နှစ်နဲ့ချီပြီး အကြောင်းအရာတွေကို တွေးတောတာဟာ ခက်ခဲသလို၊ အဲဒီ အတွေးတွေပေါ်ကနေပြီး ရလာတဲ့ ကောက်ချက်တွေ၊ ခံစားချက်၊ ခံယူချက်တွေ၊ အကျိုးကျေးဇူးတွေ၊ ဦးတည်သင့်တာတွေ၊ တန်ဖိုးထားတွေကို လူတွေပြန်ပြီး နားလည်နိုင်အောင် ရေးဖို့ဆိုတာကလဲ တကယ်တော့ ခက်ခဲတဲ့ အလုပ်ပါပဲ။

ရလာတဲ့ အတွေးတခုကတော့ လူတွေဟာ ကြောက်စရာကောင်းလောက်အောင် တွေးဖို့ဆိုတာကို မေ့လျော့နေကြပြီး အသက်အရွယ်တခုမှာတင် ခိုင်မာပြီး အနှစ်သာရမရှိတဲ့ အယူအဆတွေကို ခေါင်းထဲမှာ သံမှိုစွဲသလို လက်ခံထားကြတယ် ဆိုတာပါပဲ။ ဒီလို ဖြစ်ရတဲ့ အကြောင်းထဲက တချက်ကတော့ လုံလောက်တဲ့ အင်တာလက်ကျုရယ် မရှိတာပါပဲ။ အင်တာလက်ကျုရယ် (Intellectual) ဆိုတာကို အလွယ်ပြန်လိုက်ရင်တော့ ဉာဏ်ရည် ဉာဏ်သွေးလို့ ခေါ်တာပါပဲ။ လူတွေအနေနဲ့ လူဘဝရဲ့ အဓိပ္ပါယ်ကို ရှာဖွေတယ် ဆိုတာက တကယ်တော့ ဖြစ်သင့်တဲ့ ကိစ္စပါ။ ဒါပေမယ့်လည်း မေတ္တာတရားသည်သာ ဘဝအဓိပ္ပါယ်ဆိုတာမျိုး၊ အချစ်သည်သာ ဘဝ အဓိပ္ပါယ်ဆိုတာမျိုး၊ ငွေကြေး ချမ်းသာမှုသည် ဘဝအဓိပ္ပါယ်ဆိုတာမျိုး ဒီလို ခပ်ပေါပေါ အဖြေတွေနဲ့ပဲ ဘဝကို အလွယ်တကူ ဖြတ်သန်းကြတာ များပါတယ်။ တခါတလေမှာ စိတ်မကောင်းစရာ ကောင်းလောက်အောင်ကို ဘဝ အဓိပ္ပါယ်ဆိုတာ လူအများစုရဲ့ ထောက်ခံမှုကို ရဖို့ဆိုတာမျိုး စဉ်းစားသွားကြတတ်ပါတယ်။

လူဆိုတာနဲ့ ပါတ်သက်ရင် ကျနော်တို့က စဉ်းစားကြပြီ ဆိုတဲ့အခါမှာ ဘာတွေကို တကယ်သိထားသလဲ ဆိုတာဟာ မဖြစ်မနေထည့်စဉ်းစားရမယ့် ကိစ္စပါပဲ။ ကျနော်တို့ဟာ မွေးလာကတည်းက ကိုယ့်ရဲ့ အမြင်အာရုံ၊ အကြားအာရုံ စတဲ့ အာရုံခြောက်ပါးမှာ ကိုယ်တိုင်ကြုံတွေ့လာရတာတွေကပဲ ကိုယ်တကယ်သိတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။ သမိုင်းဆိုတာတွေဟာ မပြည့်စုံဘူး ဖြစ်တတ်သလို သိပ္ပံပညာ ဆိုတာကလဲ တခါတလေမှာ မှားယွင်းတတ်ပါတယ်။ ဒါပေမယ့် သိပ္ပံပညာဆိုတာကတော့ ကျနော်တို့ရဲ့ နားလည်မှုတွေကို ချဲ့ထွင်တဲ့နေရာမှာ မဖြစ်မနေ အားကိုးရမယ့် ပညာရပ်တခုလဲ ဖြစ်ပါတယ်။

ဒီအချိန်မှာ ပြန်ကြည့်လိုက်ရင် ကျနော်တွေးခဲ့တယ် ဆိုတာကလဲ အဖြေတခုကို လိုချင်တာရှိခဲ့ပေမယ့် သဘောကျလှစရာ အစီအစဉ်နဲ့သွားခဲ့တာ မဟုတ်ပါဘူး။ အဲဒီမှာ မောဟ ဆိုတာဟာ ပါလာတော့တာပါပဲ။ လူတွေဟာ (သတ္တဝါတွေဟာ) တွေးတဲ့အခါမှာ နိစ္စဆိုပြီး ကိုယ့်ဟာကိုယ် ခိုင်မြဲတယ် ဆိုတဲ့ အယူအဆရှိနေကြပါတယ်။ အဲလိုပဲ အရာရာဟာ သို့မဟုတ် တခုခုဟာ သို့မဟုတ် တချို့ကိစ္စတွေဟာ သုခတွေပဲ ဆိုတဲ့ အယူလဲရှိပါတယ်။ တွေးနေတာက ငါ ပေါ့ဆိုတဲ့ အတွေးလဲ ရှိကြပါတယ်။ ဒါကြောင့်လဲ (ငါတွေးသည် ထို့ကြောင့် ငါရှိသည်) ဆိုတဲ့ နာမည်ကြီးတဲ့ စကားပေါ်လာ ခဲ့တာပါပဲ။ ဒါတွေဟာ တွေဝေမှု၊ မိုက်မဲမှု ဆိုတဲ့ မောဟ ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ရုပ် နဲ့ နာမ် လို့ခေါ်တဲ့ မိမိတို့ရဲ့ ရုပ်တွေနဲ့ စိတ်တွေဟာ တည်မြဲတယ် ဆိုတာဟာ မရှိလို့ပါပဲ။ အဲဒီလိုပါပဲ ဒီလိုမတည်မြဲတဲ့ ရုပ်နာမ်တွေ ဖြစ်တဲ့အတွက်လဲ ရုပ်နာမ်မှာ သုခ ဆိုတာဟာ မရှိပါဘူး။ ဖြစ်သမျှဟာ ပျက်ခြင်းမှာ အဆုံးသတ်နေတာ ဖြစ်တဲ့အတွက် ဘယ်ဟာကိုမှ သုခလို့ နာမည်တပ်လို့ မရပါဘူး။ တနည်းအားဖြင့် အရာအားလုံးဟာ ဒုက္ခသာ ဖြစ်ပါတယ်။ လူသားဟာ အရာအားလုံးဟာ ဒုက္ခဆိုတာကို သိတဲ့အခါမှာ တွေးတောမှုတွေဟာ ရပ်သွားတာပါပဲ။ ဘာကိုမှ လိုချင်စရာ မရှိတော့ဘူး ဆိုတဲ့ အခါမှာ တွေးတောချင်စိတ်နဲ့ သိမှုကနေ ရတဲ့စိတ်ကျေနပ်တယ် ဆိုတဲ့ သဘောလေးကိုပဲ သုခလို့ မယူဆတော့လို့ပါပဲ။ ဒါပေမယ့်လည်း ဒီလို ဒုက္ခဆိုတာကို အယူအဆ အနေနဲ့ပဲ အမှားအမှန်ကို သဘောပေါက်သေးပြီး မှတ်သားမှုနဲ့ သုခလို့ သိမှု ဆိုတဲ့ ခံစားမှု မကုန်သေးတဲ့အတွက် ကျနော့်အနေနဲ့က အဖြေထွက်အောင် တွေးနေခဲ့မိတယ်ပဲ ပြောရမှာပါပဲ။ ဒီနေရာမှာ တွေးခြင်းဖြစ်တယ် ဆိုတာဟာ မှန်ပေမယ့် ကိုယ်တွေးနေတာ မဟုတ်တဲ့အတွက် ကိုယ်ဆိုတာ မရှိဘူးဆိုတဲ့ အယူကတော့ အနတ္တဝါဒ ပဲ ဖြစ်ပါတယ်။

ကျနော့်အနေနဲ့က သောတာပန် ဖြစ်ခဲ့တဲ့ ဖြစ်နေတဲ့ အရိယာ ဆိုတာထဲမှာ ပါဝင်ပြီး အနှစ်သာရအားဖြင့် အနတ္တဝါဒကို ခန္ဓာသိ သိမြင်ထားတာ ဖြစ်ပေမယ့်လည်း ကျနော့်အတွက်က သောတာပန် ဖြစ်ပြီးတဲ့အချိန်ထိ အဖြေမထွက်တဲ့ တွေးစရာတွေ ရှိနေခဲ့ပါတယ်။ အဲဒါတွေကိုတော့ စရိုက် ဝါသနာလို့ ခေါ်ရမှာလဲ ဖြစ်ပါတယ်။ တကယ်တော့ အရိယာဆိုတာဟာ အေးအေးချမ်းချမ်း ဖြစ်သွားတဲ့ သဘောပါပဲ။ လောဘတွေဟာ နဂိုရှိရင်းထက် စာရင် လေးပုံတပုံလျော့သွားမယ်၊ ဒေါသကလဲ လေးပုံတပုံလျော့သွားတာ ဖြစ်ပြီး မောဟကတော့ သုခ ဆိုတာနဲ့ သုဘ ဆိုတဲ့ အထင်နဲ့ အယူက လွဲရင် ကျန်တာတွေ ကင်းစင်သွားတာပါ။ သောတာပန်ဆိုတာနဲ့ပါတ်သက်ရင် ဘာသာတရားရဲ့ အဆုံးအမတွေအရ အလွန်ကြီးကျယ်တဲ့ အဖြစ်လို့ ပြောထားပြီး ဒီအပေါ်မှာပဲ ကြီးကျယ်တဲ့ စကားတွေ သဘာဝလွန် ဖြစ်ရပ်တွေနဲ့ မွှန်းထုံထားကြတာ ဖြစ်ပြီး တကယ့် တကယ်ကတော့ လောဘ၊ ဒေါသ နဲ့ မောဟ လျော့နည်းသွားတာကသာ ကြီးကျယ်တဲ့ အဖြစ် ဖြစ်ပါတယ်။ ကျနော့်တို့ဆီမှာ ဗုဒ္ဓဘာသာ ဆိုပြီး ဘာသာတရားရဲ့ သဘာဝတွေကို သိမ်းသွင်းယူငင်ထားတဲ့ သဘော ရှိနေကြတဲ့အခါမှာတော့ လူတွေဟာ သဘာဝလွန် ဖြစ်ရပ်တွေနဲ့ သောတာပန် ရဲ့ အဖြစ် အရိယာရဲ့ အဖြစ်ကို ဂုဏ်တင်နေကြတာပါ။ ဒါတွေဟာ လုံးဝ မရှိဘူးလား ဆိုတော့ မရှိဘူးလို့ မပြောချင်ပါဘူး။ လောဘ၊ ဒေါသ၊ မောဟ ပုထုဇဉ်နဲ့ နှိုင်းယှဉ်လို့မရအောင် လျော့နည်းတဲ့ သံသရာက လွတ်ခြင်းဆိုတဲ့ အဖြစ်ဟာ တချို့သော သတ္တဝါတွေ အတွက် လိုလားစရာ ချည်းကပ်စရာ ဖြစ်ပြီး ဒီလို သတ္တဝါတွေထဲမှာ လူတွေရဲ့ အာရုံခံစားမှု ငါးမျိုးကနေ လွတ်တဲ့ သတ္တဝါတွေလဲ ပါပါတယ်။ ဒါကတော့ လောကရဲ့ လွတ်လမ်းဖြစ်တဲ့အတွက် စိတ်ဝင်စားကြသူတွေ ရှိတဲ့သဘောပါပဲ။ ဒါပေမယ့်လည်း ဒါတွေဟာ တခြားသော ဘာသာတရားတွေလို ကောင်းကင်ဘုံလို့ခေါ်တဲ့ နတ်တွေရဲ့ စည်းစိမ်ချမ်းသာတွေ လာပေးမှု၊ သဘာဝလွန် စောင့်ရှောက်မှုတွေ ရတာ မဟုတ်ပဲ ကိလေသာ နည်းပါးသွားတဲ့ အဖြစ်ကြောင့် သိမှု အဆင့်မြင့်တက်သွားမှုကြောင့် တရားနာတယ်လို့ခေါ်တဲ့ အတွေ့အကြုံနဲ့ လမ်းကြောင်းပေါ်မှာ သိချင်ကြမှုပါ။ ဒီနေရာမှာ နတ်ဆိုတာနဲ့ ပါတ်သက်လို့ နည်းနည်း နားလည်အောင် ပြောပြချင်ပါတယ်။ ဒါနဲ့ ပါတ်သက်ရင် ဒါဝင်သီအိုရီ ဆိုတာနဲ့ သတ္တလောက ဆိုတာကို ချန်လှပ်ထားလို့မရတဲ့အတွက် ဒါတွေကို ပြည့်စုံအောင် ဆက်ပြောပါ့မယ်။

