ရှေ့မှာ ဖြစ်ပျက်မြင်မှု အကြောင်းကို ရောက်တဲ့အထိ ရေးခဲ့ပြီးပါပြီ။ ဒါဆိုရင်တော့ မိတ်ဆွေ အနေနဲ့ ဒေါသစိတ် ဖြစ်တဲ့အချိန်မှာ ဒေါသစိတ်ကလေးရဲ့ ဖြစ်မှု ပျက်မှုကို သတိထား အာရုံစိုက်ပြီး၊ ဖြစ်သည် ပျက်သည် အမှန်ဖြစ်ကြောင်း ဆင်ခြင်ဖို့ နဲ့ ဖြစ်မှု ပျက်မှု တကယ်ဖြစ်ကြောင်း ဆုံးဖြတ်ချက် ချဖို့ အတွက် ကြိုးစားမှု ပြီးနေပါပြီ။ ဒါကိုပဲ ထပ်ခါ ထပ်ခါ လုပ်ပါ။ ဒေါသစိတ်ကို သတိထားမိပြီ ဆိုရင် ဖြစ်မှု ပျက်မှုကို ရှုနိုင်ပြီ ဆိုရင် လောဘစိတ် ကို ပါ ဖြစ်မှု ပျက်မှု ကိုပါ ဆက်ရှုပါ၊ လောဘစိတ်ကိုပါ ပိုင်နိုင်စွာ သိလာပြီ ဆိုရင်တော့ တခါ တလေမှာ ငါရှုမှတ်နေတယ်၊ ဒီစိတ်ကမြဲတယ် ဆိုပြီး ဖြစ်တတ်တာကို သတိထားပြီး မောဟစိတ် ရဲ့ ဖြစ်ပျက် မှုကိုပါ ဆက်ရှုပါ။ လောဘရော ဒေါသရော မောဟ ကိုပါ ရှုနိုင်ပြီဆိုရင်တော့ မိတ်ဆွေ အတော် ခရီးရောက်လာပါပြီ။ ထပ်ပြီးရှုရမှာကတော့ မြင်စိတ် (မြင်မှုသည် အလင်းက အရာဝတ္ထုကိုရိုက်ပြီး မျက်လုံးကို လာထိတယ် ဒီအချိန်မှာ မြင်မှုတခါဖြစ်တယ်၊ အလင်းထပ်တိုက်တယ် မြင်မှုတခါဖြစ်တယ် ဆိုပြီး သီအိုရီအရ မြင်မှုတွေသည် ဖြစ်ပျက်နေတာလို့ နှလုံးသွင်းရှုမှတ်တာက မြင်စိတ်ကိုရှုတာပါပဲ။ မြင်မှုကတော့ တဆက်တစပ်တည်းဖြစ်နေတယ်လို့ပဲ ထင်နေမှာပါ။ ဒီအပိုင်းကို နောက်ဆုံးမှု ရှုစေချင်ပါတယ်။) ကြားစိတ် အသံကြားတဲ့အခါမှာ ကြားစိတ် လေးတွေ တပိုင်းပြီး တပိုင်းဖြစ်နေတယ်လို့ရှုရမှာပါ။ ဘာအသံကြားတယ် ပျက်သွားတယ်လို့မရှုရပါဘူး။ ဒါဆိုရင် ပညတ်ကို ရှုသလိုဖြစ်နေပါလိမ့်မယ်။ ရှုရမှာကတော့ ကြားစိတ် ဆိုတဲ့ နာမ်တရားဖြစ်ပျက်ကို ရှုရမှာပါ။ အနံ နံစိတ်၊ သူလဲ တူတူပါပဲ အနံ နံစိတ်လေးတွေက အပိုင်းပိုင်း ဖြစ်ပြီးပျက် နေတယ်လို့ နှလုံးသွင်းပြီးရှုရမှာပါ။ အရသာသိစိတ်လဲ ဒီလိုပါပဲ။ သုခခံစားစိတ်၊ ဒုက္ခ ခံစားစိတ်တွေကိုလဲ ခံစားစိတ်သေးသေးလေးတွေ အများကြီး ဖြစ်ပျက်နေတယ်လို့ ရှုရမှာပါ။ ကြံတွေးစိတ်ကတော့ သတိထားမိလိုက်တဲ့အချိန်မှာ ဘာမှ ပြန်မစဉ်းစားပဲ ကြံတွေးစိတ် ဖြစ်ပျက် ဖြစ်သွားတယ်လို့ ရှုရမှာပါ။
