သောတာပန် အဖြစ်နဲ့ ပါတ်သက်ပြီး မကျေနပ်တာတွေ တိုက်ခိုက်တာတွေနဲ့ ပါတ်သက်ပြီး ပထမ ဆုံးပြောချင်တာက စိတ်မဆိုးဘူးဆိုတာပါပဲ။ တခါတလေ ဒေါသဖြစ်ပေမယ့် စိတ်ဆိုးတယ် ဆိုတာမျိုး မဖြစ်ပါဘူး။ အမှတ်အတေးလဲ မရှိပါဘူး။ သင်္ခါရတရားတိုင်းဟာ စက်ဆုပ်စရာ အသုံးမကျတာတွေချည်းသာ ဖြစ်တယ်ဆိုတာကို ကောင်းကောင်းသိထားတဲ့ သောတာပန်တယောက် အနေနဲ့ ဘယ်သင်္ခါရမှ ထူးပြီး အလွန်အကျွံ ရင်ခုန်တယ် ဆိုတာမရှိပါဘူး။ ဆင်ခြင်လိုက်ရင် အကုန်လုံးက တန်းတူတွေပဲမို့ ဘာမှ မဖြစ်ပါဘူး။
ဒါပေမယ့် ပြောချင်တာကတခုက လောဂျစ်ပါ။ ကျနော်က လောဂျစ်နဲ့ပဲ တွေးတတ်တော့ အခုကျနော့်ကို စိတ်ဆိုးတာတွေ မကျေနပ်တာတွေ အစရှိတဲ့ ကိစ္စတွေ အကုန်လုံးက လောဂျစ်အရ မှားနေတယ် ဆိုတာတော့ ပြောချင်တယ်။
ပထမဆုံး သောတာပန် အဖြစ်ကိုမဟုတ်ပဲ လိမ်ပြောထားတယ် ထင်တဲ့ အုပ်စု ဆိုပါစို့။ ပထမဆုံး လုပ်ရမှာကတော့ ကိုယ်သောတာပန် ဖြစ်အောင်လုပ်၊ ပြီးရင် ကျနော့်စာတွေကို ပိဋကတ်နဲ့ အရိယာဉာဏ်တွေနဲ့ စမ်းစစ်ပြီး အမှားတွေကို သေချာအောင် စု ပြီးရင် ဝိနိစ္ဆယ တင် ဒါဆို ကိစ္စပြီးသွားတာပဲ။
နောက်တခုက ကျနော် လူသိများတာကို မကျေနပ်ဘူး။ ကျနော့်ကို အားပေးသူရှိတာကို မကျေနပ်ဘူးဆိုရင်လဲ လူဆိုရင် အနာဂါမ်လောက် ဖြစ်အောင်လုပ်လိုက်၊ ရဟန်းဆိုရင်လဲ ရဟန္တာဖြစ်အောင်လုပ်လိုက်။ ပြီးရင် အနာဂါမ်တို့ ဟောအပ်တဲ့ တရားတွေဟော၊ ရဟန္တာတွေ ဟောအပ်တဲ့ တရားတွေဟော လူတွေက သောတာပန် တရားထက် အနာဂါမ်တရားတို့ ရဟန္တာတရားတို့ ပိုနာချင်လာမှာပဲ။ အဲဒီတော့ အခုကျနော့်စာဖတ်နေသူတွေ အကုန်လုံးက အနာဂါမ်တွေ ရဟန္တာတွေဆီ ရောက်လာမှာပဲ။ အဲဒါဆိုလဲ အဆင်ပြေသွားတာပေါ့။
ဒါမှမဟုတ် ကျနော်သောတာပန်ဆိုတာ လက်ခံတယ်။ သောတာပန် ဖြစ်ပြီး အရွက်သောက်တယ်၊ အရက်သောက်တယ် ပြီးတော့ သာသနာအတွက်လုပ်တယ် ဒီလိုမျိုးဖြစ်နေတာက မတင့်တယ်ဘူးလို့ ထင်တယ်။ အဲဒါဆိုလဲ အရင်ဆုံး လူဆိုရင် အနာဂါမ်ဖြစ်အောင်လုပ် ရဟန်းဆိုရင် ရဟန္တာဖြစ်အောင်လုပ် မဂ်ဖိုလ်ကျပြီးကတည်းက သီလတွေ အပြည့်အစုံ လုံးဝ တင်းပြီးစောင့်ထိန်း ပြီးတော့ အခုကျနော် လုပ်နေရတဲ့ သာသနာကိစ္စတွေ အရိယာတွေ ပေါ်လာဖို့ ကိစ္စတွေ ကိုယ်လုပ်ပေါ့။ အဲဒါဆိုရင်လဲ ကိုယ်လိုချင်တဲ့ တင့်တယ်မှု ရလာမှာပဲ။
အဲဒီတော့ ကျနော်နဲ့ တခြားလူတွေ (ပုထုဇဉ်ဝိပဿနာသမားတွေ၊ ပုထုဇဉ်ရဟန်းတွေ) ကြားထဲမှာဘာမှ ပြသနာဖြစ်စရာမရှိဘူး ထင်တာပါပဲ။ ကျနော့်ကို စိတ်ဆိုးနေတာတို့၊ မကျေမနပ်ဖြစ်နေတာတို့က လောဂျစ်အရ သဘာဝမကျဘူးလို့ပဲ ကျနော်ကတော့ ရိုးရိုးလေးပဲ မြင်မိတယ်။
အဲဒီတော့ အဲဒီလို လုပ်ဖို့အတွက် လိုအပ်တာကတော့ အဓိပတိတရားလေးပါးပဲ။ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသာ တို့နဲ့ လုပ်လိုက်ရင် မိတ်ဆွေတို့ အရှင်ဘုရားတို့ လိုချင်တာ ဖြစ်ချင်တာ ရမှာပဲ။ အဲဒီတော့ ကျနော့်ကို တပည့်တော်ကို ပြသနာ လာရှာနေစရာ အကြောင်းမရှိဘူးလို့တော့ ထင်မိတယ်။
အဲဒီတော့ ပြောစရာက တခုပဲ ရှိတော့တယ် အဲဒါတွေလဲ ဖြစ်ချင်တယ်၊ ဒါပေမယ့် ကိုယ်လဲ အရိယာဖြစ်အောင် အနာဂါမ်ဖြစ်အောင် ရဟန္တာဖြစ်အောင် မလုပ်ချင်ဘူးဆိုရင်တော့ ဒါက ပျင်းတာပဲ။ အဲဒီတော့ ကျနော့်ကို လာပြီး ပြသနာရှာမယ် ဆိုရင် လောဂျစ်အရ ပျင်းတဲ့အကျင့်မပြင်နိုင် လို့ ပြသနာ လာရှာတယ်လို့ပဲ ယူဆရမှာပဲ။ ပျင်းတာအတွက်တော့ ကျနော့်မှာလဲ ဘာမှ လုပ်မပေးနိုင်ပါဘူး။ အဲဒီတော့ ပျင်းရင်တော့ ပြသနာရှာပါ လူမြင်လို့တော့မကောင်းဘူးပေါ့။ မပျင်းဘူးဆိုရင်တော့ ကိုယ် အနာဂါမ် သို့မဟုတ် ရဟန္တာဖြစ်အောင် လုပ်ပါလို့ပဲ ပြောပါရစေ။
ကျေးဇူးတင်ပါတယ်။


Leave a Reply