သီလဆိုတာက အရိယာတို့ အလွန်နှစ်သက်တဲ့အရာ ဖြစ်ပါတယ်။ ဒါဟာ သဘာဝတခုပါ။ ဒီနေရာမှာ ပုထုဇဉ် သီလ နဲ့ အရိယာ သီလ ဆိုပြီး နှစ်မျိုးခွဲပြောချင်ပါတယ်။ ဒါကို မပြောခင်မှာ ဝိပဿနာအားထုတ်သူများ တရားနဲ့ပါတ်သက်ပြီး နားလည်သူများကို ရည်ရွယ်တာ ဖြစ်တဲ့အတွက် တရားအားထုတ်သူများအနေနဲ့ ပထမဆုံးနားလည်ရမှာက ငါသူ ဆိုတာက မရှိဘူး။ ရုပ်နာမ်တွေရဲ့ ဖြစ်စဉ် သန္တာန်ဆိုတာသာ ရှိတယ် ဆိုတဲ့အကြောင်းပါ။ သန္တာဆိုတာက ပဋိစ္စသမုပါဒ်လာ အတိုင်း သဠာယတန ကြောင့် ဖဿ ဖြစ်၊ ဖဿကြောင့် ဝေဒနာဖြစ်၊ ဝေဒနာကြောင့် တဏှာမာနဒိဋ္ဌိ ဖြစ်၊ တဏှာမာနဒိဋ္ဌိကြောင့် ဥပါဒါန်ဖြစ်၊ ဥပါဒါန်ကြောင့် ကာယကံ၊ ဝစီကံ၊ မနောကံ ဖြစ်ဆိုတဲ့ ရုပ်နာမ် တွေရဲ့ ဖြစ်ပျက်အစဉ်သာ ရှိပြီး သူငါ ဆိုတာဟာ မရှိဘူးဆိုတဲ့အကြောင်းပါပဲ။

ဒီလို ငါ သူ မရှိ ရုပ်နာမ် သန္တာန်သာရှိတဲ့အတွက် ငါသူ သီလဖောက်တယ်၊ ငါသူ သီလစောင့်တယ် ဆိုတာကလဲ မရှိပါဘူး။ သီလဖောက်မှုအကျိုးအကြောင်း ရုပ်နာမ် သန္တာန် နဲ့ သီလစောင့်မှု အကျိုးအကြောင်းတဲ့ ရုပ်နာမ် သန္တာန် ဆိုတာသာ ရှိပါတယ်။

ဒီတော့ ကျနော်တို့က ပုထုဇဉ် နားလည်ထားတဲ့ သီလဖောက်တဲ့ ရုပ်နာမ် သန္တာန် ဆိုတာကို နားလည်အောင် အရင်ရှင်းပြပါ့မယ်။ ဥပမာ သူရာမေယျရ ဆိုပါစို့၊ သဠာယတန ဆိုတဲ့ ဒွါရ ခြောက်ပါးရှိတဲ့အခါကျတော့ အရက်ခွက်ဆိုတဲ့ အဆင်း အာရုံ နဲ့ မျက်လုံးဆိုတဲ့ ဒွါရတိုက်တဲ့အခါမှာ ဖဿ ဖြစ်ပါတယ်။ ဖဿ ကြောင့် ဝေဒနာ ဖြစ်ပါတယ်။ ဒီနောက်မှာ ငါ (ဒိဋ္ဌိ) သောက်ချင်တယ် (တဏှာ) ဆိုတဲ့ တဏှာမာနဒိဋ္ဌိ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ငါ သောက်ကို သောက်မယ်ဆိုတဲ့ အတ္တဝါဒုပါဒါန် (ဥပါဒါန်) ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အရက်ခွက်ဆီ လက်လှမ်းပြီး ပါးစပ်ထဲ ထည့်လိုက်တဲ့ အတ္တဒိဋ္ဌိ ဦးစီးတဲ့ ကာယကံ ဖြစ်ပါတယ်။ ဒါကို သီလဖောက်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်မှာ ပါဝင်တဲ့ အချက်အလက်တွေ အကုန်ပြည့်စုံမှသာလျှင် ပုထုဇဉ်တို့ နားလည်ထားတဲ့ ပုထုဇဉ်တို့ စောင့်စည်းအပ်တဲ့ သီလ ဖောက်ဖျက်မှု ဖြစ်မှာ ဖြစ်ပါတယ်။

