မြတ်စွာဘုရားရဲ့ သာသနာတော်မှာ အစီအစဉ်အရ မြတ်စွာဘုရား၊ အဂ္ဂသာဝက၊ မဟာာဝက၊ ပကတိ သာဝက၊ အရိယာ သာဝက ဆိုပြီး ရှိပါတယ်။ မြတ်စွာဘုရား ဆိုတာကတော့ ကိုယ်တော်တိုင် သိမြင်သူ ဖြစ်ပါတယ်။ မြတ်စွာဘုရား အပါအဝင် အဂ္ဂသာဝက နဲ့ မဟာသာဝက တို့ကို ဆုကြီးပန် ခဲ့သူများ လို့ပြောနိုင်ပါတယ်။ ဒီလို ဆုကြီးပန်သူများ အတွက် ပါရမီ ဆိုတာ ဖြည့်ကျင့်ဖို့ လိုပါတယ်။
ပါရမီ ဆိုတာဟာ ကို အဓိပ္ပါယ် ဖွင့်ဆိုချက် အနေနဲ့ ပါရမီ (သင်္သကရိုက်: Pāramitā) သည် မြင့်မြတ်သူတို့၏ လုပ်ငန်း (သို့) အထပ်ထပ်ဆည်းပူးထားသော အလေ့အကျင့် ဟူ၍ အနက်ရရှိသည်။ ဤ၌ “မြင့်မြတ်သောသူ” ဆိုသည်မှာ မိမိအကျိုးအတွက် ပဓာနမထား၊ အများအကျိုးအတွက် နှင့် သံသရာမှလွတ်မြောက်စေရန် လုပ်ဆောင်ကြသောသူများကို ဆိုလိုသည်။ မိမိအကျိုးအတွက် လောကကို အသုံးချသူများမဟုတ်ဘဲ လောကအကျိုးအတွက် မိမိကိုယ်ကို အသုံးချသူများဖြစ်ကြသည်။
အဲဒီတော့ ကျနော်တို့ အနေနဲ့ အခုအချိန်မှာ တရားအားထုတ်သူများကတော့ တရားရသွားတဲ့ အခါမှာ အရိယာ သာဝက ဆိုတဲ့ စာရင်းထဲ ဝင်သွားမှာ ဖြစ်ပါတယ်။ အဲလို အရိယာ သာဝက များအတွက်ကတော့ ပါရမီ ဆိုတာ မလိုအပ်ပါဘူး။ (တကယ်လို့ လိုအပ်တယ် ပြောချင်ရင်တော့ ပါရမီ ဆယ်ပါး အပြားသုံးဆယ်မှာ ဘယ်ပါရမီကို ဘယ်နှစ်ဘဝ ဖြည့်ကျင့်ရမယ် ဆိုတာကို ကျမ်းကိုးနဲ့ ပြပါ)။ အဲဒီတော့ ကျနော် အယူ အရ သိမှု အရတော့ အရိယာ သာဝက အတွက် ပါရမီ မလိုပါဘူး။ တနည်းအားဖြင့် ပြောရရင်လဲ လူဘဝ ရောက်လာတယ်၊ တိဟိတ် ဖြစ်တယ် ဆိုရင် အရိယာ သာဝက ဖြစ်ဖို့ လိုအပ်ချက်တွေ ပြည့်စုံနေပြီ ဖြစ်ပါတယ်။ အထက်ပါ ပါရမီ ဆိုတဲ့ ဖွင့်ဆိုချက်ကို ကြည့်လိုက်ရင်လဲ ကျနော်တို့ ဆိုတာသည် အများအကျိုးဆိုတာကို နောက်မှာ ထားပြီး ကိုယ့် အကျိုး ဖြစ်တဲ့ မဂ် ဉာဏ် ဖိုလ်ဉာဏ် ရဖို့ ကိုသာ ဦးတည် အားထုတ် ရမယ့်သူများ ဖြစ်ပါတယ်။ အဲဒီ အတွက် ပါရမီလေးတော့ ဖြည့်ဦးမှ ဆိုတာမျိုး မလုပ်ပါနဲ့။ ကိုယ့်ဟာကိုယ် ဆုကြီးပန် မှန်း ကျိန်းသေ သူများကတော့ လုပ်သင့်တာ လုပ်ကြပါ ဘာမှ ပြောစရာ မရှိပါဘူး။
