“မောဟ” ဆိုတာ အရှိကို အရှိအတိုင်း မမြင်နိုင်အောင် ဖုံးကွယ်ထားတတ်တဲ့ သဘောတရားပါ။ ရိုးရိုးလေး ပြောရရင်တော့ မျက်စိဖွင့်လျက်သားနဲ့ အမှန်ကို မမြင်ရတဲ့ “ကြောင်တောင်ကန်း” ရောဂါဆိုးကြီးပါပဲ။ ရုပ်နာမ်တွေရဲ့ တကယ့် အစစ်အမှန် အရှိတရားကို မောဟက ဘယ်လို ဖုံးကွယ်ထားသလဲ ဆိုတာ ကြည့်ရအောင်။၁။ အနိစ္စကို “နိစ္စ (မြဲတယ်)” ဟု ထင်အောင် လှည့်စားခြင်းရုပ်နာမ်ရဲ့ သဘာဝအမှန်ဟာ “အနိစ္စ” ပါ။ အမြဲတမ်း ဖြစ်ပြီး ပျက်နေပါတယ်။ ဒါပေမယ့် မောဟက “စောစောက ရုပ်နာမ်နဲ့ အခု ရုပ်နာမ် အတူတူပဲ၊ ငါပဲ၊ ခိုင်မြဲတယ်” လို့ ထင်အောင် ဖုံးကွယ်ထားပါတယ်။ဥပမာ- အခု ဒီစာကို ဖတ်နေတဲ့ အချိန်လေးမှာတင် မျက်စိနဲ့ စာလုံးတွေ ထိတိုက်မိလို့ (ဒွါရ နဲ့ အာရုံ) ဖြစ်ပေါ်လာတဲ့ ရုပ်တရားတွေ၊ မြင်သိစိတ်တွေ၊ စကားလုံး အဓိပ္ပာယ်ကို ဖော်နေတဲ့ သညာတွေ၊ ခံစားမှု ဝေဒနာတွေ၊ ဆက်ဖတ်ချင်တဲ့ သင်္ခါရ စေ့ဆော်မှုတွေ၊ ဒီ ရုပ်နာမ်တရားတွေ အားလုံးဟာ ဖြစ်ပြီးတာနဲ့ ချက်ချင်း ပျက်စီးသွားတာချည်းပါပဲ။ဒီလို အဆက်မပြတ် ဖြစ်ပျက်နေတာ အမှန်ပါလျက်နဲ့၊ ဒီအပေါ်မှာ “ခိုင်မြဲတယ်၊ တည်တံ့တယ်” လို့ ယူဆတာ၊ သိတာ၊ ထင်တာဟာ “အနိစ္စ” ဆိုတဲ့ ပကတိ အမှန်တရားကို မောဟက ဖုံးကွယ်ထားလိုက်တာပါပဲ။မောဟကိလေသာဟာ အဖန်ဖန် အထပ်ထပ် ဖြစ်လေ့ရှိတဲ့ (အာသေဝန ပစ္စည်း) သဘောမျိုး ရှိလို့၊ အမှန်တရားကို ခဏလေး မြင်ရုံနဲ့ သူက အလွယ်တကူ ကွာမကျသွားပါဘူး။ ဒါကြောင့် “ဖြစ်ပျက်ကို ရှုပါ” လို့ အကြိမ်ကြိမ် တိုက်တွန်းရတာပါ။ အမှန်တရားကို အားကြီးကြီးနဲ့ ထပ်ခါတလဲလဲ မြင်နေမှသာ၊ “သြော်… အားလုံးဟာ အနိစ္စ သက်သက်ပါလား” ဆိုတဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ မောဟကို ပယ်သတ်နိုင်မှာပါ။မှတ်သားဖို့က မောဟကိုယ်တိုင်ကလည်း ဖြစ်ပြီး ပျက်သွားတဲ့ သင်္ခါရတရားပါပဲ။ အနိစ္စကို သိတဲ့ ဉာဏ်ကလည်း ဖြစ်ပြီး ပျက်သွားတဲ့ တရားပါပဲ။ ဒါကိုပါ အနိစ္စလို့ သိဖို့ လိုပါတယ်။ နောက်ဆုံးမှာ “သြော်… အားလုံးဟာ ဖြစ်ပြီး ပျက်နေတာတွေချည်းပါလား” ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ ဉာဏ်ပေါ်လာတဲ့အထိ ရှုမှတ်ရပါမယ်။၂။ အနတ္တကို “အတ္တ (ငါ၊ သူ)” ဟု ထင်အောင် လှည့်စားခြင်းမောဟက ဖုံးကွယ်ထားတဲ့ နောက်ထပ် အရေးကြီးတဲ့ အမှန်တရားကတော့ “အနတ္တ” ပါပဲ။အရာအားလုံးဟာ အကြောင်းကြောင့် ဖြစ်လာတဲ့ သင်္ခါရတရားတွေချည်းပဲမို့ “ငါ၊ သူ၊ ပုဂ္ဂိုလ်၊ သတ္တဝါ” ဆိုတဲ့ ‘အတ္တ’ လုံးဝ မရှိပါဘူး။ ဘယ်သူမှ မပိုင်ဆိုင်ဘဲ သူ့သဘောသူ ဆောင်နေတဲ့ တရားတွေ သက်သက်ပါ။ဒါပေမယ့် ဒီခန္ဓာငါးပါးအပေါ်မှာ “ငါ လုပ်တယ်၊ ငါ ကောင်းစားတယ်၊ ငါ ဒုက္ခရောက်တယ်၊ ငါ ဝမ်းနည်းတယ်၊ ဒါ ငါ့သား၊ ငါ့သမီး၊ ငါ့ဆွေမျိုး” စသဖြင့် “ငါ” ဆိုတဲ့ အတ္တအယူအဆနဲ့ အသေအလဲ စွဲယူမိနေတာဟာ မောဟရဲ့ ဖုံးကွယ်ထားမှုကြောင့်ပါပဲ။ရုပ်အပေါ် အယူမှားပုံ: “ငါ့ကိုယ်၊ ငါ့ခြေ၊ ငါ့လက်” လို့ ကြောင်တောင်ကန်းပြီး ထင်နေကြပါတယ်။ တကယ်လို့ “ငါ” ဆိုတာ တကယ်ရှိရင်၊ ဒီ “ငါ့လက်” ကြီးကို “မနာနဲ့၊ မအိုနဲ့၊ ရောဂါမဖြစ်နဲ့” လို့ အမိန့်ပေးလို့ ရရမှာပေါ့။ တကယ်တမ်းကျတော့ ရုပ်ဟာ သူ့သဘောသူ ဖောက်ပြန် ပျက်စီးနေတာပါပဲ။ “ငါ့ဦးနှောက်” လို့ ပြောကြပေမယ့် ကိုယ် စီရင်ချင်သလို ဖြစ်မလာဘဲ ရောဂါဖြစ်ချင်လည်း ဖြစ်သွားတာပါပဲ။ အို၊ နာ၊ သေ ကို ဘယ်သူမှ တားလို့ မရတဲ့အတွက် ရုပ်ဆိုတာ “ငါ” မဟုတ်၊ “အနတ္တ” တရားသာ ဖြစ်တယ်ဆိုတာ အလွန် ထင်ရှားပါတယ်။နာမ်အပေါ် အယူမှားပုံ: ခံစားမှု (ဝေဒနာ) ကို ကိုယ်ပိုင်တယ်လို့ ထင်ရင်، ပူအိုက်တဲ့ အချိန်မှာတောင် “အေးစေ” လို့ အမိန့်ပေးလိုက်ရုံနဲ့ အေးသွားရမှာပေါ့။ လက်တွေ့မှာတော့ ဝေဒနာဟာ အကြောင်းတိုက်ဆိုင်ရင် ပေါ်ချင်သလို ပေါ်လာတာပါပဲ။သိမှု (ဝိညာဏ်) နဲ့ မှတ်သားမှု (သညာ) ဆိုတာကလည်း မျက်စိနဲ့ စာလုံး (အာရုံ) တိုက်မိလို့ ဖြစ်ပေါ်လာတဲ့ သိတတ်တဲ့ သဘောလေး သက်သက်ပါ။ “ငါ သိတယ်” ဆိုပြီး အမြဲတမ်း သိနေအောင် လုပ်ထားလို့ မရပါဘူး။ တကယ်လို့ “ငါ” ဆိုတာက အမှန်တကယ် စီရင်နိုင်စွမ်း ရှိတယ်ဆိုရင်၊ အခုချက်ချင်း “မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ရစေ” လို့ အမိန့်ပေးလိုက်တာနဲ့ ရသွားရမှာပေါ့။ အဲဒီလို လုပ်လို့မရပါဘူး။ တရားနာခြင်း፣ အမှန်တရားကို အဖန်ဖန် ရှုမှတ်ခြင်း ဆိုတဲ့ အကြောင်းတရားတွေကြောင့်သာ၊ အမှန်ကို သိမြင်ခြင်း (အမောဟ – မဂ်ဉာဏ်) ဆိုတဲ့ အကျိုးတရား ဖြစ်ပေါ်လာရတာပါ။စေ့ဆော်မှု (သင်္ခါရ) အပိုင်းကို ကြည့်ရင်လည်း ကာယကံ၊ ဝစီကံ၊ မနောကံ ဆိုတာတွေဟာ လိုချင်မှု (တဏှာ) ကနေ အခြေခံပြီး ဖြစ်ပေါ်လာတဲ့ စေ့ဆော်မှု သက်သက်ပါ။ “ငါ လုပ်တယ်” ဆိုတာ လုံးဝ မရှိပါဘူး။ မောဟ ဖုံးလွှမ်းထားတဲ့ စိတ်ရဲ့ တွန်းအားကြောင့်သာ ကံတွေ မြောက်ကုန်တာပါ။ဒီလို ခန္ဓာငါးပါးလုံးကို ခြုံငုံကြည့်လိုက်ရင် ဘယ်နေရာမှာမှ “ငါ (အတ္တ)” ဆိုတာ ရှာမတွေ့တဲ့အတွက် “န-အတ္တ” (အတ္တမရှိ) -> “အနတ္တ” လို့ သတ်မှတ်ရတာပါ။ ဒီအနတ္တ အမှန်တရားကို မသိအောင် ဖုံးကွယ်ထားတာဟာလည်း မောဟ ပါပဲ။၃။ ဒုက္ခကို “သုခ (ချမ်းသာ)” ဟု ထင်အောင် လှည့်စားခြင်း”ဒုက္ခ” ကို ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးများက “စက်ဆုပ်စရာ၊ အသုံးမကျတာ” လို့ အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။ ဘာအဓိပ္ပာယ်မှ မရှိ၊ ကိုယ်ပိုင်တာလည်း မဟုတ်ဘဲ အမြဲတမ်း ပျက်စီး နှိပ်စက်နေတဲ့ သင်္ခါရတရားတွေဟာ ဘာမှ အသုံးချစရာ မရှိ၊ စက်ဆုပ်စရာ သက်သက်ပါပဲ။ဒါပေမယ့် မောဟနဲ့ အတ္တအယူ ကြီးနေတော့၊ “ပိုက်ဆံရတယ်၊ ရာထူးရတယ်” စတဲ့ လောကီ အာရုံတွေနဲ့ တွေ့တဲ့အခါ “ငါရတယ်၊ ငါ ချမ်းသာတယ်” ဆိုပြီး ကြောင်တောင်ကန်းကာ သုခ (ချမ်းသာ) လို့ ထင်နေကြပါတယ်။ ခန္ဓာရဲ့ သဘောအမှန်ကတော့ ဘာမှ တွယ်တာ အားကိုးစရာ မရှိတဲ့ “ဒုက္ခအစစ်အမှန်ကြီး” သက်သက်ပါပဲ။၄။ အသုဘကို “သုဘ (တင့်တယ်သည်)” ဟု ထင်အောင် လှည့်စားခြင်းလူတွေဟာ သေသွားတဲ့ အခါကျမှ ရုပ်အလောင်းကို “အသုဘ” လို့ ခေါ်ကြပါတယ်။ တကယ်တော့ အသက်ဇီဝ (ဝိညာဉ်ကောင်) ဆိုတာ လုံးဝ မရှိဘဲ၊ ရုပ်နဲ့ နာမ် အပြန်အလှန် အမှီသဟဲပြုပြီး ဖြစ်ပျက်နေတဲ့ ဒီသက်ရှိ ခန္ဓာကိုယ်ကြီးနဲ့၊ သေသွားတဲ့ အလောင်းကောင်ကြီးဟာ သိပ်ကွာခြားလှတာ မဟုတ်ပါဘူး။ ကမ္မဇရုပ်နဲ့ နာမ်တရားတွေက ထောက်ပံ့ပေးနေလို့ လှုပ်ရှားနေတာနဲ့၊ ထောက်ပံ့မှု ရပ်သွားလို့ ငြိမ်သက်သွားတာပဲ ကွာပါတယ်။မှန်ကြည့်တဲ့အခါ အထဲမှာ အညစ်အကြေးတွေနဲ့ ပြည့်နှက်နေတဲ့ ဒီရုပ်ကြီးကို “အသုဘ (မတင့်တယ်၊ ရွံရှာဖွယ်ရာ)” လို့ မမြင်ဘဲ၊ “ငါ ချောတယ်၊ ငါ လှတယ်” လို့ ထင်နေတာဟာလည်း၊ မောဟရဲ့ ဖုံးကွယ်မှုကြောင့် အမှန်ကို မမြင်ရတဲ့ “ကြောင်တောင်ကန်း” ရောဂါပါပဲ။နိဂုံးချုပ်ဒီလောက်ဆိုရင် မောဟရဲ့ တွေဝေ မိုက်မဲစေတတ်တဲ့၊ အမှန်တရားကို ဖုံးကွယ်ပြီး ကြောင်တောင်ကန်း ဖြစ်စေတတ်တဲ့ သဘောကို နားလည်လောက်ပြီ ထင်ပါတယ်။ဒီအမှောင်ထုကနေ လွတ်မြောက်ပြီး “အမောဟ (အမှန်သိဉာဏ်)” ဖြစ်လာဖို့ဆိုရင်၊ ဗုဒ္ဓရဲ့ အဆုံးအမတွေကို သေချာ နားလည်အောင် ဖတ်ရှု လေ့လာပြီး၊ ဉာဏ်အမြင် ရှင်းသထက် ရှင်းအောင် လက်တွေ့ ရှုမှတ်သွားဖို့ပါပဲ။”ငါ၊ သူ (အတ္တ) ဆိုတာ မရှိဘူး။ ခိုင်မြဲတယ် (နိစ္စ) ဆိုတာ မရှိဘူး။ ချမ်းသာတယ် (သုခ) ဆိုတာ မရှိဘူး။ တင့်တယ် လှပတယ် (သုဘ) ဆိုတာ မရှိဘူး” လို့ အမှန်တရား (အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ) ကို ထိုးထွင်း သိမြင်နိုင်ကြပါစေ ခင်ဗျာ။


Leave a Reply