ကျနော် စာရေးတဲ့အခါမှာ တပုဒ်ပြီး၊ တပုဒ်ရေးရတာမို့ မြန်နေမှာ ဖြစ်ပေမယ့် မိတ်ဆွေအတွက်တော့ အလုပ်က မနည်းပါဘူး။ မိတ်ဆွေ အတွက် ဒီလိုမျိုး အဖြစ်ကို မြင်အောင်ကြည့်တာ၊ အဲဒီကမှ အပျက်ကိုပါ မြင်အောင် ကြည့်တာသည် လနဲ့ချီ လုပ်ရမယ့် ကိစ္စဖြစ်ပါတယ်။ တရားအားထုတ်တဲ့ နေရာမှာ ဉာဏ်ထက်ရင် ခုနှစ်ရက်၊ ဉာဏ်အလယ်အလတ်ဆို ခုနှစ်လ၊ ဉာဏ်ထူလွန်းရင် ခုနှစ်နှစ် ဆိုတဲ့နေရာမှာ ကျနော့် စာဖတ်သူမိတ်ဆွေများကို ခုနှစ်လ လောက် မှန်းချေထားပြီး လုပ်စေချင်ပါတယ်။ အလုပ်များလွန်းလို့ တရားရှုမှတ်ချိန် မပေးနိုင်ရင်တော့ နှစ်နဲ့ ချီကြာမယ်လို့ မျှော်လင့်ထားပါ။ (စကားစပ်လို့ ပြောရရင် ဝိပဿနာကို အလွယ်လေးနဲ့ တထိုင်တည်းနဲ့၊ ရက်ပိုင်းမျှနဲ့ သောတာပန် ဖြစ်ပြီလို့ ဆုံးဖြတ်ပေးသူများကို ရှောင်စေချင်ပါတယ်။ ဝိပဿနာ အလုပ်ဟာ မလွယ်ပါဘူး။ မြတ်စွာဘုရား ပွင့်လို့သာ ဒီစကားတွေ ဖတ်ရ ကြားရ အားထုတ်ရ လုပ်နိုင်ကြတာပါ။ လွယ်လွယ်လေး ရမယ်လို့ မထင်ထားပါနဲ့။ တကယ် တန်ဖိုးရှိတဲ့ အရာဟာ အမြဲ ခက်ခဲတတ်ပါတယ်။ လွယ်လွန်းနေရင် ချက်ကျောက်ကြီးပဲ ဖြစ်ဖို့ များပါတယ်။)
ဖြစ်ပျက်မြင်တာကိုပဲ ထပ်ခါ ထပ်ခါ ရှုလေလေ မိတ်ဆွေအတွက် အကျိုးများလေလေ ပါပဲ။ ဒါကို တန်ဖိုးထားစေချင်ပါတယ်။ အဖြစ်ကို မြင်လာမယ်၊ အပျက်ကိုပါ မြင်လာမယ် ဆိုရင်တော့ မိတ်ဆွေရဲ့ တရားခရီး စပါမယ်။ သီလတွေလဲ ပိုပြီး စောင့်ထိန်းချင်စိတ်တွေပါ ပေါက်လာပါလိမ့်မယ်။ ဒါဟာ တရားရဲ့ အကာလိကော ဆိုတဲ့ အချိန်မလင့် အကျိုးပေးတယ် ဆိုတဲ့ ဂုဏ်ပါပဲ။ သီလတွေ စောင့်နိုင်လာမယ် စောင့်နိုင်သလောက် စောင့်လာမယ် ဆို ကျေနပ်စရာပါ။ သီလကို ထိပ်အထိ တင်စရာ မလိုပါဘူး။ သွားရင်းလာရင်းနဲ့ ဖြစ်ပျက် ရှုနေသလို မျိုး ထိုင်ပြီး ရှုဖို့အတွက် စတင်ရတော့မယ့် အချိန်ပါပဲ။ ပထမ စာကနေ အခုရေးမယ့် စာအထိ ကြိုးစားရမယ့် ကြားကာလဟာ လနဲ့ ချီကြာမယ် ဆိုတာလဲ မမေ့ပါနဲ့။ ဒီစာကို အားတဲ့အချိန်တိုင်း ပြန်ဖတ်ပါ။ ကိုယ် ဘယ်နေရာ ရောက်ပြီလဲ ဆိုတာကို သတိထားပါ။ အချိန်ပေးနိုင်သလောက် ပေးပါ။
ဒီအပိုင်းမှာတော့ တရားအတွက် အချိန်သီးသန့်ပေးပြီး အားထုတ်တဲ့ ဆီကို ရောက်ပါပြီ။ ထိုင်ပြီးတော့ပဲ ဖြစ်စေ၊ လှဲလျောင်းပြီးပဲ ဖြစ်စေ ရှုနိုင်ပါတယ်။ တချို့သော ရောဂါ ဝေဒနာ ရှိသူတွေက ထိုင်ဖို့အတွက် အဆင်မပြေပါဘူး။ ဒီလို ကိစ္စမျိုးမှာတော့ တရားအတွက် သွားရင်း လာရင်း ရှုမှတ်နေမှု အပြင် အချိန် တနာရီ သို့မဟုတ် နာရီဝက် ခန့်ပေးပြီး အားထုတ်ဖို့ ကြိုးစားသင့်ပါပြီ။ ဖြစ်ပျက်ကိုလဲ သွားရင်းလာရင်း မြင်နေပြီလို့ ယူဆထားပါတယ်။ တရားကလဲ ကိုယ့်ကိုဆောင်နေတဲ့ အခြေအနေကို ဆက်ပါမယ်။ ဒီလို အချိန်ပေးပြီး အားထုတ်ပြီ ဆိုတဲ့ အခါမှာတော့ လောဘစိတ်ကလဲ အမြဲဖြစ်မနေ၊ ဒေါသစိတ်ကလဲ အမြဲ ဖြစ်မနေ၊ မောဟ စိတ်ကလဲ အမြဲ ဖြစ်မနေတာကို သဘောပေါက်လာပါလိမ့်မယ်။ ဒီလို အချိန်ဆိုရင်တော့ ကျန်တဲ့စိတ်တွေကို ရှုမှတ်ရတော့ မှာပါ။
တရားအားထုတ်ဖို့အတွက် ထိုင်၍ ဖြစ်စေ၊ လှဲလျောင်း၍ ဖြစ်စေ အချိန်ပေးပြီ ဆိုတဲ့အခါမှာတော့ သူများတွေပြောသလို ခန္ဓာကိုယ် ဘုရားလှူတာတို့ အဓိဌာန်တာတို့ စတာတွေကို ကျနော်ကတော့ မလုပ်စေချင်ပါဘူး။ တရားအားထုတ်တယ် ဆိုတာ ဉာဏ်အလုပ်ပါ။ ခန္ဓာလှူလိုက်တာနဲ့ တရားရမသွားပါဘူး။ အဲလိုပဲ အဓိဌာန်ရုံနဲ့လဲ တရားရမသွားပါဘူး။ မဂ္ဂင်ငါးပါး ပြည့်နေမှသာ တရားရမှာ ဖြစ်ပါတယ်။ မဂ္ဂင်ငါးပါး ဆိုတာကတော့ ရှေ့မှာ ပြောခဲ့တဲ့ အတိုင်း စိတ်ပေါ်မှာ အာရုံစိုက် သတိထား ဆင်ခြင်ဖို့ ကြိုးစားမယ်၊ (အနိစ္စလို့) အမှန်မြင်မယ် အမှန်ဆုံးဖြတ်မယ် ပြည့်စုံနေဖို့သာ လိုရင်းပါ။
ဒီလို အားထုတ်တဲ့အခါမှာ ပြောခဲ့တဲ့အတိုင်း စိတ်တွေဟာ တခါတလေ ရှုစရာ မရှိ ငြိမ်နေပါလိမ့်မယ်။ ဘာကို ရှုရမှန်း မသိဘူးဆိုတာတွေ ဖြစ်လာပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ တရားအားထုတ်မယ် လို့ ကိုယ်ဆုံးဖြတ်တဲ့ အချိန်က ကိုယ့်အတွက် အနားရတဲ့ အချိန်ဖြစ်နေလို့ပါပဲ။ ဒီအချိန်မှာ အနားမယူလိုက်ပါနဲ့ အာရုံ အရမ်းစိုက်လွန်းရင်လဲ စိတ်ဟာ ပျံလွင့်ပြီး ဘာမှ မထူးပဲ အချိန်ကုန်သွားတာမျိုး ဖြစ်တတ်ပါတယ်။ အာရုံစိုက်လို့ ကောင်းလွန်းရင်လဲ အိပ်ပျော်သလိုလို ဖြစ်သွားတတ်ပါတယ်။ အထူးသဖြင့် လှဲလျောင်းပြီး ရှုမှတ်သူတွေမှာ အိပ်ပျော်သွားတတ်ပါတယ်။ ဒီလို လူမျိုးအတွက်က ကျနော် ကျင့်သုံးခဲ့တဲ့ နည်းကို ပြောပြချင်ပါတယ်။ အဲဒါကတော့ ပက်လက် လှဲနေမယ် ဆိုရင် ငါအိပ်မပျော်အောင် ထိန်းမယ် ဆိုပြီး ကျင့်ယူပါ။ ကျင့်ယူရင် ရပါတယ်။ ဘေးစောင်းတဲ့အချိန်မှပဲ အိပ်မယ် လို့ သဘောထားလိုက်ပါ။ ဒါဆိုရင် အားထုတ်ဖို့ အဆင်သင့် ဖြစ်ပါပြီ။ ဒေါသလဲ မဖြစ်၊ လောဘလဲ မဖြစ်တဲ့အချိန်မှာ ဘာတွေ ဖြစ်နေလဲ စဉ်းစားကြည့်ပါ။ အသံကြားစိတ်တွေ ဖြစ်နေမယ်၊ မျက်လုံးက မှိတ်ထားတဲ့အတွက် မြင်စိတ်ကတော့ မဖြစ်ဘူးပေါ့၊ လေတိုက်လို့ ဖြစ်စေ၊ ထိုင်တဲ့အပေါ်မှာ မခံသာလို့ဖြစ်စေ အထိအတွေ့ပေါ် သာယာစိတ် ဖြစ်နေမယ်၊ အထိအတွေ့ပေါ်မှာ မလိုလားစိတ် ဖြစ်နေမယ် အစရှိသဖြင့် ဖြစ်နေတတ်ပါတယ်။ ဒီနေရာမှာလဲ ထပ်ပြောချင်တာက မခံသာတဲ့ ဝေဒနာ (ထိုင်တာ အဆင်မပြေလို့ဖြစ်စေ၊ လှဲတာ အဆင်မပြေလို့ ဖြစ်စေ) ဖြစ်နေတယ် ဆိုရင် ကြိတ်ခံဖို့ ရှုဖို့ မကြိုးစား စေချင်ပါဘူး။ ဒါမျိုးကို ရှုမှတ်ရတာ မလွယ်လှပါဘူး။ ရှုမှတ်သား အင်မတန်ကျလာတဲ့ အချိန်မှသာ ရှုနိုင်တာမို့ပါ။ အဲဒီတော့ ဘာကို ရှုမလဲ ဆိုတော ကြားစိတ်ကလေးတွေ ဖြစ်ပြီး ပျက်နေတာကို သတိထားပြီး ရှုပါ။ ကြားစိတ်ကလေး တခုဖြစ်တယ်၊ ထုံးစံအတိုင်း သတိထားလိုက်ပါ။ အာရုံစိုက်လိုက်ပါ။ ကြားစိတ်ကလေးဟာ ဖြစ်လာတာပဲ။ အာရုံစိုက် သတိထားလိုက်တာနဲ့ သတိထားတဲ့ စိတ်ဖြစ်ပြီး ကြားစိတ်ကလေး ပျက်သွားတာပဲ အစရှိသဖြင့် ကြိုးစားပြီး ဆင်ခြင် ဆုံးဖြတ်ပေးနေလိုက်ပါ။ (သမာဓိ အနေနဲ့ကတော့ အာရုံစိုက် သတိထားလိုက်တိုင်း ခဏိက သမာဓိ ခေါ်တဲ့ ခဏတာ ဖြစ်တဲ့ စိတ်တည်ကြည်မှုလေးတွေ ဖြစ်နေမှာပါ။ ဒါကို လျော့ပြီး မတွက်စေလိုပါ။ ခဏိက သမာဓိဟာ တခုပြီး တခု ဖြစ်လေလေ သမာဓိ အားကောင်းလာလေလေပါ။ နောက်ပိုင်းမှာ ကိုယ်တောင် သတိမထားမိပဲ ကိုယ့်ရဲ့ စိတ်တည်ကြည်မှု သမာဓိက မယုံနိုင်အောင် ကောင်းနေကြောင်း သိလာပါလိမ့်မယ်) လိုအပ်တာကတော့ များများရှုမှတ်မှု ပြုပေးနေဖို့ပါ။ ဒီလို ထိုင်လျက် လျောင်းလျက် ရှုနေပြီဆိုတဲ့ အချိန်မှာလဲ သွားရင်း လာရင်း စားရင်းသောက်ရင်း ရှုတာတွေကို မရပ်ပါနဲ့။ စားတဲ့အခါမှာ အရသာသိစိတ်ကလေးကို သတိထားလိုက်ပါ။ အရသာ သိစိတ်လေး (ချို၊ ချဉ်၊ စပ်၊ ငန်၊ ခါး) စိတ်ဟာလဲ သတိထားတာနဲ့ ဖြစ်ပြီးပျက်နေတယ် ဆိုတာကို သဘောပေါက်လာတဲ့အထိ အကျင့်လုပ်ပေးပါ။ အသံကြားတဲ့ စိတ်တွေကလဲ ဖြစ်ပြီးပျက်နေတာပဲ (တဆက်တည်းမဟုတ်ဘူး) ဆိုတာကို သတိထားပေးပါ။
တရားက အင်မတန် အသိခက်ပြီး သိမ်မွေ့ပါတယ်။ ကြားစိတ်ကလေးတွေက တဆက်တည်း ဖြစ်နေတယ်လို့ပဲ ဆုံးဖြတ်မိနေမှာပါ။ ဒါကို တဖြည်းဖြည်းနဲ့ ဆင်ခြင်မှုနဲ့ အသံထွက်တဲ့ ဆီမှာလဲ အသံလှိုင်းဟာ ဖြစ်ပြီးပျက်နေတယ်။ အသံကြားမှုကလဲ ဖြစ်ပြီး ပျက်နေတယ် ဆိုတာကို မမေ့ပါနဲ့။ သတိ ဟာ ပိုသည် မရှိတဲ့အတွက် သတိကို တတ်နိုင်သလောက် ထားပါ။ အနံ နံစိတ်ကလေးတွေကလဲ ဖြစ်ပြီးပျက်တယ် ဆိုတာကို သတိထားပါ။ အနံလေးတခုရတယ် သတိထားလိုက်တယ်၊ သတိထားလိုက်တဲ့အချိန်မှာပဲ သူ့ရှေ့က အနံ နံစိတ်ကလေးဟာ သိမ်မွေ့စွာ အသိရခက်စွာ ဖြစ်ပြီး ပျက်သွားတယ် ဆိုတာကို ဆင်ခြင်ပါ။ နောက်ပိုင်းမှာ ဆင်ခြင်မှုနဲ့ လက်တွေ ဆက်စပ်လာပါလိမ့်မယ်။ ထိုင်တဲ့အခါ လှဲတဲ့အခါမှာ ထင်ရှားရာ အာရုံကို ရှုပါ။ အဆင်း၊ အသံ၊ အနံ၊ အရသာ၊ အထိအတွေ့၊ ကြံတွေးစရာ ဆိုတာဟာ အချိန်တိုင်း ရှိနေတာပါပဲ။ အဲဒီပေါ်ကနေ ဖြစ်တဲ့ လောဘစိတ်၊ ဒေါသစိတ်၊ တွေဝေစိတ်၊ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ အရသာသိစိတ်၊ ယား နာ ကောင်း စိတ်၊ ကြံတွေးစိတ်တွေ ဆိုတာဟာလဲ အချိန်တိုင်း ဖြစ်ပျက်နေတယ် ဆိုတာကို ရှုနိုင်သလောက် ရှုနေဖို့ လိုအပ်ပါတယ်။ ဒါတွေ ဘာမှ မရှိဘူးဆိုရင် ကိုယ့်ရဲ့ သမာဓိကလဲ အားတွေ ကောင်းနေပြီ ဆိုရင် သတိကလဲ လုံလောက်နေပြီ ဆိုရင် ဝင်လေ ရှုချင်စိတ်၊ ထွက်လေ ထုတ်ချင်စိတ် တွေကိုပါ ထပ်ရှုပါ။
