သေခြင်းတရား ဆိုတာဟာ လူတိုင်း၊ သတ္တဝါတိုင်း မလွဲမသွေ ကြုံကြရမယ့် အရာပဲ ဖြစ်ပါတယ်။ လူတွေဟာ အသက်ရှင်နေစဉ်အချိန်မှာ ဘယ်တော့မှ မသေတော့မယ့်အတိုင်း စီးပွားရှာကြပေမယ့် သေခြင်းတရားရဲ့ မျက်မှောက်မှာတော့ ဘာမှ မကွာခြားတာကို သတိထားမိကြမှာ ဖြစ်ပါတယ်။
လူတွေဟာ ဂုဏ်တွေ ဒြပ်တွေ ငွေကြေးချမ်းသာမှုတွေ အောင်မြင်မှုတွေ အပေါ်မှာ အားလုံးဟာ အလေးအနက် ထား အဆင့်အတန်းတွေ ခွဲခြားကြပေမယ့် တကယ်တော့ ဘာမှ မကွာခြားကြတာကို သေခြင်းတရားနဲ့ ကြုံရတဲ့ အခါမှသာ သတိထားမိကြတာပါ။ ဒီနေရာမှာ လူမိုက်၊ သာမန်လူ နဲ့ လူတော်ဆိုတာ ရှိပါတယ်။ လူတော်ဆိုတာ ကတော့ သူတပါး အမှားကိုမြင်ပြီး သံဝေဂ ရတတ်သူ ဖြစ်ပါတယ်။ တနည်းအားဖြင့် သူတပါး သေခြင်းတရား နဲ့ ကြုံတာကို သိလိုက် မြင်လိုက်တာနဲ့ ကိုယ်တိုင်ခံစားရသလို သံဝေဂယူတတ်သူတွေကို လူတော်လို့ ခေါ်တာပါ။ သာမန်လူ ဆိုတာကတော့ ကိုယ့်သေခြင်းတရားကို ကြုံလိုက်ရမှ သံဝေဂ ရတတ်သူတွေပါ။ လူမိုက်ဆိုတာ ကတော့ ကိုယ်တိုင် သေခြင်းတရားနဲ့ ကြုံရတာတောင်မှပဲ သံဝေဂ မယူနိုင်သူတွေပါ။
ကျနော်တို့ဟာ ရှေ့ဘဝ နောက်ဘဝ ဆိုတာကို လက်ခံရင် သံသရာမှာ ကျနော်တို့ သေခြင်းတရား ဆိုတာကို အကြိမ်ကြိမ် ကြုံဖူးခဲ့ကြတယ် ဆိုတာကိုလဲ လက်ခံရမှာပါ။ အဲဒီတော့ ကျနော်တို့ဟာ ဒီဘဝ မရောက်လာခင် မှာ သေခြင်းတရားနဲ့ အကြိမ်ကြိမ် ကြုံခဲ့ရဖူးပေမယ့် သံဝေဂကို မရတတ်သူတွေ လူမိုက်တွေပါ။
ဒီတော့ ကျနော်တို့က ဒီဘဝမှာ လွတ်မြောက်ရာ ဖြစ်တဲ့ မဂ္ဂင်အကျင့်ကို မကျင့်ဘူး ဆိုရင်တော့ ကျနော်တို့ဟာ မိုက်သထက် မိုက်တဲ့သူတွေ ဖြစ်လာမှာပါပဲ။ ဒီတော့ သံသရာက အမြန်ဆုံး လွတ်မြောက်ဖို့ ကြိုးစားကြဖို့ တိုက်တွန်းပါရစေ။ ကျေးဇူးတင်ပါတယ်။


Leave a Reply