့တာတွေက အလကား ဖြစ်ကုန်လား ဆိုတော့ စေတနာ သည် ကံ ဖြစ်သည် ဆိုတဲ့အတိုင်း မိမိတို့ရဲ့ စိတ်စေတနာ ကောင်းရင် ကောင်းသလောက် ကောင်းတဲ့ ကံတွေဟာ ဖြစ်ပြီးပါပြီ။ မကောင်းမှု ဟာ မကောင်းကျိုးပေးတတ်သလိုပဲ ကောင်းမှုဟာလဲ ကောင်းကျိုး ပေးတတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် သားသမီးဆီက တပြန်ဆိုတာကို အတင်း တောင်းဆိုနေစရာ မလိုပါဘူး။ ကျေးဇူး သိတတ် ခြင်းဟာ မင်္ဂလာ တရားဖြစ်တယ် ဆိုတာကို သဘောပေါက်အောင် သင်ပေးထားရင်ပဲ အရိယာ တို့ ရဲ့ ချီးမွမ်းမှု ကို အလေးအနက်ထားတဲ့ သားသမီးများ ဖြစ်တယ် ဆိုရင် ကိုယ့်အတွက် မလိုအပ်တဲ့ အပို မှားယွင်းတဲ့ မာန်မာနကြီးနဲ့ အပါယ်ကို မသွားစေချင်ပါဘူး။ မှားယွင်းတဲ့ မာန်မာန နဲ့ ဖြစ်တဲ့ ကိစ္စတွေဟာ အပါယ်ကို အကျိုးပေးတတ်ပါတယ်။ အသူရကာယ်ကို အကျိုးပေး တတ်ပါတယ်။

အဲဒီတော့ ကျနော့်အနေနဲ့က ဒီလို မိဘတွေ ဆရာတွေနဲ့ ပါတ်သက်ပြီး ရတနာ သုံးပါးနဲ့ လာမရောပါနဲ့ လို့ သေသေချာချာ ပြောနေရခြင်းက မိဘတွေ ဆရာတွေ သားသမီးတွေ တပည့်တွေ အားလုံးရဲ့ အကျိုးအတွက် ပြောနေရတာပါ။

ဝိပဿနာ အားထုတ်နည်းနဲ့ ပါတ်သက်လို့ ကျေနပ်လောက်အောင် ရေးပြီးသကာလမှာ အရိယာ သာဝကော ဖြစ်ချင်တဲ့သူတွေ အယူ မမှားစေလိုတဲ့အတွက် အရေးကြီးတဲ့ ကိစ္စကို ပြောနေရတာ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *