– သောတာပန် ဖြစ်သူကို ပါရမီရှင်ဟု တံဆိပ်ကပ်လိုက်ခြင်း

တရားအားထုတ်နေသူ တရားအားထုတ်လိုသူတို့က ပထမ မဂ်ကျသော သောတာပန် ကို ပါရမီရှင် စသဖြင့် တံဆိပ် ကပ်လိုက်တဲ့အခါမှာ ကိုယ့်စိတ်အားနည်းသွားသလို ဖြစ်အောင် လုပ်မယ် ဆိုတဲ့ စိတ် လျော့သွားနိုင်ပါ တယ်။ တကယ်တော့ သောတာပန် ဆိုတာ ပါရမီ နဲ့ ဘာမှ မဆိုင်ပါဘူး။ ဘာပါရမီမှလဲ ဖြည့်ထားသူ မဟုတ်ပါဘူး။ တခြားသူအတွက် မပြောနိုင်ရင်တောင်မှ ကျနော့်အတွက်ကတော့ သေချာပါတယ်။ ဘာပါရမီ မှ မပါပါဘူး။ အရေးကြီးတာက တကြောင်းတည်းသော စိတ် ဆိုတာပါပဲ။ သောတာပန် ဖြစ်ဖို့ကြိုးစားတဲ့ အလုပ်မှ မဟုတ်ပါဘူး ဘာအလုပ်မဆို တကြောင်းတည်းသောစိတ် နဲ့ကြိုးစားရင် အောင်မြင်တာပါပဲ။ ကျနော် ဆိုရင် ငယ်စဉ်ကတည်းက ပုရွတ်ဆိတ် စတဲ့ အကောင်တွေကို သတ်လိုက်တာမှ နည်းနည်းနောနော မဟုတ်ပါဘူး။ ဘာငါးပါးသီလ မှလဲ မလုံပါဘူး။ တရားအားထုတ်တဲ့ အခါမှာလဲ စဉ်းစားတတ်တယ် ဆိုတာတခုတည်းနဲ့ပဲ ကြိုးစား လာခဲ့ရတာပါ။ သူလို ကိုယ်လို လူပါပဲ။ နောက်တချက်က မြတ်စွာဘုရား လက်ထက်မှာ သာဝတ္ထိ မြို့မှာ ဆိုရင် သောတာပန်တွေ အများကြီး ရှိပါတယ်။ အကုန်လုံးဟာလဲ ပါရမီရှင်တွေ မဟုတ်ကြပါဘူး။ တရားနာခြင်း နှလုံးသွင်းမှန်ခြင်း စတာနဲ့ပဲ မဂ်ဖိုလ် တွေရကုန်ကြတာပါ။ အဲဒါကြောင့် လိုအပ်တဲ့ အကြောင်းတစ်ခု ဖြစ်တဲ့ အရိယာ တရားနာရခြင်းက မိတ်ဆွေတို့အတွက် ပြည့်စုံနေပြီမို့ မိတ်ဆွေတို့ ဖက်က ကြိုးစား အားထုတ်မှုသာ လိုအပ်ပါတယ်။

– တရားလမ်းကြောင်းကို ဉာဏ်မရှင်းခြင်း

တရားအားထုတ်တဲ့ သူတွေမှာ ပုံစံအမျိုးမျိုး ရှိပါတယ်။ အများကြီးကြိုမသိချင်ပဲ တရားအားထုတ်ရင်း တရားက ဆောင်သွားတဲ့အတိုင်း လိုက်ချင်သူတွေ ရှိပါတယ်။ ဥပမာ မဟာစည် နည်းလိုမျိုးပါ။ တချို့ကတော့ အဲလိုမျိုး မဟုတ်ပါဘူး။ လမ်းခရီး အပြည့်အစုံကို မသိထားရင် ရှေ့မဆက်ချင်တဲ့ သူတွေ ရှိပါတယ်။ အဲလိုလူတွေ အတွက်ကတော့ ကျနော် ရေးခဲ့တဲ့ ဉာဏ်စဉ် ၁၆ ပါး အကြောင်းစာ၊ ဝိပဿနာ လိုတိုရှင်း၊ အခြေခံ ဝိပဿနာ အားထုတ်ခြင်း၊ မြတ်စွာဘုရားအလိုကျ ဝိပဿနာ အားထုတ်ခြင်း စတဲ့ စာတွေကို ဖတ်စေချင်ပါတယ်။ ကြိုးစားရမယ့် အဆင့်တိုင်းအတွက် ရေးထားတာ ဖြစ်ပါတယ်။

