ပြောချင်တာလေး တခုရှိပါတယ်။ ကျနော့်အနေနဲ့ တရားကို ဆင်ခြင်ပြီး စာရေးတဲ့အခါမှာ စာဖတ်သူများမှာ အကျိုးရှိတာလေးတွေ ရှိပါတယ်။ အဲဒီအခါမှာ ကျနော့်ကို ကျေးဇူးတင်တယ်၊ စာကောင်းကောင်းလေးတွေ ထွက်တယ်လို့ ပြောပေမယ့် တကယ်တမ်းမှာတော့ တရားတော်တွေက မြတ်စွာဘုရား လေးသင်္ချေနဲ့ ကမ္ဘာတသိန်း ပါရမီဖြည့်ပြီးမှ ရလာတဲ့ တရားတော်တွေ ဖြစ်ပါတယ်။ ကျနော်ရေးသမျှ တရားတော်တွေ အားလုံးရဲ့ မူလ ပိုင်ရှင် အစစ်အမှန်သည် မြတ်စွာဘုရားသာ ဖြစ်ပါတယ်။
သာသနာတွင်းမို့သာ မိတ်ဆွေတို့ ဒီလိုတရားတွေ ကြားနာခွင့်ရတာ ဖြစ်တဲ့အတွက် ကျနော့်ကို ကျေးဇူးမတင်ပါနဲ့။ သာသနာတွင်းဖြစ်နေတာကို ကျေးဇူးတင်ပါ (မရှိတော့ပြီ ဖြစ်သော တရားတော်များကို ခန္ဓာနဲ့ သယ်ဆောင်လာသော အရိယာရဟန်းတော်များ အစဉ်အဆက် နဲ့)။ တရားတော်တွေရဲ့ ပိုင်ရှင် အစစ်အမှန် ဖြစ်တဲ့ မြတ်စွာဘုရားကိုသာ ကျေးဇူးတင်ကြပါ။ ကျနော့်ကျေးဇူးလို့ မအောက်မေ့ပါနဲ့ မြတ်စွာဘုရား လေးသင်္ချေနဲ့ ကမ္ဘာတသိန်း ပါရမီ ဖြည့်ခဲ့တဲ့ စွန့်လွှတ်ခဲ့တဲ့ ကျေးဇူးကို အောက်မေ့ကြပါ။
ကျနော်ဆိုတာသည် အရင် အရင် ဘဝတွေမှာလဲ ဖြစ်မြောက်လောက်တဲ့ ဘာကောင်းမှုမှ မလုပ်ထားတဲ့ မြတ်စွာဘုရားကို ဖူးခွင့်မရတဲ့ ဟိုးအဝေးကြီးက သဲမှုန်လေး ကို ဆယ်ခြောက်စိတ် တစိတ်လောက်သာ ဖြစ်ပါတယ်။ အရာရာဟာ မြတ်စွာဘုရားရဲ့ ကျေးဇူးတော် တွေသာ ဖြစ်ပါတယ်။


Leave a Reply