အရိယာ သာဝက များအတွက်တော့ ဆုကြီးပန် ဆိုတာသည် တရားအားထုတ်ရာမှာ နောက်ဆုံး ကြုံရတဲ့ အနှောက်အယှက် တစ်ခုပဲ ဖြစ်ပါတယ်။ တရားအားထုတ်လို့ မဂ် အတွက် နီးစပ်လာတဲ့ အခါမှာ စိတ်နှလုံး တွေဟာ အကောင်းဖက်ကို ဦးတည်ပြီး မေတ္တာ စိတ်၊ ဂရုဏာ စိတ်တွေ ဖြစ်လာ ပါတယ်။ ကိုယ်အားထုတ်တဲ့ တရားရဲ့ အကျိုးကျေးဇူးတွေကိုလဲ မြင်လာတော့ လူအများကိုလဲ အဲဒီ အကျိုးကျေးဇူးတွေ ရစေချင်လာပါတယ်။ ပုထုဇဉ်အနွယ်က မလွတ်သေးတဲ့အတွက် အမြင်မမှန်နိုင်သေးပဲ ကိုယ်တယောက်တည်း မလွတ်ချင်ဘူး လူအများကို အရင် လွတ်စေချင်တယ် ဆိုတာမျိုးတွေ ဖြစ်လာတဲ့ အခါမှာ ဆုကြီးပန်ရင်ပဲ ကောင်းနိုးနိုး ဆိုတဲ့ စိတ်တွေဟာ ဖြစ်လာတတ်ပါတယ်။
ဒါဟာ တကယ်တော့ တရားအတွက် အနှောက်အယှက် တမျိုးပါပဲ။ ဒါကို ကျော်လွန်နိုင်မှ သာလျှင်လည်း မဂ်ဖိုလ် ကို ရနိုင်မှာ ဖြစ်ပါတယ်။ ပုထုဇဉ်တွေ အနေနဲ့ အဆိုးဆုံးကတော့ တယောက်ယောက် တရားရသွား တဲ့ အခါမှာ ပါရမီ ဆိုတဲ့ တံဆိပ် ကပ်လိုက်တာမျိုးပါ။ ဒါကတော့ အဆိုးဆုံးပါပဲ ဘာကြောင့်လဲ ဆိုတော့ ကိုယ်တရား အားထုတ်တဲ့ အခါမှာ ထားရတဲ့ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသာ ဆိုတဲ့ အဓိပတိ တရားတွေ အားနည်း နေမှုကို သေချာစွာ မသုံးသပ်မိပဲ တရားရတယ် ဆိုတာ ပါရမီ ပါမှ၊ ကိုယ်ကတော့ ပါရမီ မပြည့်သေးဘူး ဆိုတဲ့ အယူလွဲနဲ့ပဲ လုပ်ထားသမျှ အလကား ဖြစ်စေလို့ပါပဲ။
အဲဒီတော့ အနှစ်ချုပ်ပြောချင်တာကတော့ တရားအားထုတ်တဲ့ အခါ ပါရမီကို လွှဲမချပါနဲ့၊ ပါရမီ ကိစ္စကို စိတ်ထဲမှာကို ထားမနေပါနဲ့။ အရိယာ သာဝက အတွက် ပါရမီ မလို ဆိုတာကို သာ သေချာစွာ နှလုံးသွင်းထားပါ။ ကျနော် ပြောနေကြအတိုင်းပါပဲ။ တရားရဖို့ လိုအပ်ချက် နှစ်ခု ဖြစ်တဲ့ အရိယာ တရားနာခြင်းနဲ့ နှလုံးသွင်းမှန်မှု ဆိုတဲ့ နှစ်ခုမှာ ကျနော့်ဖက်က အရိယာတရား ဖတ်နိုင်အောင် စာရေးပေးနေပါတယ်။ တချက် ပြည့်စုံနေပါပြီ၊ မိတ်ဆွေတို့ဖက်က ကျနော်ရေးတဲ့ စာတွေကို မှန်မမှန် စမ်းစစ်ပြီး မှန်တာကို မှန်တယ် လို့ သေချာစွာ နှလုံးသွင်းမယ် ဆိုရင်တော့ ဒီဘဝ တင် ကိစ္စပြီးနိုင်ပါတယ်။ ကျနော့်အမြင်အရတော့ လူတိုင်း ရနိုင်တယ်လို့ သေချာ စွာယုံကြည်တဲ့အတွက် လုံ့လ စိုက်ပြီး စာရေးနေတာပါ။ မိတ်ဆွေမျာ ကြိုးစားတော်မူကြပါ။ ကျေးဇူး တင်ပါတယ်။

Leave a Reply