– တရားကို အလွယ် လိုက်ချင်ခြင်း

ဒီပြသနာကတော့ နားပူမခံနိုင်ဘူး ကျောပူပဲ ခံမယ် ဆိုတဲ့စိတ်နဲ့ ဘယ်နှစ်နာရီ ပေထိုင်လိုက်ရင် တရားရတယ် ဆိုတာမျိုး တွေးတဲ့သူတွေရော၊ တရားဟောတာကို နားလည်လိုက်ရင်ပဲ တရားရပြီလို့ တွေးတဲ့သူတွေရော၊ ကိလေသာ အမြဲမရှိတာကို သိတာနဲ့ ရဟန္တာဖြစ်ပြီ ထင်တဲ့သူတွေရာ အကြုံးဝင်ပါတယ်။ ခုနှစ်ရက်စခန်း၊ ဆယ်ရက်စခန်း ဆိုတာမျိုးနဲ့ တရားရဖို့ဆိုတာမျိုး မဖြစ်နိုင်ဘူးလို့သာ အသေအချာမှတ်ပါ။ တကယ်တရားအားထုတ်မယ်၊ နည်းလမ်းပေးတဲ့ဆရာလဲ သေသေချာချာ ရှိတယ် ဆိုရင်တောင် အနည်းဆုံး ၆ လ ကနေ ၁ နှစ်အတွင်းလောက်ထိ ကြာနိုင်ပါတယ်။ လမ်းခရီးမှာလဲ သိစရာတွေ တကယ်သိသွားဖို့ အများကြီး လိုပါတယ်။ အနိစ္စ၊ ဒုက္ခ နဲ့ အနတ္တကို ခြေခြေမြစ်မြစ် သေသေချာချာ မသိပဲ ခန္ဓာငါးပါးကို သေချာ နားမလည်ပဲ တရားရဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ခုခေတ်မှာ တရားအမှားတွေက များလွန်းတာဖြစ်တဲ့အတွက် ဒါတွေကို တည့်မတ်ပေးဖို့အတွက်ပါ အချိန်ပိုပြီး လိုပါတယ်။ ဒီနေရာမှာ ဒီစာအုပ်ကို ဖတ်နေသူတွေ ကိုယ်တိုင်လဲ ဒီစာအုပ်ကို လေးလေးစားစားဖတ်ပြီး သေသေချာချာ လိုက်လုပ်မယ် ဆိုရင်တောင် တရားရဖို့ သိပ်မလွယ်ကူလှပါဘူး။ ဘာကြောင့်လဲဆိုတော့ စာဖတ်သူ စိတ်ထဲမှာ ရှိတဲ့ တခြားသော တရားအမှားတွေက နိဗ္ဗာန်မရောက်နိုင်အောင် မဂ်ဖိုလ် မကျနိုင်အောင် တားထားဦးမှာ ဖြစ်တာကြောင့်ပါ။ တကယ်လို့ သောတာပန် ဖြစ်ကိုဖြစ်စေရမယ် ဖြစ်ကို ဖြစ်အောင် လုပ်မယ်လို့ ဆုံးဖြတ်ချက် အတိအကျ ချထားရင်တော့ စာရေးသူကိုလဲ အရိယာ အဖြစ်ယုံကြည်တယ် ဆိုရင်တော့ တရားအားထုတ်တဲ့အလုပ်အတွက် ကလျာဏမိတ္တကောင်းအဖြစ် ရှိပေးဖို့ စာရေးသူက တာဝန်ယူပေးချင်ပါတယ်။ စာဖတ်သူ (တရားအားထုတ်သူ) ဖက်ကတော့ ရိုးသားဖို့နဲ့ ပြောတဲ့အတိုင်း လေးလေးစားစား အားထုတ်ဖို့လိုပါတယ်။ ဒီလိုမျိုး ကိစ္စရှိခဲ့ရင်တော့ စာရေးသူ ရဲ့ ဖုန်းနံပါတ် 09795520513 ကို ဆက်သွယ်နိုင်ပါတယ်။ တကယ်တော့ မဂ်ဖိုလ် ဆိုတာမျိုးက ကိုယ်ကိုယ်တိုင် စစ်ဆေးကြည့်နိုင်တဲ့ ကိစ္စပါ။ ဖိုလ် ဆိုတာကို ကိုယ်ဘယ်လို နားလည်လဲ ဘာလဲ ဆိုတာကို သေချာ ဖြေနိုင်မှသာ မဂ်တကယ်ကျတယ်လို့ ပြောရမှာပါ။ တကယ် မဂ် အစစ်ဆိုရင် မဂ်နောက်က ဖိုလ် လိုက်ပါတယ်။ ဖိုလ်ကို မသိသေးဘူး ဆိုရင်တော့ မဂ်မကျသေးဘူး ဆိုတာသေချာပါတယ်။