အဲဒီတော့ ပုထုဇဉ်နားလည်ထားတဲ့ သီလစောင့်မှုဆိုတဲ့ သန္တာန်ကို ထပ်ပြောပြပါမယ်။ ဥပမာ သူရာမေယျရ ဆိုပါစို့၊ သဠာယတန ဆိုတဲ့ ဒွါရ ခြောက်ပါးရှိတဲ့အခါကျတော့ အရက်ခွက်ဆိုတဲ့ အဆင်း အာရုံ နဲ့ မျက်လုံးဆိုတဲ့ ဒွါရတိုက်တဲ့အခါမှာ ဖဿ ဖြစ်ပါတယ်။ ဖဿ ကြောင့် ဝေဒနာ ဖြစ်ပါတယ်။ ဒီနောက်မှာ ငါ (ဒိဋ္ဌိ) သီလစောင့်မယ် (တဏှာ) ငါသီလစောင့်သူ(မာန) ဖြစ်ပါတယ်။ အဲဒီနောက်မှာ ငါမရမနေ မသောက်ပဲနေမယ် ဆိုတဲ့ အတ္တဝါဒုပါဒါန် ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အရက်ခွက်ဆီ လက်လှမ်းမှုမှ စောင့်ထိန်းခြင်းဆိုတဲ့ အတ္တဒိဋ္ဌိ ဦးစီးတဲ့ ကာယကံ ဖြစ်ပါတယ်။ ဒါကတော့ သီလစောင့်တဲ့ ရုပ်နာမ်ဖြစ်စဉ်ပါ။

အဲဒီတော့ သောတာပန်ဖြစ်သွားရင် သီလစောင့်စရာ မလိုဘူး။ သောတာပန်သီလကစောင့်ထိန်းတဲ့သီလ မဟုတ်ဘူး။ အလိုလို လုံတဲ့ သီလ ဆိုတာ ဘာကြောင့်လဲ ဆိုတာကို ဆက်ရှင်းပြပါမယ်။ သောတာပန်မှာ ဘာဖြစ်သွားလဲ ဆိုတော့ သဠာယတန ကြောင့် ဖဿဖြစ်၊ ဖဿကြောင့် ဝေဒနာ ဖြစ်၊ ဝေဒနာကြောင့် တဏှာမာနဒိဋ္ဌိ ဖြစ်ဆိုတဲ့နေရာမှာ သောတာပန်က ဒိဋ္ဌိ မဖြစ်တော့ပါဘူး။ အတ္တဒိဋ္ဌိကို အနုသယကိုပါ ပါယ်လိုက်တာဖြစ်တဲ့အတွက် သောတာပန်ရဲ့ သန္တာန်မှာ ဒိဋ္ဌိ ဆိုတဲ့ တရားက ဖြစ်ခွင့်မရတော့ပါဘူး။ အဲလိုပဲ အတ္တဒိဋ္ဌိ ရှိမှသာ ဖြစ်ခွင့်ရတဲ့ အတ္တဒိဋ္ဌိ နဲ့ ယှဉ်ဖြစ်ရတဲ့ စိတ်တွေကလဲ ဖြစ်ခွင့်မရတော့ပါဘူး။ အဲဒီတော့ သောတာပန် တယောက် သီလဖောက်တယ်လို့ ပုထုဇဉ် တို့ စွပ်စွဲစရာ သန္တာန် (ရုပ်နာမ်ဖြစ်စဉ်ကို ပြောပြပါ့မယ်) ဥပမာ သူရာမေယျရ ဆိုပါစို့၊ သဠာယတန ဆိုတဲ့ ဒွါရ ခြောက်ပါးရှိတဲ့အခါကျတော့ အရက်ခွက်ဆိုတဲ့ အဆင်း အာရုံ နဲ့ မျက်လုံးဆိုတဲ့ ဒွါရတိုက်တဲ့အခါမှာ ဖဿ ဖြစ်ပါတယ်။ ဖဿ ကြောင့် ဝေဒနာ ဖြစ်ပါတယ်။ ဒီနောက်မှာ သောက်ချင်တယ် (တဏှာ) ဆိုတဲ့ တဏှာမာန သာ ဖြစ်ပါတော့တယ် ဒိဋ္ဌိမပါတော့ပါဘူး။ အဲဒီနောက်မှာ ငါ သောက်ကို သောက်မယ်ဆိုတဲ့ အတ္တဝါဒုပါဒါန် (ဥပါဒါန်)ကလဲ ဖြစ်ခွင့်မရတော့ပဲ တဏှာကြောင့် ဖြစ်တဲ့ ဥပါဒါန်သာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အရက်ခွက်ဆီ လက်လှမ်းပြီး ပါးစပ်ထဲ ထည့်လိုက်တဲ့ အတ္တမဦးစီးတဲ့ ကာယကံ ဖြစ်ပါတယ်။ အဲဒီတော့ သောတာပန်ရဲ့ အရက်သောက်ခြင်းဆိုတဲ့ သန္တာန်ကို ကြည့်ရင် ပုထုဇဉ်အမြင်အရ သီလချိုးဖောက်ပါတယ်လို့ စွပ်စွဲလို့ရတဲ့ သီလဖောက်မှု ဖြစ်ဖို့ လိုအပ်တဲ့ ဝေဒနာနောက်က ဒိဋ္ဌိရယ်၊ အဲဒီ ဒိဋ္ဌိကို အကြောင်းပြုပြီးဖြစ်ရမယ့် အတ္တဝါဒုပါဒါန် ရယ် မပြည့်စုံတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သောတာပန် တယောက်အရက်သောက်တာကို ပုထုဇဉ်က သူရာမေယျရ ချိုးဖောက်တယ်လို့ စွပ်စွဲမယ် ဆိုရင် သူက အတ္တနဲ့ပြောတာမို့ မမှန်ပါဘူး။ တရားသဘောအရ မှားနေပါတယ်။

ဒါကြောင့် သောတာပန်က ပုထုဇဉ်တွေ နားလည်တဲ့ အတ္တနဲ့သီလစောင့်ခြင်း၊ အတ္တနဲ့သီလပေါက်ခြင်း နှစ်မျိုးစလုံးနဲ့ မသက်ဆိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အတ္တဒိဋ္ဌိ ဆိုတဲ့ ကိလေသာက သောတာပန်မှာ မရှိတော့တာကြောင့် ဖြစ်ပါတယ်။ နောက်တခုက သီလထဲမှာ သူရာမေယျရ ဆိုတဲ့သီလကို ဘာကြောင့် စောင့်ဖို့ အရေးကြီးလဲ ဆိုတော့ သူရာမေယျရကိုချိုးဖောက်ရင် မကောင်းတဲ့ စိတ် စေတသိတ်တွေကို ဖြစ်စေလိုပါ။ ဒီနေရာမှာလဲ မကောင်းတဲ့ စိတ် စေတသိတ် ဆိုတာတွေက အတ္တဒိဋ္ဌိ နဲ့ ယှဉ်ဖော် ယှဉ်ဖက် စိတ် စေတသိတ်တွေ ဖြစ်ပါတယ်။ သောတာပန်မှာကျတော့ သူရာမေယျရကို ချိုးဖောက်ပေမယ့်လည်း အတ္တဒိဋ္ဌိက မရှိတော့ပြီဖြစ်တဲ့အတွက် သူနဲ့ ယှဉ်ဖော် ယှဉ်ဖက် မကောင်းတဲ့ စိတ် စေတသိတ်တွေက ဖြစ်ခွင့်မရတော့ပါဘူး။ ဆိုလိုတာက မူးရူးပြီး မဟုတ်တာတွေ လုပ်တယ်ဆိုတာမျိုး