ကျနော်တို့အနေနဲ့က လူသားဆိုတာနဲ့ ပါတ်သက်ရင် သိပ္ပံပညာရဲ့ တွေ့ရှိချက်ဆိုတာကို လျစ်လျူရှုလို့ မရပါဘူး။ သိပ္ပံပညာမှာပဲ ပြန်ပြီး အဖြေရှာဖို့ လိုအပ်ပါတယ်။ အဲဒါကတော့ ဒါဝင် သီအိုရီပါ။ ဒါဝင် သီအိုရီအရ သတ္တဝါတွေဟာ တဆင့်တဆင့် သဘာဝရွေးချယ်မှု အရ ပြောင်းလဲနေတယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဒီလို တဆင့်ကနေ တဆင့် သဘာဝရွေးချယ်မှု ဆိုတာကတော့ အဖြေထုတ်မရတဲ့ အပိုင်းဖြစ်ပြီး ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ ပုံသဏ္ဍာန်ပေါ်ကနေ တည်ဆောက်ထားတဲ့ ဖြစ်နိုင်တဲ့ ရုပ်ဆင်းတွေ၊ ကာဗွန်ဒိတ်တင်းလို့ခေါ်တဲ့ ကာဗွန်ပေါ်ကနေပြီး ကြာမြင့်ခဲ့တဲ့ အချိန်ကိုတွက်ချက်မှုတွေ ကတော့ အချက်အလက်တွေ ဖြစ်ပါတယ်။ ဒီနေရာမှာ သဘာဝ အရ ရွေးချယ်မှု ဆိုတာကတော့ ဘာကြောင့် ဒီလို ရုပ်ကြွင်းတွေကနေ ဒီလိုလူတွေ ဖြစ်လာရသလဲ ဆိုတာတွေကို မသိကြတဲ့အခါမှာ ဒီလိုဖြစ်နိုင်တယ် ဆိုပြီး သဘာဝ ဆိုတဲ့ ရေရာမှုမရှိတဲ့ စကားကို သုံးပြီး သဘာဝ ရွေးချယ်မှုလို့ သတ်မှတ်လိုက်တာပါပဲ။ တနည်းအားဖြင့် အလိုလိုနေရင်း ဖြစ်လာတယ်လို့ ပြောလိုခြင်းပဲ ဖြစ်ပါတယ်။ နောက်ထပ် အဓိပ္ပါယ်ကတော့ ဘယ်သူမှ သေချာမသိဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ လူဆိုတဲ့ မျိုးနွယ်စုဟာ မျောက်တွေနဲ့ တူညီတဲ့ ရှေးဘိုးဘွားတွေက တဆင့် ဆင်းသက်လာတယ် ဆိုတဲ့ အဖြေဟာ ဒီ သဘာဝ ရွေးချယ်မှု ဆိုတဲ့ စကားပေါ်မှာ အများကြီး မှီခိုနေပါတယ်။ လူတွေနဲ့ သတ္တဝါတွေမှာ ဒီအင်အေ လို့ခေါ်တဲ့ ဆဲလ်တွေကို တည်ဆောက်တဲ့ ပုံစံတွေ ရှိပါတယ်။ ဒါတွေဟာ တကယ်တော့ မတူညီ ကြပါဘူး။ခရိုမိုဇုန်း ဆိုတာဟာ သတ္တဝါတွေနဲ့ သစ်ပင်တွေရဲ့ ဆဲလ်တွေမှာ ပါဝင်တဲ့ တည်ဆောက်ပုံ တမျိုးဖြစ်ပြီး သူတို့ဟာ ပရိုတိန်းနဲ့ ဒီအင်အေ တို့နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဲဒါဟာ သတ္တဝါတွေ အပင်တွေမှာ မျိုးစိတ်ကို