ဒီအပိုင်းရောက်ပြီဆိုရင်တော့ မိတ်ဆွေ မအားတော့ပါဘူး။ အချိန်တိုင်းမှာ စိတ်တွေဟာ ဖြစ်ပြီး ပျက်နေတယ် ဆိုတာကို မြင်နေရပါပြီ။ ဒီအပိုင်းကိုလဲ လ နဲ့ချီ လုပ်ရမယ် လို့ စိတ်ဆုံးဖြတ်ထားပါ။ ဝိပဿနာဟာ အချိန်ပေးပြီး ကြိုးစားအပ်တဲ့ အရာပါ။ မိတ်ဆွေ တခါတလေမှာ ရှုမှတ်မှု ကောင်းနေရာကနေ ဘာဖြစ်ပျက်မှ မတွေ့တော့ဘူး ဆိုတာမျိုး၊ ပီတိတွေ ဖြစ်လာတယ်၊ ကျေနပ်မှုတွေ ဖြစ်လာတယ် စသဖြင့် အမျိုးမျိုး ပြောင်းတာတွေကို ဒီအပိုင်းမှာ ကြုံရပါလိမ့်မယ်။ အထူးသဖြင့် ဖြစ်ပျက် ရှုမှတ်မှု ကြာလေလေ ဒါမျိုး စိတ်တွေ ကြုံရလေလေပါပဲ။ သို့လော သို့လော ဝေခွဲမရ ဖြစ်တာတွေလဲ ကြုံရပါမယ်။ ပီတိဖြစ်လဲ သတိထားပြီး ပီတိရဲ့ ဖြစ်ပျက်မှုကို ရှုပါ။ ကျေနပ်မှု ဖြစ်လဲ ကျေနပ်မှုရဲ့ ဖြစ်ပျက်ကို ရှုပါ။ တွေဝေမှု ဖြစ်လဲ တွေဝေမှုရဲ့ ဖြစ်မှု ပျက်မှုကို ရှုပါ။ (အကယ်၍ ရှုနိုင်ပါက) ဝင်လေရှုချင်စိတ်၊ ထွက်လေ ထုတ်ချင်စိတ်ကိုလဲ ရှုပါ။ ဒီအပိုင်းမှာလဲ လနဲ့ချီအားထုတ်မှ ခရီးရောက်တာပါ။ အနည်းဆုံး ၂ လလောက်တော့ ဒီအပိုင်းမှာ ကြိုးစားရပါမယ်။
ပြန်ချုပ်တဲ့အနေနဲ့ အချိန်အပိုင်းအခြားကို ပြောရရင် (ဖြစ်ပျက် မြင်ရန် အားထုတ်ခြင်း) ကို ၂လ မှ ၃လ အတွင်းလုပ်ရမှာ ဖြစ်ပြီး (ဉာဏ်ထက်လွန်း အားစိုက်လွန်းရင်တော့ တလအတွင် ဖြစ်ပျက် မြင်လာပါမယ်)။ ယခုစာ အချိန်သီးသန့်ပေး၍ ဖြစ်ပျက်ရှုမှတ်ခြင်း ကိုတော့ ၁လ မှ ၃ လအတွင်း လုပ်ရမှာ ဖြစ်ပါတယ်။ ဒီအပိုင်းကို ဘယ်အထိ လုပ်ရမလဲ ဆိုရင်တော့ အချိန်ပေးမှု များလာပြီး အပျက်တွေချည်းသာ စပြီး သဘောပေါက်တဲ့အထိ လုပ်ရမှာ ဖြစ်ပါတယ်။
ဒီမှာတင်ပဲ ခဏ ရပ်ထားပါ့မယ် နောက်တပိုင်းမှာတော့ သိပ်ကို ရှုလို့ကောင်းတဲ့ ဘင်္ဂဉာဏ် (အပျက်ချည်းသာ မြင်သောဉာဏ်) ဆီကို ရောက်မှာ ဖြစ်ပါတယ်။ အဲဒီအပိုင်းကတော့ တန်းသွားလို့ရတာမျိုးမဟုတ် ယခုအပိုင်းကို ရှုမှတ်ပါ များလာ၍ တက်သွားမယ့် ဉာဏ်စဉ်ပဲ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Leave a Reply