မဟုတ်တာတွေ ကြံတယ် ဆိုတာမျိုးမရှိဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ထပ်ပြီးနားလည်အောင် ပြောရရင် သီလဖောက်တယ် စောင့်တယ် ဆိုတာက ကိလေသာဝဋ်ကြောင့်ဖြစ်တဲ့ ကမ္မဝဋ်ပါ။ အဲဒီတော့ သောတာပန်မှာ ကိလေသာဝဋ်ထဲက အတ္တဒိဋ္ဌိ နဲ့ ဝီစိကိစ္ဆာဆိုတဲ့ ကိလေသာ ဝဋ် မဖြစ်တော့တဲ့အတွက် သူရဲ့ အကျိုးဆက် အတ္တနဲ့သီလကျိုးပေါက်ခြင်း၊ အတ္တနဲ့ သီလစောင့်စည်းခြင်း ဆိုတဲ့ ကမ္မဝဋ်ကလဲ ဖြစ်ခွင့်မရတော့ပါဘူး။ ဒါကြောင့်လဲ သောတာပန်ကို သီလပေါက်တယ်လို့ ပုထုဇဉ်က ပြောခွင့်မရှိပါဘူး။ ဒါကြောင့်လဲ သောတာပန် သီလက စောင့်စည်းတဲ့သီလ မဟုတ် ကိလေသာဝဋ်ကို ဖြတ်လိုက်လို့ အလိုလို လုံတယ် ဆိုတဲ့ သီလ ဖြစ်တယ် လို့ ပြောကြတာပဲ ဖြစ်ပါတယ်။

ဒီတော့ ဒါဆိုရင် သောတာပန်က သီလပေါက်တယ် ဆိုတာ မရှိတော့ အပေါ်လေးပါး သတ်မှု၊ ခိုးမှု၊ ကာမေသု နဲ့ မုသား ကို လုပ်လို့ရတာပေါ့၊ လုပ်မှာပေါ့လို့ ပြောချင်ကြပါမယ်။ ဒါပေမယ့် ဒီအတွေးကိုက အတ္တနဲ့ယှဉ်မှသာ ဖြစ်တဲ့ မကောင်းတဲ့ အတွေးဖြစ်ပါတယ်။ ဒီနေရာက နက်နဲပါတယ်။ သောတာပန် မှာ သရဏဂုံတည်သွားတာ ဖြစ်တဲ့အပြင် သင်္ခါရလောကမှာ သုခ ရှိတယ်ဆိုတဲ့ အယူပါ ပြုတ်သွားပြီးသားဖြစ်ပါတယ်။ အဲဒီအပြင် သီလ ဆိုတာဟာ လောကပေါ်မှာ ဖြစ်တဲ့အပြစ်လို့ နားလည်ထားရပါမယ်။

ဒီနေရာမှာ ပြည့်စုံအောင် နောက်ထပ် ပြောချင်တာက ပါဏာတိပါတာ နဲ့ သောတာပန်က ဘာမှ မဆိုင်တော့တဲ့ကိစ္စဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပါဏာတိပါတာ မြောက်ဖို့ဆိုတာက သတ္တဝါဆိုတဲ့ အထင်ရှိခြင်း၊ သေစေလိုသော ဆန္ဒရှိခြင်း၊ သေစေရန် လုံလပြုခြင်း၊ သေသွားခြင်း ဆိုတဲ့ အချက်လေးချက်နဲ့ ပြည့်စုံမှ ပါဏာတိပါတာ မြောက်ပါတယ်။ သောတာပန်မှာ ထိပ်ဆုံးကစပြီး သတ္တဝါဆိုတဲ့ အထင်မရှိတော့တာ ဖြစ်တဲ့အတွက် သေစေလိုသော ဆန္ဒရှိခြင်း၊ သေစေရန် လုံလပြုခြင်း၊ သေသွားခြင်းဆိုတဲ့ နောက်သုံးချက် ပြည့်စုံရင်တောင် သောတာပန်က ပါဏာတိပါတာ မပေါက်ပါဘူး။

ဒါဆိုရင် သောတာပန်က သီလတွေဖောက်လို့ရနေတယ် ဖောက်မှာပေါ့ ဆိုရင်တော့ မြတ်စွာဘုရားရဲ့ မဂ္ဂင်ရှစ်ပါးထဲက သီလ မဂ္ဂင်သုံးပါးနဲ့ ပြည့်စုံသွားတယ် ဆိုတဲ့ အင်မတန်ထူးဆန်းတဲ့ ကိစ္စက ဒီမှာ ပေါ်လာပါတော့တယ်။ သီလ မဂ္ဂင်သုံးပါးဆိုတာကတော့ သမ္မာကမ္မတ (သတ်မှု၊ ခိုးမှု၊ ကာမေသု)၊ သမ္မာဝါစာ (မုသား၊ ပိသုဏဝါစာ၊ ဖရုသဝါစာ)၊ သမ္မာအာဇီဝ (ငါးပါးသီလဖောက်ဖျက်၍ အသက်မမွေးခြင်း) တို့ပဲ ဖြစ်ပါတယ်။ အဲဒီသုံးခုက သောတာပတ္တမဂ်အခိုက်မှာ လုံသွားတာပါ။ ဒီလိုလုံတာက မဂ္ဂင်ရှစ်ပါး (သောတာပတ္တိမဂ်) နဲ့ လုံတာ ဖြစ်တဲ့အတွက် လောကုတ္တရာသီလ၊ အဓိသီလ လို့လဲ ခေါ်ပါတယ်။ ဒါနဲ့ပါတ်သက်တာကတော့ အတိအကျ မပြောနိုင်ပါ သီလမဂ္ဂင် ကိုခွဲခြမ်းစိတ်ဖြာ ပြဖို့ဆိုတာကလဲ ဘုရားအရာသာ ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါပေမယ့် ပြောနိုင်တာကတော့ သောတာပန်က သူ့ကို တယောက်ယောက်က သတ်ဖို့လာတယ်။ သူအတွက် အဲဒီလူကို ပြန်သတ်မှပဲ သေဘေးက လွတ်မယ် ဆိုရင် ပြန်မသတ်ပါဘူး သူသာ အသေခံသွားပါလိမ့်မယ်။ ဒါမှမဟုတ် ပုရွတ်ဆိပ်လေးတကောင်ကို လက်အောက်ထားပြီး အဲဒီပုရွတ်ဆိတ်ကို သတ်ရင်သတ် မသတ်ရင် မင်းကိုသတ်မယ်လို့ ဓါးမိုးပြောလဲ သူသာ အသေခံသွားပါမယ် ပုရွက်ဆိပ်ကို သတ်မှာ မဟုတ်ပါဘူး။ ဒါကို အဓိသီလလို့ခေါ်ပါတယ် (ပုထုဇဉ် များအနေနဲ့ ဘာကြောင့်လဲ ဆိုတာကို သိချင်ရင်တော့ သောတာပန်က အသက်ရှင်ရတယ်ဆိုတာကို သုခလို့ ထင်နေ သိနေပေမယ့် သုခလို့ မယူဆတော့လို့ပါ၊ သောတာပန် အတွက် အသက်ရှင်ခြင်းဆိုတာလဲ သုခ မဟုတ်သလို၊ သေခြင်းကလဲ သုခ မဟုတ်ပါဘူး။ နှစ်မျိုးစလုံးကို တန်းတူ ဒုက္ခ (စက်ဆုပ်စရာ အသုံးမကျတာ) လို့သာ သေချာသိထားတာမို့၊ ဝိနိပါတိကဘေး သင့်မယ့် တပါးသော ပုထုဇဉ်အစား၊ ဝိနိပါတိကဘေး မရှိတဲ့သူသာ အသေခံတာလို့ ပြောချင်လဲ ပြောနိုင်ပါတယ်။)။ နောက်ထပ်ပြောစရာ သီလတွေကတော့ ခိုးမှု၊ ကာမေသုနဲ့ မုသား ပဲ ဖြစ်ပါတယ်။ ဒါနဲ့ပါတ်သက်ရင်တော့ အဲဒါတွေဟာ လောကပေါ်မှာ ဖြစ်တဲ့အပြစ်လို့ ယူဆပါတယ်။ သောတာပန်က သူက တပါးသူပစ္စည်းကို ခိုးယူလိုက်လို့ တပါးသူမှာ စိတ်ဆင်းရဲမှုဖြစ်မှာကို သူသေမှာထက် ကြောက်ပါတယ်။ ဒါကြောင့် ခိုးမှုလုံသွားပါတယ်။ အဲလိုပဲ တပါးသူရဲ့ ပိုင်ဆိုင်တဲ့ အမျိုးသမီး (တပါးသူအုပ်ထိန်းတဲ့သမီး) ကို ကျုးလွန်လို့ တပါးသူမှာ စိတ်ဆင်းရဲမှာကိုလဲ သူသေမှာထက်ကြောက်ပါတယ်။ ဒါကြောင့် ကာမေသုလဲ မလုပ်တော့ပါဘူး။ မုသားမှာကတော့ အပါယ်မကျစေတဲ့ ထမင်းမစားရသေးဘူးဆိုတာကို စားပြီးပြီပြောတာမျိုး ဖြစ်နိုင် ဖြစ်တတ်ပေမယ့် အပါယ်ကျစေတဲ့ သူတပါးနစ်နာစေတယ် မုသားမျိုးကတော့ အသက်နဲ့လဲပြီးစောင့်ပါတယ်။ ဒါကလဲ သူ့မုသားကြောင့် တပါးသူမှာ စိတ်ဆင်းရဲမှာကို သူသေမှာထက် ကြောက်လို့ပါပဲ။ နောက်ပြီး အရိယာ ဖြစ်လာတာကိုက ရိုးသားခြင်း၊ အထူးရိုးသားခြင်းနဲ့ ပြည့်စုံလို့ ဖြစ်လာတာမို့ သောတာပန် နဲ့ မုသားက အစီးမကပ်ပါ။ ဒီနေရာမှာ သတ်မှု၊ ခိုးမှု၊ ကာမေသု နဲ့ မုသားတို့ကိုလဲ အသက်နဲ့လဲ စောင့်စည်းတာ ဖြစ်တဲ့အတွက် အဓိသီလ လို့ခေါ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးသီလ ဖြစ်တဲ့ သူရာမေယျရ ကျတော့ အသက်နဲ့လဲစောင့်တဲ့ သီလမဟုတ်ပါဘူး။ သူကကျတော့ ဥစ္စာနဲ့လဲ ပြီးစောင့်လို့ အဓိသီလထဲပါနေရခြင်းဖြစ်ပါတယ်။ သောတာပန် တယောက်က သူ့ဟာသူသာ ကာမ (တဏှာ မာန) နဲ့ အရက် (အရက်ဆေးခြောက်မူယစ်ဆေးဝါးအားလုံးကသူရာမေယျရထဲဝင်ပါတယ်)ဝယ်သောက်ချင် သောက်လိုက်မယ်။ သူတပါးက အရက်တခွက်သောက်ပါ ကမ္ဘာပေါ်ရှိတဲ့ ပိုက်ဆံ အကုန်ပေးမယ်ဆိုရင်တော့ မသောက်ပါဘူး။ ဒါကြောင့်လဲ သူရာမေယျရက အဓိသီလ ထဲပါနေခြင်းဖြစ်ပါတယ်။