သတ်မှတ်တဲ့ အရာပါပဲ။ ဒီနေရာမှာ သတ္တဝါတွေ အပင်တွေဟာ အမျိုးအစား တခုကနေ တခုကို အဲဒီ ခရိုမိုဇုန်းတွေရဲ့ အလိုအလျောက်ပြောင်းလဲမှု (ပါတ်ဝန်းကျင် ပေါ်မှာ လိုက်လျောညီထွေရှိအောင် ပြောင်းလဲမှု – သဘာဝ ရွေးချယ်မှု) နဲ့ ပြောင်းလဲတယ်လို့ ယူဆထားကြတာလဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါနဲ့ပါတ်သက်ပြီး အတိအကျ ပြောနိုင်တာကတော့ သစ်ပင်တွေပဲ ဖြစ်ပါတယ်။ သစ်ပင်တွေမှာ အမျိုးမတူတဲ့ အပင်တွေ ပေါင်းစပ်တဲ့အခါမှာ မတူညီတဲ့ ပုံသဏ္ဍာန်တွေ ဖြစ်လာတယ်လို့ ယူဆ ရာကနေပြီး ဒါဝင်သီအိုရီ ဆိုတာဟာ ဖြစ်လာတာပါ။ ဒါဟာ တရာ ရာခိုင်နှုန်းမှန်တယ်လို့ ပြောဖို့ရာ ခက်ပါတယ်။ အဲဒါကတော့ ပထမအချက်အနေနဲ့ သစ်ပင်တွေနဲ့ လူတွေ (သက်ရှိသတ္တဝါတွေ) ဆိုတာဟာ သဘာဝ မတူညီ တာကြောင့်ပါပဲ။ ဒီအပြင် နောက်တချက်က လူတွေရဲ့ ဆဲလ်တွေဟာ စက်ရုံတွေလို အလုပ်လုပ်ပါတယ်။ စက်ရုံတွေ လို လုပ်တာဖြစ်တဲ့အတွက် အသေးစိတ် ပြန်ကြည့်လိုက်ရင် အထဲမှာ အလုပ်လုပ်နေကြတာဟာ ခလုပ်တွေ တနည်းအားဖြင့် စက်တွေလိုပဲ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ အပြောအရတော့ ကြွက်ထောင်ချောက်လိုမျိုးလို့ ပြောကြပါတယ်။ ဆိုလိုတာက ကြွက်ထောင်ချောက်တခုဟာ ခလုပ်တခုကို ထိမယ် မောင်တံက ကျလာမယ် ဆိုတာမျိုး အမြဲ ဖြစ်နေမှာ ဖြစ်ပြီး ဒါကို ပါတ်ဝန်းကျင်လိုအပ်ချက်အရ ပြောင်းလဲသွားဖို့ဆိုတာဟာ မဖြစ်နိုင်လို့ပါပဲ။ ဒီတော့ လူတွေ သတ္တဝါတွေရဲ့ အသေးဆုံး အစိတ်အပိုင်းကို ကြည့်မယ်ဆိုရင် အလုပ်တခုတည်းကို လုပ်တဲ့ အလွန်ရိုးရှင်းတဲ့ စက်အသေးစားလေးတွေလို ဖြစ်နေတဲ့အတွက် ဒါတွေဟာ ပြောင်းလဲသွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောလိုတာပဲ ဖြစ်ပါတယ်။ ဒီတော့ လူသားဟာ ဘယ်လိုပဲ ဉာဏ်ရည်နိမ့်ကျခဲ့ပါစေ လူသားသာ ဖြစ်ပြီး မျောက်ကတော့ အစကတည်းက မျောက်ပါပဲ။ ဒါဟာ ဒါဝင်သီအိုရီကို ငြင်းဆိုတဲ့ သိပ္ပံပညာရှင်များရဲ့ အယူအဆပဲ ဖြစ်ပြီး ကျနော်ကတော့ ဒါဝင် ရဲ့ သဘာဝ ရွေးချယ်မှု ဆိုတာထက် မပြောင်းလဲနိုင်တဲ့ စက်သေးသေးလေးတွေ ဆိုတဲ့ အယူအဆကို ပိုပြီး လက်ခံပါတယ်။ ရှေးခေတ် လူနဲ့ သဏ္ဍာန်အားဖြင့် တူတယ် ဆိုတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ကွန်ပျုတာ စီဂျီအိုင်နဲ့ အသားဖြည့်တင်းကြည့်တဲ့ ဟာတွေဟာ အချက်အလက်တွေ ဖြစ်ပြီး လူသားဆိုတာဟာ အင်မတန်ကိုပဲ ညံဖျင်းတဲ့ ဘဝကနေ လာတယ်ဆိုတဲ့ အယူအဆကိုတော့ အတိုင်းအတာ တခုထိ လက်ခံရမှာပဲ ဖြစ်ပါတယ်။ လူတွေမှာ အဖြစ်မှန်နဲ့ အနီးစပ်ဆုံး ပြောနိုင်တာက သမိုင်းတွင်ပြီး ခေတ်သာ ဖြစ်ပါတယ်။ ဒီတော့ လူတွေဟာ ဘီးကိုတီထွင်လာနိုင်ခဲ့တယ်၊ စက်ဆိုတာတွေကို တီထွင်လာနိုင် ခဲ့တယ် ဆိုတာတွေဟာ လူသား ဆိုတဲ့ မျိုးနွယ်စုရဲ့ အောင်မြင်မှုတွေပဲ ဖြစ်ပါတယ်။ တချိန်ကတော့ လူတွေဟာ ကျောက်တုံးတွေနဲ့ ဂူတွေထဲမှာ နေခဲ့တယ် အဲဒီအရင်က သစ်တောအုပ်တွေထဲမှာ နေခဲ့တယ် ဆိုတာတွေကတော့ ဖြစ်နိုင်တဲ့ အချက်တွေပါပဲ။ ဒီနေရာမှာ ကျနော်တို့ သိတဲ့အချက်အလက် ဆိုတာတွေဟာ အကန့်အသတ်ရှိနေဆဲ ဖြစ်ပြီး တရာ ရာခိုင်နှုန်း အမှန်တရား ဆိုတာကိုတော့ ရှာဖို့ မလွယ်ကူပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သမိုင်းမတွင်ခင် ခေတ်ဆိုတာဟာ ရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတော့ ကျနော်တို့ဟာ ကောင်းကင်သည်သာလျှင် ကန့်သတ်ချက်ရှိတယ် ဆိုတဲ့သဘောနဲ့ စိတ်ကူးယဉ်မှန်းဆမှုအမျိုးမျိုးကို လုပ်နိုင်ပါတယ်။ တချို့တွေရဲ့ အဆိုအရ တခြားကမ္ဘာကို ပြောင်းသွားခဲ့တဲ့ လူတွေထဲက ကျန်ခဲ့တဲ့ သူတွေ ဆိုတာမျိုးလဲ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ဒါပေမယ့်လည်း ဒီနေရာမှာ ကျနော် ရပ်တည်လို့တဲ့ အချက်ကတော့ လူဆိုတာဟာ အစကတည်းက လူပဲ ဖြစ်ပြီး မျောက်ကတော့ အစကတည်းက မျောက်ပါပဲ။ တနည်းအားဖြင့် စဉ်းစားတွေးခေါ်နိုင်မှု (တနည်းအားဖြင့် အမောဟ ဆိုတာ ဖြစ်နိုင်စွမ်းရှိတဲ့) သတ္တဝါအမျိုးအစားဟာ လူ နဲ့ လူထက် အဆင့်မြင့်သော သတ္တဝါများသာ ဖြစ်ပါတယ်။ တိရိစ္ဆာန်ဆိုတာကတော့ သင်ယူမှု သင်ကြားမှု ဆိုတာတွေကို လုပ်နိုင်တယ် ထားဦးတော့ လူကဲ့သို့ စဉ်းစားနိုင်စွမ်း တွေးခေါ်နိုင်စွမ်း အဖြေထုတ်နိုင်စွမ်း မိမိရဲ့ မသိမှုဘောင်ကို ကျော်လွန်နိုင်စွမ်း ဆိုတာတွေမှာ ဘယ်သောအခါမှ လူကို မှီမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ စက်အသေးလေးတွေလို အလုပ်လုပ်နေကြတဲ့ ဆဲလ်တွေဟာ ဉာဏ်ရည်ကို တည်တံနိုင်စွမ်းရှိအောင် ထိန်းထားဖို့ဆိုတာမျိုးဟာ သဘာဝ ရွေးချယ်မှုနဲ့ မဖြစ်နိုင်လို့ပါပဲ။ ဒါဆိုရင် လူသားမျိုးနွယ်ဘာကြောင့် တိုးတက်လာခဲ့သလဲ ဆိုရင်တော့ ကြံစည်မှု ဆိုတဲ့ ဝီစိကိစ္ဆာ ဆိုတာနဲ့ လောဘ ဒေါသ မောဟ တွေကြောင့်ပါပဲ။ လောဘ ဆိုတာဟာ လိုချင်မှု သဘော ဖြစ်ပြီး လိုချင်မှု ဆိုတာဟာ အမျိုးမျိုးရှိပါတယ်။ ပိုပြီး အလုပ်သက်သာအောင် သူတပါးထက် သာအောင် လုပ်ချင်မှု ဆိုတာကလဲ လောဘဖြစ်ပြီး ဒီလောဘကပဲ လူသားတွေကို ကျောက်တုံးတွေထဲကနေပြီး တိုက်တာတွေနဲ့ နေတဲ့ဘဝဆီကို ပို့ဆောင်ပေးတယ်လို့ ပြောရမှာပါပဲ။ ဒါပေမယ့်လည်း မောဟ ဦးစီးတဲ့ လောဘရဲ့ သဘောဟာ အဆုံးမသတ်နိုင်လောက်အောင် ကြီးမားပြီး ဒီလောဘတရားကြောင့်ပဲ လူသားတွေဟာ တဦးကို တဦးဖျက်စီးကြတဲ့ အဖြစ်ကို ရောက်ကြရတာပါပဲ။ ဒီအပြင် လူသားတွေဟာ တဦးကို တဦး အတွေးအခေါ် အတွေ့အကြုံတွေကို မျှဝေမှု ဆိုတဲ့ အလောဘ တရား နဲ့ တဦးကို တဦးမပျက်စီးစေလိုမှု ဆိုတဲ့ အဒေါသ တရားကြောင့်လဲ တိုးတက်လာခဲ့ ကြပါတယ်။ ဒီနေရာမှာ လောဘ၊ အလောဘ၊ ဒေါသ၊ အဒေါသ၊ မောဟ ဆိုတဲ့ တရားတွေဟာ လူတွေမှာရော တိရိစ္ဆာန်တွေမှာရော ဖြစ်နိုင်ပေမယ့် အမှန်သိခြင်း ဆိုတဲ့ အမောဟ ဆိုတဲ့ တရားကတော့ လူနဲ့ လူထက် အဆင့်မြင့်တဲ့ သတ္တဝါတွေမှာပဲ ဖြစ်နိုင်ပါတယ်။

ဒီတော့ လူနဲ့ လူထက် အဆင့်မြင့်တဲ့ သတ္တဝါတွေမှာပဲ ရှိနိုင်တဲ့ စဉ်းစားတွေခေါ်နိုင်မှု၊ အသိပညာ၊ အတတ်ပညာ တတ်စွမ်းနိုင်မှု၊ ဉာဏ်ရည် ဉာဏ်သွေး ဆိုတာတွေနဲ့ ပါတ်သက်ပြီး နည်းနည်း ဆက်ပြောချင်ပါတယ်။ ဒါတွေကတော့ ကျနော်တို့အတွက် မြင်သာတဲ့ အခြေအနေဟာ ရှိနေပြီးသားပါ။ မျောက်တွေဟာ ဘယ်သူကမှ အတင်းအကျပ်မလုပ်ဘူးဆိုရင် သစ်ပင်တွေပေါ်မှာပဲ အဝတ်မဝတ်ပဲ နေထိုင်ကြပေမယ့် လူသားတွေရဲ့ အနုပညာ အပါအဝင် တီထွင်မှုတွေကတော့ အင်္ဂါဂြိုဟ်ပေါ်သွားဖို့ထိ ကြံစည်နေနိုင်လောက်တဲ့အထိ တိုးတက်နေတာပါပဲ။ ဒါပေမယ့်လည်း လူသားဟာ လူသားမျိုးနွယ်စု တိုးတက်ရေး ဆိုတာကို အချိန်တခုမှာ မေ့သွားခဲ့သလို ဖြစ်နေပါတယ်။ လူတွေဟာ ဘီးကို တီထွင်ခဲ့ကြတယ်။ အဲဒီဘီးဆိုတာကို တဦးတယောက် တစုတဖွဲ့တည်း ကောင်းဖို့မဟုတ်ပဲ လူသားမျိုးနွယ်စု တခုလုံး တိုးတက်ရေးအတွက် အသုံးချခဲ့ကြတာပါပဲ။ ဒါဟာ လူသားမျိုးနွယ်စု တိုးတက်လာခြင်းရဲ့ အခြေခံ အကြောင်းအရာ ဖြစ်ပါတယ်။ တနည်းအားဖြင့် လူအများအတွက် မိမိရဲ့ ဉာဏ်ပညာကို အသုံးချခြင်းလို့ ပြောနိုင်ပါတယ်။ ဒီအခြေခံ အကြောင်းအရာကို ပိုက်ဆံ ဆိုတဲ့ စနစ်ကို တီထွင်ပြီးသွားတဲ့အခါမှာ လူသားတွေဟာ မေ့လျော့သွားတယ်လို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘီးကို တီထွင်တုန်းက မျှဝေခဲ့ပေမယ့် လူတိုင်းက လိုက်လုပ်ခဲ့ကြပေမယ့် ဉာဏ်ပညာ တိုးတက်ဖို့ ဆိုတာကိုတော့ လူတိုင်းက လိုက်မလုပ်ကြတော့ပါဘူး။ လူသားဟာ ဘာတွေနဲ့ အချိန်ကုန်နေသလဲ ဆိုရင်တော့ အာရုံခြောက်ပါး ခံစားမှုတွေကို ပြည့်စုံအောင် ဖြည့်ရင်း ကုန်ဆုံးနေတယ်လို့ ပြောရမှာပါ။ ဒီလို ဖြည့်ဖို့အတွက် ပြည့်စုံဖို့အတွက်က ပိုက်ဆံ ဆိုတဲ့ စနစ်အောက်မှာ လည်ပါတ်နေကြတာ ဖြစ်တဲ့အတွက် တဦးကို တဦး အပြိုင်အဆိုင် သာအောင် ကြိုးစားရင်း ခေတ်မမှီသေးတဲ့ လူသားတွေကို မေ့ပစ်လိုက်ကြပါတယ်။ မတူညီမှု ကွဲပြားမှုတွေကို တူညီစွာ အားလုံး (လူသားမျိုးနွယ်စုတခုလုံး) ခံစားဖို့ဆိုတာထက် မိမိနဲ့ မိမိ မိသားစု၊ မိမိလူမျိုး သူတပါးထက် သာလွန်စွာ ကာမဂုဏ် ခံစားနိုင်ရေးကိုပဲ အလေးပေး လာခဲ့ကြပါတယ်။ ဒီလို အယူအဆတွေရဲ့ ဒုက္ခပေးမှုတွေကို စစ်ပွဲပေါင်းများစွာ နဲ့ လူတွေဟာ တွေ့ကြုံခဲ့ကြခဲ့ရပေမယ့်လည်း ဒီနေအချိန်ထိ ဒီအမှားတွေကနေ မသင်ယူနိုင်ကြသေးပါဘူး။ (ဆက်ပါဦးမယ်)


Leave a Reply

Your email address will not be published. Required fields are marked *