“သစ္စာ” ဆိုတာ အမှန်တရားပါ။ အဲဒီအထဲမှာမှ ဘယ်တော့မှ မဖောက်ပြန်၊ ဘယ်တော့မှ မမှားယွင်းတဲ့ အလွန်လေးနက်တဲ့ အကြွင်းမဲ့ အမှန်တရားကိုမှ “သစ္စာထိုက်တဲ့ အမှန်တရား (အရိယသစ္စာ)” လို့ ခေါ်ပါတယ်။ မြတ်စွာဘုရားရှင် ဓမ္မစကြာ တရားဦးမှာ ဟောကြားတော်မူခဲ့တဲ့ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာ၊ နိရောဓသစ္စာ ဆိုတဲ့ သစ္စာလေးပါးကို ဗုဒ္ဓဘာသာဝင် တော်တော်များများ ကြားဖူး သိထားကြမှာပါ။ဒါပေမယ့် “ဒုက္ခသစ္စာဆိုတာ ဘာလဲ” လို့ မေးရင်၊ “ဖြစ်ပြီး ပျက်နေတာက ဒုက္ခသစ္စာပေါ့” လို့ နှုတ်ကနေ အလွယ်တကူ ဖြေလိုက်ကြမှာပါပဲ။ တကယ်တမ်း ခန္ဓာဉာဏ်ရောက် နင့်နင့်နဲနဲ ပိုင်ပိုင်နိုင်နိုင် သဘောပေါက်ဖို့ဆိုတာ အလွန် ခဲယဉ်းလှပါတယ်။ ကျနော့်အတွက်တော့ ဒီ ‘ဒုက္ခသစ္စာ’ အစစ်အမှန်ကြီးကို ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်း သိမြင်ဖို့ ၄ နှစ်ကျော် အချိန်ယူခဲ့ရပါတယ်။ဖြစ်ပျက်တွေကို ရှုမှတ်နေပေမယ့်၊ ကိုယ့်ရဲ့ အတ္တစရိုက်က ကြီးမားနေတော့ ဒုက္ခသစ္စာကို ချက်ချင်း တန်းမြင်နိုင်တဲ့ ဉာဏ်ရည်ဉာဏ်သွေးမျိုး အစပိုင်းမှာ မရှိခဲ့ပါဘူး။ ရှေ့မှာ ရေးခဲ့တဲ့ ‘အရိပ်ပြပွဲ’ နဲ့ ‘သင်္ခါရမှ အနတ္တကို သိမ်းဆည်းခြင်း’ ဆိုတဲ့ ဆောင်းပါး နှစ်ပုဒ်မှာ ပြောခဲ့သလို၊ ရုပ်တရားကိုပါ သင်္ခါရ (အကြောင်းကြောင့်ဖြစ်သော အကျိုးတရား) အဖြစ် ပိုင်ပိုင်နိုင်နိုင် မြင်ပြီး၊ အရာရာဟာ သူ့သဘောသူ ဆောင်နေတဲ့ “အနတ္တ” အဖြစ် ဉာဏ်ရှင်းလာတဲ့ အခါကျမှသာလျှင်၊ ဒီ “ဒုက္ခသစ္စာ” ဆိုတာကြီးဟာ မျက်စိရှေ့မှာ ပြူးပြူးကြီး ပေါ်လာပါတော့တယ်။ချစ်ဇနီး (သို့မဟုတ်) ရုပ်ဖျက်ထားသော ဘီလူးမကျနော် တရားအားထုတ်နေတဲ့ အခြေအနေကို သိနေတဲ့ အရိယာ သူတော်စင် ဘဘတစ်ယောက်က အင်မတန် မှတ်သားစရာကောင်းတဲ့ ဥပမာလေး တစ်ခု ပေးဖူးပါတယ်။”မင်း အလွန်ချစ်လို့ ယူထားတဲ့ မိန်းမဟာ နေရောင်ထဲမှာ အရိပ် မထွက်တာတွေ၊ ဒေါသထွက်ရင် မျက်ထောင့်နီလာတာတွေကို ကြည့်ပြီး ‘သူဟာ ဘီလူးမ ဖြစ်ရမယ်’ လို့ ဉာဏ်နဲ့ မှန်းဆ သိနေပြီပေါ့ကွာ။ ဒါပေမယ့် မင်းက သူ့ကို ဘီလူးမရဲ့ ဇာတိရုပ်အစစ်နဲ့ မမြင်ဖူးသေးတော့၊ အပေါ်ယံ အလှအပလေးကို ကြည့်ပြီး ချစ်စရာ၊ ခင်စရာကောင်းတယ်လို့ ထင်နေတုန်းပဲ။ အဲဒါကြောင့် မင်း သူ့ကို မမုန်းနိုင်သေးဘူး၊ မစွန့်ခွာနိုင်သေးဘူးတဲ့။ တကယ်လို့များ တစ်နေ့နေ့မှာ အစွယ်တငေါငေါ၊ သွေးသံရဲရဲနဲ့ ဘီလူးမရဲ့ ဇာတိရုပ်အစစ်ကြီး ပေါ်လာတဲ့ အခါကျမှသာ မင်း သူ့ကို စွန့်ပစ်ချင်စိတ် အမှန်တကယ် ပေါ်လာမှာပါ” တဲ့။ဒီစကားဟာ ဝိပဿနာ ရှုနေသူတွေအတွက် သိပ်ကို မှန်ကန်လှပါတယ်။ ကျနော်တို့ တရားအားထုတ်ကြတယ်။ ခန္ဓာရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ သဘောတွေကို ဉာဏ်နဲ့ တွေ့နေရတယ်။ “ငါ၊ သူ၊ ပုဂ္ဂိုလ်၊ သတ္တဝါ မဟုတ်ဘူး၊ ကိုယ့်အလို ကိုယ့်အကြိုက် ဘာမှ မရှိဘူး” လို့ အနတ္တ သဘောကိုလည်း နားလည်နေပြီ။ ဒါပေမယ့် “ငါ” ဆိုတဲ့ အစွဲလေး၊ ဒိဋ္ဌိ သံယောဇဉ် အမျှင်တန်းလေး တစ်ခု ကပ်နေသရွေ့တော့ ဘယ်လောက်ပဲ တရားသိသိ ခန္ဓာကို မစွန့်လွှတ်နိုင်သေးပါဘူး။ အစားအသောက် ကောင်းကောင်းလေးတွေ စားချင်သေးတယ်၊ လက်ဖက်ရည်ဆိုင်လေး ထိုင်ချင်သေးတယ်၊ လောကီ စည်းစိမ်လေးတွေ ခံစားချင်သေးတယ်။ ဘဘပြောသလိုပဲ၊ ဘီလူးမမှန်း ဉာဏ်နဲ့ သိနေပေမယ့်، အပေါ်ယံ အချောအလှလေးလို့ ထင်ပြီး ဒီဘီလူးမ (ခန္ဓာ) နား ကပ်ပြီး ပြုစုယုယ ချင်နေတုန်းပါပဲ။ဘီလူးမ၏ ဇာတိရုပ် ပေါ်လာခြင်း (ဒုက္ခသစ္စာကို မြင်ခြင်း)ဒီလိုနဲ့ တရားဆက်လက် အားထုတ်ရင်း၊ “အနတ္တ” (သူ့သဘောသူ ဆောင်နေမှု) ကို အကြိမ်ကြိမ် ဆင်ခြင် ရှုပွားနေရင်းကနေ၊ “ငါ” ဆိုတဲ့ သံယောဇဉ် (အတ္တစွဲ) လေး တစ်ချက် ပြုတ်ထွက်သွားတဲ့ အချိန်မှာပဲ- ဘီလူးမရဲ့ အလွန် ကြောက်မက်ဖွယ်ကောင်းတဲ့ ပင်ကိုယ် ဇာတိရုပ်ကြီးကို ရုတ်တရက် မြင်တွေ့လိုက်ရပါတော့တယ်။ အဲဒါကတော့ “ဒုက္ခသစ္စာ” အစစ်အမှန်ကြီးပါပဲ။ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ- “ရုပ်” ဆိုတာကလည်း အပုပ်နံ့ထွက်နေတဲ့ အသုဘကောင်ကြီး သက်သက်၊ “နာမ်” ဆိုတာကလည်း တစ်စက္ကန့်မှာ ကုဋေတစ်သိန်းမက ဖြစ်ပြီး ပျက်နေတဲ့ အဆက်မပြတ် နှိပ်စက်နေတဲ့ ဆင်းရဲမှုကြီး သက်သက်။ ဒီ “ခန္ဓာငါးပါး” ကြီးနဲ့ ဘယ်လိုမှ ရှေ့ဆက်လို့ မဖြစ်တော့ပါဘူး။ “အင်မတန် ကြောက်စရာ ကောင်းတဲ့ အဖြစ်ဆိုးကြီးပါလား” ဆိုပြီး ထိတ်လန့် တုန်လှုပ်သွားပါတော့တယ်။ အဲဒီအချိန်တုန်းက ၅ မိနစ်လောက် အဲဒီ ထိတ်လန့်တဲ့စိတ်နဲ့ ဆက်ရှုနေရင်း ရင်ညွန့်မှာ တဒိတ်ဒိတ်နဲ့ လှုပ်လာပါတယ်။ ရုပ်တရားကို သင်္ခါရအဖြစ် အပြည့်အဝ မသိမ်းဆည်းရသေးတဲ့အတွက်၊ အနတ္တ အမြင်ကနေ လွတ်သွားပြီး “ငါ” ဆိုတဲ့ သဘောလေး နည်းနည်း ပြန်ဝင်လာတာနဲ့တင်၊ တရားက ရှေ့ဆက်မတက်တော့ဘဲ ဖြုတ်ချလိုက်ရပါတယ်။ ဒါပေမယ့် အဲဒီအချိန်တိုလေး အတွင်းမှာပဲ “ဒီလို ဒုက္ခတွေ ဖြစ်ရတာ လိုချင်တပ်မက်မှု (သမုဒယ) ကြောင့်ပါလား” ဆိုတာကိုပါ ပိုင်ပိုင်နိုင်နိုင် သိလိုက်ရပါတယ်။ ဒါပေမယ့် လိုအပ်ချက်လေးတွေ ရှိနေသေးတယ်လို့ပဲ ဆိုရမှာပေါ့။ပရမတ်သက်သက် (သို့မဟုတ်) သစ္စာနှစ်ပါး လည်ပတ်နေမှုဒီနောက်ပိုင်းမှာတော့ ရုပ်ကိုပါ ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့က အဆက်မပြတ် ပြုပြင်ပေးနေတဲ့ “သင်္ခါရတရား” အဖြစ် ပိုင်ပိုင်နိုင်နိုင် ရှုနိုင်သွားတဲ့အတွက် “သင်္ခါရမှ အနတ္တကို သိမ်းဆည်းခြင်း” အဆင့်ဟာ ပြည့်စုံသွားပါပြီ။လိုချင်မှု (သမုဒယ) ဆိုတာဟာ ဒုက္ခကိုသာ ဖန်တီးပေးတာ ဖြစ်လို့ “နိဗ္ဗာန်ကိုတောင် လိုချင်တယ်” ဆိုတဲ့ သဘောမျိုး မရှိတော့ပါဘူး။ အခု မျက်မှောက် တွေ့နေရတဲ့ “ဒုက္ခသစ္စာကြီး” ကိုသာ သေချာ သိအောင် ဆက်ကြည့်ရမယ်လို့ နားလည်သွားပါတယ်။ဒီ ဒုက္ခသစ္စာကို ပိုင်ပိုင်နိုင်နိုင် မြင်ဖို့ဆိုရင်-၁။ အနတ္တကို အဆုံးတိုင် မြင်ရပါမယ်။ ရုပ်၊ နာမ်၊ သင်္ခါရ၊ နိဗ္ဗာန် အားလုံးဟာ “ကိုယ်” ဆိုတာ လုံးဝ မရှိဘဲ သူ့သဘောသူ ဆောင်နေတဲ့ တရားတွေ သက်သက်သာ ဖြစ်တယ်၊ လောကကြီးမှာ ဖြစ်ပျက်နေသမျှ အားလုံးဟာ ‘တဏှာ၊ မာန၊ ဒိဋ္ဌိ’ တို့က သံသရာကို ချဲ့ထွင်နေတာ သက်သက်သာ ဖြစ်တယ်လို့ သိပြီး အားလုံးကို လွှတ်ချထားနိုင်ရပါမယ်။၂။ အနိစ္စကို အဆုံးတိုင် မြင်ရပါမယ်။ သင်္ခါရတရား အားလုံးဟာ တစ်စက်ကလေးမှ မမြဲဘဲ အစားထိုး ပျက်စီးနေတာ၊ အရှုခံကော အရှုဉာဏ်ပါ တစ်စုံပြီးတစ်စုံ အဆက်မပြတ် ပျက်စီးနေတာကို မြင်ရပါမယ်။၃။ အနိစ္စ ဘက်ကကြည့်ကြည့်၊ အနတ္တ ဘက်ကကြည့်ကြည့် သင်္ခါရ မှန်သမျှဟာ ဒုက္ခသက်သက်ပဲ လို့ မြင်ထားရပါမယ်။ ရုပ်တရားပေါ်မှာလည်း “အသုဘ (မတင့်တယ်၊ ရွံရှာဖွယ်ရာ)” ဆိုတဲ့ အသိ ခိုင်ခိုင်မာမာ ရှိထားရပါမယ်။အဲဒီလို ပရမတ်ဉာဏ် ဆိုက်သွားပြီဆိုရင် ဘာသာစကား ပညတ်ချက်တွေ အားလုံးကို ဖယ်ရှားလိုက်ပါ။ မျက်စိရှေ့မှာ ကျန်ခဲ့မှာက- အချည်းနှီး သက်သက် အဆက်မပြတ် ဖြစ်ပျက်နေတဲ့ “ဒုက္ခသစ္စာ” (ခန္ဓာငါးပါး) နဲ့ အဲဒီဒုက္ခကို ဖန်တီးပေးနေတဲ့ “သမုဒယသစ္စာ” (တဏှာ) ဆိုတဲ့ ပရမတ်တရား သက်သက်ပါပဲ။အပါယ်လေးဘုံသည် မိမိအိမ်ခန္ဓာငါးပါးဆိုတာ ဘာမှ လုပ်နေတာ မရှိဘဲ၊ သူ့သဘောသူ ဆောင်ပြီး အဆက်မပြတ် ဖြစ်ပျက် နှိပ်စက်နေတဲ့ စက်ဆုပ်စရာ အသုံးမကျတဲ့ ဒုက္ခကြီး အစစ်အမှန်ပါ။ ဒီလို ကိုယ့်ကို အချိန်ပြည့် ကိုက်စား နှိပ်စက်နေတဲ့ ‘ဘီလူးမ’ ကြီးနဲ့ အတူနေရတာဟာ အင်မတန် ကြီးမားတဲ့ ဒုက္ခကြီးပါ။အရာအားလုံးဟာ “အနတ္တ” မှန်း သိနေပြီ ဖြစ်တဲ့အတွက်၊ ကုသိုလ်တွေ လုပ်ပြီး နောင်ဘဝ ကောင်းစားဖို့ ရှာဖွေနေတာတွေကလည်း အနတ္တ (ဖြစ်ပျက်) တွေပဲမို့၊ ဒီမှာတင် လမ်းဆုံးနေပါပြီ။ ခန္ဓာငါးပါး ရှိနေသရွေ့ အဆိုးရွားဆုံး ဆင်းရဲဒုက္ခတွေကို ကြုံတွေ့ရမှာ အသေအချာပါပဲ။မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသလို၊ သုဂတိ (လူ့ပြည်၊ နတ်ပြည်) ဆိုတာ အယောင်ပြသလောက်၊ ခဏတဖြုတ် အလည်အပတ် သွားရုံ သက်သက်ပါ။ဒိဋ္ဌိ (အစွဲ) တွေနဲ့ ချစ်လိုက်၊ မုန်းလိုက်၊ ရန်ငြိုးဖွဲ့လိုက်နဲ့ ငရဲ ကျလိုက်။မောဟ အမှောင်ဖုံးပြီး တိရစ္ဆာန် ဖြစ်လိုက်။”ငါ၊ ငါ့ဟာ” ဆိုတဲ့ လောဘအစွဲတွေနဲ့ ပြိတ္တာ ဖြစ်လိုက်။ဒီခန္ဓာငါးပါး ဒုက္ခကြီး ရှိနေသရွေ့တော့ ကျနော်တို့ရဲ့ အိမ်၊ ကျနော်တို့ရဲ့ ဌာနေ အစစ်အမှန်ဟာ အပါယ်လေးဘုံ သာ ဖြစ်နေမှာပါ။ ဒီထက် ကြီးမားတဲ့ ဒုက္ခဆိုးကြီး မရှိတော့ပါဘူး။ဒါကြောင့် ဒီခန္ဓာငါးပါး (ဒုက္ခသစ္စာ နဲ့ သမုဒယသစ္စာ) ကို တွယ်တာနေတာတွေကို စွန့်လွှတ်ပြီး၊ သာသနာနဲ့ ကြုံကြိုက်ခိုက်မှာ မဂ္ဂသစ္စာ (မဂ္ဂင်ရှစ်ပါး) အကျင့်မြတ်ကို ဆရာကောင်းသမားကောင်း ထံမှ နည်းခံကာ မဆုတ်မနစ် ကြိုးစားအားထုတ်တော်မူကြပါလို့ အလေးအနက် တိုက်တွန်း နိဂုံးချုပ်လိုက်ရပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *