စရိုက် ဝါသနာ ဆိုတာကို နားလည်ဖို့ဆိုတာက ဘုရားအရာလို့ ထင်မိပါတယ်။ ကျနော်အတွက်က ဘာသာမဲ့ဘဝက လာတယ်၊ ဘာကိုမှ မယုံကြည်တဲ့ အခြေအနေ ကနေလာခဲ့တာမို့ အစစ အရာရာကို စမ်းစစ်ပါတယ်။ ဒီအတိုင်းယုံလိုက်တယ်ဆိုတာ မရှိပါဘူး။ အဲဒီတော့ တရားအားထုတ်တဲ့အခါမှာလဲ အကြိမ်ကြိမ်စမ်းစစ်ခဲ့ပါတယ်။ ဒါပေမယ့် မှတ်မှတ်ရရ ပထမဆုံး ကျနော် တရားနဲ့ပါတ်သက်ပြီး ဒူးထောက်လိုက်ရတာကတော့ အဘိဓမ္မ ဓမ္မသင်္ဂဏီပါ။ အဲဒီမှာ ရုပ်ကို ခွဲခြားပြထားတဲ့ ပုံနဲ့ပါတ်သက်ပြီးတွေ့လိုက်တဲ့အခါမှာတော့ ကျနော် တရားတော်ပေါ်မှာ ဒူးထောက်သွားခဲ့ပါတယ်။ သိပ္ပံပညာရဲ့ ရုပ်နဲ့ပါတ်သက်တဲ့အစွမ်းကို အထင်ကြီးခဲ့တဲ့ ကျနော်ဟာ မြင်အပ်သောရုပ် မမြင်အပ်သောရုပ်ကစပြီး ရုပ်ကို တမျိုးကနေ ဆယ့်တစ်မျိုးထိ ခွဲပြီးပြတဲ့ အဘိဓမ္မ ဓမ္မသင်္ဂဏီကို ဖတ်ပြီးတဲ့အချိန်မှာတော့ အဆင့်အတန်းမြင့်လွန်းတယ် ဒါဟာ ဘုရားပဲ ဖြစ်ရမယ်လို့ စပြီးယုံကြည်ခဲ့ပါတယ်။ အဲဒီအချိန်က တရားအားထုတ်သက် ၄ နှစ်လောက် ဖြစ်နေပြီလို့ မှတ်မိပါတယ်။ ကျနော်ဘယ်လောက်တောင် ကန့်လန့်တိုက်သလဲ ဆိုတာကို မှန်းဆနိုင်မယ် ထင်ပါတယ်။ အဲလိုနဲ့ အတ္တဆိုတာ ရှိကိုရှိတယ် ဆိုပြီး အဲဒီအတ္တကို ဖယ်ဖို့ အမျိုးမျိုးကြိုးစား၊ အနတ္တလို့ နားလည်ရဲ့သားနဲ့ အတ္တကြီးက ရှိနေတယ်ဆိုတဲ့ အခြေအနေတွေ အမျိုးမျိုး ကြုံခဲ့ရပြီးနောက် နောက်ထပ် ၂ နှစ်ကျော်လောက် နေတဲ့အခါမှာတော့ မဂ်ကျခဲ့ပါတယ်။အဲဒီလိုမဂ်ကျပြီးချိန်မှာလဲ ကန့်လန့်တိုက်တဲ့စိတ်၊ ကိုယ်ဟာကိုယ်သေချာချင်တဲ့စိတ်က ပျောက်မသွားပါဘူး။ ကျန်တာတွေကတော့ ပြောသင့်သလောက် ပြောခဲ့ပြီးပြီ ဆိုတော့ ထားပါတော့လေ။ ကျနော် ကန့်လန့်တိုက်မိတာ ကိုယ်ထင်တာ ကိုယ်လုပ်မိတာ (ဘုရားစကားကို နားမထောင်ခဲ့တာ) တခုပေါ့လေ အဲဒါကတော့ အသေဝနာစ ဗာလနံ ဆိုတာပါပဲ။ မြတ်စွာဘုရားက လူမိုက်ကို ရှောင်ပါလို့ မင်္ဂလာသုတ်မှာ အလေးအနက်ထားပြီး ဟောထားပါတယ်။ အဲဒါဟာ အင်မတန်ကို အရေးကြီးတယ် ဆိုတာကို ကျနော် လက်မခံနိုင်ခဲ့ပါဘူး။ ကျနော့်အယူက လူမိုက်ကို အကုန်လုံးက ရှောင်မယ်ဆိုရင် လူမိုက်အတွက် အခွင့်အရေးမရှိတော့ဘူး၊ ဒါဟာ မဖြစ်သင့်ဘူး။ ဒါကြောင့် အရိယာ အနေနဲ့ လူမိုက်နဲ့ ပေါင်းသင်းခြင်းအားဖြင့် လူမိုက်ကို ပဏ္ဏိတာ နဥ္စသေဝနံ ဖြစ်အောင် လုပ်လို့ရမယ်လို့ ယူဆခဲ့မိပါတယ်။ လူမိုက်တွေကို ကယ်နိုင်မယ် ထင်ခဲ့မိတာပေါ့။ အဲလိုနဲ့ ကျနော် မဂ်ကျပြီး ရဟန်းတွေ သရဏဂုံတည်ဖို့ ဘယ်လိုလုပ်ရမလဲလို့ စဉ်းစားနေခဲ့တဲ့ အချိန် သုံးနှစ်လောက်အတွင်းမှာ လူမိုက် နှစ်ယောက်ကို မြတ်စွာဘုရားစကားကို နားမထောင်ပဲ (ကျော်လွန်ပြီး၊ အလေးအနက်ထားမလိုက်နာမိပဲ) ပေါင်းသင်းခဲ့မိပါတယ်။ ကျနော့်အနေနဲ့ အဲဒီထဲက တယောက်ကို တရားအားထုတ်ဖို့ အမျိုးမျိုးပြောပါတယ်။ တရားအားထုတ်ဖို့ အဆင်ပြေဖို့အတွက် အမေ့အိမ်ကို ပေးနေလိုက်ဖို့အတွက်ပါ ကြားထဲက အာမခံပြီး စီစဉ်ပေးခဲ့တယ်။ တရားလဲ သင့်သလို ဟောပေးခဲ့တယ်။ ဒါပေမယ့် မရပါဘူး။ ကျနော်တရားဟောတာကို နားထောင်သလိုနဲ့ပဲ သူပြောချင်တဲ့ အတင်းတွေပြော၊ ပုထုဇဉ်ကြားက ရန်ပွဲတွေအကြောင်းပြော၊ တခြားလူတွေကို စွပ်စွဲ၊ အရက်သောက် စတာတွေနဲ့ပဲ ကြုံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကိုယ်က အရိယာဖြစ်နေတော့ သူကိုယ်နဲ့ ပေါင်းခြင်းအားဖြင့် အရိယာစကားနားထောင်ဖြစ်မယ် သူနှလုံးသွင်းမှန်ရင် သူအကျိုးရှိမယ် ဆိုပြီး အမျိုးမျိုးသည်းခံခဲ့ပါတယ်။ ကျနော်လုံးဝ မကြိုက်တဲ့စကားကို ထိုင်ပြောနေတာကိုလဲ သူ့အကျိုးကို လိုလားတဲ့စိတ်နဲ့ ပေခံပြီးနားထောင်ခဲ့ပါတယ်။ အဲလိုနဲ့ နောက်ဆုံးမှာတော့ သူက ကျနော်ဟာ သူ့ကို ကျနော် အရိယာ ဖြစ်ကြောင်းထောက်ခံ ခိုင်းနေတာ ဆိုပြီး စွပ်စွဲပြီး (ကျနော်က စိတ်မဆိုးပါဘူး ရယ်ပဲရယ်ချင်ခဲ့တာပါ)၊ ကျနော်က သူ့ကို နေစရာမရှိတဲ့အချိန်မှာ နေစရာ ပေးခဲ့တာက သူအတွက် နစ်နာတယ် ဆိုပြီး ပြောပြီး လမ်းခွဲသွားပါတယ်။ အဲဒီတော့မှပဲ ကျနော်လဲ သူ့အကြောင်းခေါင်းထဲက ထုတ်ခဲ့လိုက်ပါတယ်။ ဒါပေမယ့်လည်း တချိန်မှာ သူတခြားသူတွေ အတင်း ကျနော့်ကို ထိုင်ပြောနေသလို၊ တခြားသော သီလ၊ သမာဓိ၊ ပညာရှိသူတွေကို တိုက်ခိုက်သလို ကျနော့်ကို တိုက်ခိုက်နိုင်တယ် ဆိုတာကို သိပြီး သူ့ကို အစောကြီးကတည်းက ဘလော့ခ် ထားခဲ့ပါတယ်။ နောက်တယောက်ကတော့ ကျနော်တတိယမြောက် အိမ်ထောင်ပါ။ သူလဲ ဗာလရဲ့ သဘာဝတွေ ရှိပေမယ့် မြတ်စွာဘုရားပေါ်ထားတဲ့ သူ့ရဲ့ သဒ္ဓါတရားကို ငြိပြီး သူ့အပေါ်မှာ ကောင်းကောင်းဆက်ဆံခဲ့ပါတယ်။ ကျနော်လဲ အရင်တုန်းက သူ့လိုပဲ ဆိုးခဲ့တာပဲ ဆိုပြီး အမျိုးမျိုး သည်းခံခဲ့ပါတယ်။ အဲဒီမှာ ခန္ဓီပါရမီ ဆိုတာမျိုးကတော့ အတော်ရခဲ့တယ်လို့ ပြောနိုင်ပါတယ်။ သူနဲ့ကလဲ ကျနော့်ကို အမျိုးမျိုးစော်ကားခဲ့ပြီး နောက်ဆုံး ကျနော် ဆေးရုံတက်နေတဲ့အချိန် သူနဲ့ကွဲပြီလို့ နှုတ်အားဖြင့် သဘောတူထားခဲ့ပြီးသား အချိန်မှာ နောက်ယောက်ျားတယောက်ယူပြီး ကျနော်နဲ့ ကွဲသွားခဲ့ပြီး ကိစ္စ ပြတ်သွားခဲ့ပါတယ်။ ဒါတွေကလဲ ကျနော့်အနေနဲ့ ဘာမှ လုပ်ရတာမဟုတ်ပဲ အားထုတ်ရတာမဟုတ်ပဲ အကျိုးသင့် အကြောင်းသင့်နဲ့ လူမိုက်တွေနဲ့ ဝေးကွာခွင့်ရခဲ့တာလို့ပဲ ပြောရမှာပါပဲ။ အဲဒီတော့ အနှစ်ချုပ်အနေနဲ့ ပြောချင်တာကတော့ ဒီနေ့ဒီအချိန်မှာတော့ မြတ်စွာဘုရားပြောတဲ့ အသေဝနာစ ဗာလနံ ဆိုတာဟာ ဘယ်လောက်တောင် လေးနက်သလဲ ဘယ်လောက်တောင် လိုက်နာသင့်သလဲ ဆိုတာနဲ့ပါတ်သက်ပြီး ကောင်းကောင်း လက်ခံသွားခဲ့ပါပြီ။ ကိုယ်က အရိယာဖြစ်နေရင်တောင်မှ လူမိုက်ဆိုတာ ဝေးဝေးက ရှောင်သင့်ပါတယ်။ အသေဝနာစ ဗာလနံ ဆိုတာ အင်မတန်ကိုပဲ အရေးကြီးတယ်လို့ နားလည်သွားခဲ့ပါပြီ။ အဲဒီတော့ အခုအခါမှာတော့ ဗာလလို့ ယူဆတာနဲ့ တပြိုင်နက် ကင်းအောင် နေလိုက်ပါတော့တယ်။ ကိုယ့်ဟာကိုယ် ငါအရိယာပဲ ဗာလနဲ့ပေါင်းပြီးဗာလကို ကယ်နိုင်တယ်လို့လဲ မယူဆတော့ပါဘူး။ မြတ်စွာဘုရားစကားကို လက်တွေ့ကျကျသိပြီး အလေးအနက် လိုက်နာသွားပါပြီ။ မြတ်စွာဘုရားရဲ့ စကားတလုံးတလုံးဟာ အင်မတန်ကို တန်ဖိုးကြီးပြီး အလေးအနက်နားထောင်သင့်တယ် ဆိုတဲ့ သင်ခန်းစာကို ကောင်းကောင်းကြီးရပြီး မြတ်စွာဘုရားပေါ် နောက်တခါ အရှုံးပေးလိုက်ပါတယ်။ အဲလို အမြဲတမ်း မြတ်စွာဘုရား စကားတလုံး တလုံးတိုင်းဟာ အင်မတန်လေးနက်ပြီး အရေးကြီးတာကို သဘောပေါက်သထက် ပေါက်လာမိတာကြောင့် မြတ်စွာဘုရားပေါ် အသက်နဲ့လဲပြီး ကြည်ညိုတယ် မြတ်နိုးတယ် ဘယ်ပုဂ္ဂိုလ်ထက် မဆို အလေးအမြတ်ပြုပါတယ်။ အဲလို မြတ်စွာဘုရားရဲ့ အသေဝနာစ ဗာလနံ ကို မလိုက်နာမိလို့ နောက်ဆက်တွဲကြုံရတဲ့ ပြသနာတွေကို အသေဝနာစ ဗာလနံကို လိုက်နာခြင်းအားဖြင့်ပဲ ဖြေရှင်းသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကိုယ့်ရဲ့ ကန့်လန့်တိုက်တတ်တဲ့ ဝါသနာ ကတော့ ပျောက်သွားမယ် မထင်ပေမယ့် မြတ်စွာဘုရားပေါ် ကန့်လန့်တိုက်ဖို့တော့ မဖြစ်နိုင်လောက်တော့ပါဘူး။မိတ်ဆွေများကိုလဲ အသေဝနာစ ဗာလနံ ဆိုတာကို အမြဲလိုက်နာပြီး အဲလိုလိုက်နာခြင်းအားဖြင့် ကုသိုလ်များတိုးပွားစေချင်းဆိုတဲ့ (မင်္ဂလာ) အကျိုးကို ခံစားရပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်။ ကျေးဇူးတင်ပါတယ်။


Leave a Reply