လောကမှာ ဘယ်အရာမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ စာရေးသူကိုယ်တိုင်လည်း လောကဓံရဲ့ အတက်အကျတွေ၊ အမှားအယွင်းတွေ၊ ခက်ခဲတဲ့ ဖြတ်သန်းမှုတွေ ရှိခဲ့ဖူးတဲ့ သာမန်လူသား တစ်ယောက်သာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီစာမျက်နှာကနေ နေ့စဉ် မျှဝေနေတဲ့ အရာတွေက ပုဂ္ဂိုလ်ရေး ကိုးကွယ်ယုံကြည်မှုအတွက် မဟုတ်ပါဘူး။ “အနတ္တ” ဆိုတဲ့ အရှိတရားကို ဉာဏ်နဲ့ ဓာတ်ခွဲစမ်းသပ်ဖို့ သက်သက်သာ ဖြစ်ပါတယ်။

တရားတစ်ခုကို နာယူဖတ်ရှုတဲ့အခါ…

“ဘယ်သူဟောတာလဲ၊ ဘယ်သူရေးတာလဲ၊ သူ့နောက်ခံက ဘာလဲ” ဆိုတဲ့ ပုဂ္ဂိုလ်ရေး ဥပါဒါန် (အစွဲအလမ်း) အတ္တအယူတွေနဲ့ တိုင်းတာနေမယ့်အစား၊ အောက်ပါ အချက် (၃) ချက်နဲ့သာ တိုက်ဆိုင်စစ်ဆေးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

၁။ ဒီစာ၊ ဒီတရားဟာ မြတ်စွာဘုရားရဲ့ မူလဟောကြားချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ။

၂။ ဒီအသိဉာဏ်ကို လက်တွေ့ကျင့်သုံးကြည့်တဲ့အခါ မိမိသန္တာန်မှာရှိတဲ့ လောဘ၊ ဒေါသ၊ မောဟ စတဲ့ ကိလေသာတွေ ငြိမ်းအေးသွားခြင်း ရှိ၊ မရှိ။

၃။ မဂ်ဖိုလ်ဆီသို့ သွားရာလမ်းအတွက် တကယ်ပဲ အထောက်အကူ ဖြစ်၊ မဖြစ်။

ကိုယ့်အတွက် တကယ် အကျိုးရှိပြီး ကိလေသာ ငြိမ်းအေးစေတယ်ဆိုရင် အဲဒီ အသိဉာဏ်ကိုသာ အရယူပါ။ ပြောသူ၊ ရေးသူဆိုတဲ့ “ပုဂ္ဂိုလ်” အပေါ်မှာ အစွဲမထားပါနဲ့။ ပုဂ္ဂိုလ်ဆိုတာ ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘောရှိပြီး၊ တရားကသာလျှင် အေးချမ်းမှုကို ပေးစွမ်းနိုင်လို့ပါ။

အမှားကင်းသူ မရှိတဲ့ လောကကြီးမှာ၊ အမှန်တရားကို ဉာဏ်နဲ့ ဆင်ခြင်နိုင်ကြပါစေ။


Leave a Reply

Your email address will not be published. Required fields are marked *