အဲဒီတော့ အနှစ်ချုပ်ပြောရရင်တော့ အလွယ်မလိုက်ပါနဲ့၊ သောတာပန်ဆိုတာနဲ့ သူတော်စင်ကြီးလို အထင်မကြီး ပါနဲ့ (ဝိပဿနာနဲ့ ပါတ်သက်တဲ့ ဉာဏ်မှာသာ သောတာပန်က ကျွမ်းကျင်ပေမယ့် အပါယ်မကျစေတဲ့ အကုသိုလ် အသေးလေးတွေကိုတော့ ကျူးလွန်တတ်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟကိုလဲ မပါယ်ရသေးပါဘူး။ ပုထုဇဉ်မှန်သမျှက အရူးဆိုသလို အရူးဘဝကနေ ဆေးသောက်ပြီး ပျောက်သွားတဲ့ သဘောမျိုးသာ ရှိပါတယ်။ သူတပါးပေါ် ပျက်စီးစေလိုတဲ့ စိတ်လုံးဝ မရှိတော့တာမို့ သူတော်ကောင်းလို့ ပြောနိုင်ပေမယ့် သူတော်စင်တော့ မဟုတ်ပါဘူး။ ဒါကို သေသေချာချာ သဘောပေါက်ဖို့ လိုပါတယ်။) နောက်တချက်က ပါရမီရှင်လို့ တံဆိပ် မကပ် ပါနဲ့။ ဆန္ဒ၊ စိတ္တ၊ ဝီရိယ၊ ဝီမံသာ တို့ကို အဓိပတိထား အားထုတ်ခဲ့တဲ့ သူဆိုတဲ့ သဘောပဲ ရှိပါတယ်။

တရားအားထုတ်တာနဲ့ ပါတ်သက်ပြီး လမ်းကြောင်း မရှင်းရင်တော့ ကျနော့် စာတွေ ဖတ်ပါ။ တတ်နိုင်တဲ့ သူများကိုတော့ ကျနော့် စာအုပ် အစုံလိုက် ဝယ်ပြီး ဖတ်စေချင်ပါတယ်။ အခုဆိုရင် တရားရဖို့ လုံလောက်တဲ့ အထိ စာတွေ ရေးခဲ့ပြီးပါပြီ။

အလွယ်လမ်းကို လိုက်တဲ့ ကိစ္စကတော့ တယောက်စီရဲ့ ကိစ္စပါ။ သောတာပန်ကနေ အဆင့်ဆင့် တက်တဲ့ အခါမှာ ကိလေသာ တကယ်ကုန်သွားသလား ဆိုတာ အရေးကြီးပါတယ်။ သူများကို ညာလို့ရပေမယ့် ကိုယ့်ဟာကိုယ် ညာလို့ မရပါဘူး။ သောတာပန်က လူတွေ တိရိစ္ဆာန်တွေလို့ မမြင်တော့ပဲ ရုပ်နာမ် တွေလို့ပဲ မြင်ပါတယ်။ ရုပ်နာမ် ဟာလဲ အတ္တမဟုတ်ကြောင်း အနတ္တသာ ဖြစ်ကြောင်းလဲ ကောင်းကောင်း နားရှင်းပြီး ပုဂ္ဂိုလ် သတ္တဝါ ဆိတ်သုဉ်း ခြင်းဆိုတဲ့ သုညတ ကိုလဲ သဘောပေါက်ထားသူတွေ ဖြစ်ပါတယ်။ ခန္ဓာနှစ်စုံ ဆိုတာလဲ မဟုတ်ပါဘူး။ အဲလောက် လွယ်လွယ်လေးနဲ့တော့လဲ မဂ် မကျနိုင်ပါဘူး။ မဂ်ကျဖို့ အတွက်က ဗိုလ် ငါးဗိုလ် ဆိုက်ဖို့ လိုပါတယ်။ သဒ္ဓါဗိုလ်၊ ပညာဗိုလ်၊ ဝီရိယဗိုလ်၊ သမာဓိဗိုလ် နဲ့ သတိဗိုလ်ပါ။ အဲဒီ အခြေအနေကို တကယ်ရောက်သလား အနတ္တ နဲ့ အနိစ္စကို တကယ်ပဲ ခန္ဓာသိ သိပြီလား ဆိုတာ အရေးကြီးပါတယ်။ ဉာဏ်စဉ်ကနေ လွတ်ပြီး တရား ရသွားတယ် ဆိုတာမျိုးလဲ အခုထိတော့ မတွေ့ဖူးသေးပါဘူး။ အဲဒီတော့ ကိုယ့်ဟာကိုယ် ဖိုလ် ဆိုတာ ဘာလဲ လို့ ပြန်မေးပြီး နားမလည်သေးဘူး မမြင်သေးဘူး ဆိုရင် မဟုတ်သေးဘူးလို့ ဆုံးဖြတ်ချက် ချပါ။

ဒါတွေ ရှောင်နိုင်မယ် ဆိုရင်တော့ သောတာပန် ဖြစ်ရေးဟာ မခက်ပါဘူး။ လူတိုင်း ဖြစ်နိုင်ပါတယ်။ သာသနာ အတွက် သောတာပန် အင်အား အများကြီး လိုတာမို့ ကြိုးစားတော် မူကြပါလို့ တိုက်တွန်းပါရစေ။ ကျေးဇူး တင်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *