တကယ်တော့ လောကကြီးဆိုတာ ဗြဟ္မာပြည်ဖယ်လိုက်ရင် ကာမပဲ။ အရက်သောက်တယ် မူးယစ်ဆေးသုံးတယ် လိင်ကိစ္စတွေ လုပ်တယ် အစားကောင်းအသောက်ကောင်းစားတယ် အဝတ်အစားကောင်းကောင်းဝတ်တယ် အဲဒါတွေအကုန်လုံးက ကာမပဲ။ အဲဒီကနေ နတ်ပြည်တက်တယ် ကာမပဲ (ပိုကောင်းတဲ့ ကာမပဲ) သီလတွေစောင့်တယ် ဒါနတွေလုပ်တယ် ဘာကြောင့်လဲ ကာမအတွက်ပဲ ပိုကောင်းသထက်ကောင်းတဲ့ ကာမကို လိုချင်လို့ လုပ်နေကြတာပဲ။ ဒါကြောင့် ပုညာဘိသင်္ခါရ ဆိုတဲ့ ကုသိုလ်တွေက ကာမကိုရစေတဲ့ ကုသိုလ်တွေချည်းပဲ။ ဒီလို ကာမတောထဲမှာ မျောနေသူအချင်းချင်း ငါ့ကာမက ပိုမြင့်မြတ်တယ် သူကာမက နိမ့်ကျတယ် ဆိုပြီး ဘိန်းထက်ကောင်းတဲ့ နတ်ပြည်ကာမအတွက် သီလစောင့်နေသူ(ကုသလကမ္မပထတရားဆယ်ပါးလုပ်နေတဲ့သူတွေက) အရက်ကာမ မူးယစ်ဆေးကာမ လိင်ကာမလုပ်တဲ့သူကို နှိမ်မယ်၊ မရှောင်နိုင်တဲ့ အကုသိုလ်အမှုကို ကျုးလွန်မိကြတဲ့ ပုထုဇဉ် လောက လူသားတွေကိုနှိမ်မယ်။ ပြီးတော့ သူတို့ ဘာရမှာလဲဆိုတော့ သူတို့လဲ ကာမပဲ ပြန်ရမှာ။ (အဲဒီတော့ ကာမသုဂတိ ဘုံသားတွေက ကာမတဏှာ ဆိုတဲ့အထဲမှာ မျောနေကြတာပါပဲ။ ဒါကိုပဲ ကာမာသဝလို့ခေါ်တာပေါ့)
အဲဒီတော့ ကာမက လုံးဝမကောင်းဘူးလို့ တဆင့်တက်လိုက်ပြန်တော့ ဘာကို ရောက်သွားလဲဆိုတော့ အာနေဉ္ဇာဘိသင်္ခါရ ဆီကိုရောက်သွားတယ် ဈာန်ပေါ့။ ဈာန်ဆိုတာကလဲ ဘာကြောင့်လုပ်ကြသလဲ ဆိုပြန်တော့ ကာမက ရုန့်ရင်းတယ် ဈာန်က တည်ငြိမ်တယ်ရှိတယ်ဆိုပြီး လုပ်ကြပြန်တာပါပဲ။ ဈာန်က လောကီထဲမှာ အကောင်းဆုံးသော သုခ လို့ခေါ်ကြပါတယ်။ မူးယစ်ဆေးသမားတွေ ပြောတဲ့စကားမျိုးဆိုရင် အရက်ကရိုင်းတယ် မူးယစ်ဆေးက ယဉ်ကျေးတယ် ပြောတာနဲ့ တူတူပဲ။ ပိုကောင်းတဲ့ ပိုနှစ်သက်စရာကောင်းတဲ့ လောကီ စည်းစိမ်ပေါ့။ အဲဒီမှာလဲ တခါ ဈာန်စည်းစိမ်သမားတွေက (လူ့စည်းစိမ်၊နတ်စည်းစိမ်စတဲ့) ကာမသမားတွေကိုနှိမ်ပြန်ရော။ ပုထုဇဉ် ဗြဟ္မာတွေရဲ့ မာန်တက်ခန်းပေါ့။ အဲဒါက ဘာလဲ ဆိုတော့ (ရူပတဏှာ၊ အရူပတဏှာ) ပေါ့။ အဲဒါကိုပဲ ဘဝါသဝ ခေါ်တာပေါ့။
ဘယ်ပုထုဇဉ် (လူ၊ နတ်၊ ဗြဟ္မာ) မဆိုကို ဆွဲနှစ်ထားတာကတော့ အဝိဇ္ဇာသဝ ပေါ့။
အဲဒီတော့ ၃၁ ဘုံထဲက သုဂတိလို့ခေါ်တဲ့ လူ၊ နတ်၊ ဗြဟ္မာ ဆိုတာက တဏှာရဲ့ လက်တွင်းမှာ အစင်းသားတွေ ခံနေကြရတဲ့ ဘဝတွေပါပဲ။ ဒါကြောင့်လဲ မြတ်စွာဘုရား (ဘုရားဘဝအပါအဝင်) ဘဝမှန်သမျှကို လက်တဖျစ်မှ ငါမချီးမွမ်းလို့ ပြောခဲ့တာပါပဲ။
ပိုရှင်းအောင် သဗ္ဗေ အလုံးစုံသော၊ သင်္ခါရာ အကြောင်းကြောင့်ဖြစ်သော အကျိုးတရား (ကုသလကမ္မပထတရားဆယ်ပါး၊ အကြောင်း သင်္ခါရ၊ လူနတ်ဗြဟ္မာအကျိုး သင်္ခါရ) အားလုံးသည် ဒုက္ခ (စက်ဆုပ်စရာ၊ အသုံးမကျတာ) သာ ဖြစ်တယ်လို့ ဟောခဲ့တာပေါ့။
ဒီတော့ ရဟန်းတော်များအနေနဲ့ ဒါကို နားလည်ပြီး မြင့်မြတ်သော အပြစ်ကင်းသော ကာမတဏှာ၊ ရူပတဏှာ၊ အရူပတဏှာ တွေအားလုံးကိုစွန့်နိုင်တဲ့ ရဟန္တာများ အဖြစ်ကို ရောက်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

Leave a Reply