နောက်ထပ် ထပ်ပြီးရှင်းချင်တာကတော့ အပေါ်သီလ လေးပါးက ဒုစရိုက်ဆယ်ပါးထဲမှာ ပါပြီး၊ သူရာမေယျရ ကတော့ ဒုစရိုက်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မပါတဲ့အကြောင်းပါ။ သောတာပန် အရက်သောက်တယ်ဆိုတာက တစ်အချက် အတ္တဒိဋ္ဌိ နဲ့သောက်တာမဟုတ်၊ နှစ်အချက် အတ္တဒိဋ္ဌိ မရှိတဲ့အတွက် သူနဲ့ ယှဉ်ဖော် ယှဉ်ဖက် အပါယ်ကျစေတဲ့ စိတ် စေတသိတ်တွေ မဖြစ်တာကြောင့် ဘယ်လိုမှ အပါယ်မကျစေတဲ့ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် သောတာပန်က အရက်သောက်နိုင်သေးသလားဆိုရင်တော့ ခိုင်လုံတဲ့ အကြောင်းရှိရင် သောက်နိုင်ပါသေးတယ်လို့ ဖြေရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ခိုင်လုံတဲ့အကြောင်းဆိုတာက တဏှာ မာန ကို ဆိုလိုတာဖြစ်ပြီး ကျန်တဲ့ ကိလေသာ ရှစ်ပါးနဲ့ သောက်နိုင်သေးတယ်လို့ ပြောတာလဲ ဖြစ်ပါတယ်။ ဒါပေမယ့် သောတာပန်လဲ အရက်သောက်ခဲ့ရင် မြတ်စွာဘုရားဟောထားတဲ့ အရက်သောက်ခြင်းကြောင့် ဖြစ်တဲ့ ဆိုးကျိုးတွေ ဖြစ်မှာပါပဲ။ ဒါကတော့ အကြောင်းအကျိုး အနတ္တ မို့ သောတာပန်လဲ ရှောင်လွှဲလို့မရပါဘူး။ ဒီနေရာမှာ မြတ်စွာဘုရား အထူးသဖြင့် လူသောတာပန်ကို ဘာလုပ်ရမယ် ဘာမလုပ်ရဘူးဆိုတာကို မဟောပဲ။ ရတနာသုတ်ထဲမှာ သောတာပန်သည် မကောင်းမှုကံကို ကျုးလွန်သော်လည်း (အရက်သောက်သည့်မှာ မကောင်းမှုကံ) ဖုံးကွယ်ခြင်းမရှိလိုပဲ ဂုဏ်တခုအနေနဲ့ ပြောထားပါတယ်။ ဒီနေရာမှာ မလုပ်ခြင်းကိုဂုဏ်လို့ ပြောတာမဟုတ်ပဲ လုပ်ပြီး မဖုံးကွယ်တာကို ဂုဏ်လို့ ပြောထားတာကို သတိထားစေချင်ပါတယ်။

နောက်ထပ် အရေးကြီးတဲ့ တခုက သောတာပန် ဖြစ်သွားတဲ့သူအများစုကတော့ သီလ လုံသွားလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ အဓိက ကျတာက ကာမဝါစရ ကုသိုလ်စိတ်ကြောင့်ပါ။ သောတာပန်မှာ ပြည့်စုံသွားတဲ့ ကာမဂုဏ်ကို ရစေတဲ့ ကုသိုလ်တွေပေါ်မှာ နှစ်ခြိုက်တဲ့ ကာမဝါစရ ကုသိုလ်စိတ် ကို အကြောင်းပြုပြီး သောတာပန်များက သီလတွေကိုစောင့်သွားကြတာများပါတယ်။ ဘုန်းကြီးတွေကို ရိုသေတာ သင်္ကန်းကို ရိုသေတာ ဒါတွေကလဲတူတူပါပဲ။ ဒါကတော့ အရိယာချင်းချင်းအမြင်မှာ ချီးကျုးစရာ ကိစ္စလို့ သိပ်မမြင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒုက္ခသစ္စာရဖို့ စောင့်စည်းတဲ့ သမုဒယ သစ္စာသာ ဖြစ်တာကြောင့်ပါပဲ။ နတ်စည်းစိမ်ရချင်လို့ ဘုန်းကြီးရိုသေတာ။ နတ်စည်းစိမ်ရချင်လို့ အရက်စည်းစိမ်စွန့်တာပါ။ နတ်စည်းစိမ်က ဘိန်းစည်းစိမ်ထက်ကောင်းပါတယ်။ ဘိန်းလိုလဲ အပြစ်မရှိပါဘူး။ နတ်စည်းစိမ်တက်မက်တာကို မေထုန်ငယ်လို့တောင် ပြောပါတယ်။ အဲဒီတော့ သိပ်အထင်ကြီးစရာမဟုတ်ပါဘူး။

အဲဒီတော့ နောက်ဆုံး အနှစ်ချုပ်အနေနဲ့ သုတဝါ အရိယာ သာဝကော အနေနဲ့ ပြောချင်တာကတော့ သောတာပန် ဟုတ်မဟုတ် အရိယာဟုတ်မဟုတ်ဆိုတာနဲ့ပါတ်သက်ပြီး သီလ နဲ့ ဆုံးဖြတ်ချင်းကို ရှောင်ပါ။ ဘာကြောင့်လဲဆိုတော့ ပုထုဇဉ်က သီလကို အရိယာများလို့ စေ့စေ့ပေါက်ပေါက် နားမလည်နိုင်လို့ပါ။ နောက်ပြီး သီလဆိုတာ လိမ်ညာပြီး ပြောလို့ရတဲ့ကိစ္စမို့ပါ။ ဒါဆိုရင် သိလဲ သိချင်တယ် ဆုံးလဲ ဆုံးဖြတ်ချင်တယ်ဆိုရင် ပြောနိုင်တာက အကြမ်းဖျဉ်းသိနိုင်တာကို ပြောလို့ရပေမယ့် ဆုံးဖြတ်တာကတော့ ဘုရားအရာသာ ဖြစ်တယ်ဆိုတပါပဲ။ အဲဒီတော့ ဆုံးဖြတ်ဖို့တော့ မစဉ်းစားပါနဲ့ ကိုယ့်ဟာကိုယ် ဘုရားအရာကို လုပ်နိုင်တယ်ဆိုတာလောက်ကြီးတော့ မရူးအပ်ပါလို့ပြောချင်ပါတယ် (ဒီစကားထဲမှာ အရိယာများလဲ အကြုံးဝင်ပါတယ်၊ ဆုံးဖြတ်ချင်နေတဲ့အရိယာများပါ မှတ်သားသွားပါ၊ ဘုရားအရာကို မကြံပါနဲ့)။ ဒါပေမယ့် အကြမ်းဖျဉ်း ဘာသိနိုင်လဲဆိုရင်တော့ ဖရုသဝါစာ မလုပ်တော့တာ (ဆဲဆိုခြင်းမလုပ်တော့တာ)၊ လူနှစ်ယောက်ကြားမှာ ကုန်းမတိုက်တော့တာ (ပိသုဏဝါစာမလုပ်တော့တာ)၊ ဣဿာ မစ္ဆရိယ မရှိတော့တာ၊ မှားသွားရင် အမှားကို ပွင့်လင်းစွာ ဝန်ခံတတ်တာ။ ဂတိမလိုက်တာ။ ပုထုဇဉ်ဂုဏ် အပေါ်မှာ မတုန်လှုပ်တာ။ ဒါတွေနဲ့တော့ အကြမ်းဖျဉ်း သိနိုင်ပါတယ်လို့ ပြောရင်းပဲ နိဂုံးချုပ်ပါရစေ။


Leave a Reply

Your email address will not be published. Required fields are marked *